Latest News

Thursday, January 4, 2018

မြန်မာ့ဒီမိုကရေစီဒေါက်တိုင်ကြီးများ ပြိုလဲကုန်ပြီလားတဲ့


( ကိုတာရဲ့ နှစ်သစ်အတွက် ဒီမိုကရေစီခရီး အနီးအဝေး သုံးသပ်ချက် )
In no way should the struggle for democracy be
reduced to arithmetic electionism,
and in no way would one scoff at elections free and fair.
ဒီမိုကရေစီကို ဂဏန်းတွက်တွက်တဲ့ ရွေးကောက်ပွဲပဲလို့ မယူ သင့်ဘူး။ သို့သော် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကိုလည်း အထင်အမြင်မသေးသင့်ဘူး။
စံတော်ချိန်သတင်းစာ (၂၃၊ ၁၂၊ ၂၀၁၇) မှာ မြန်မာ့ဒီမိုကရေစီရဲ့ အဓိကဒေါက်တိုင်များ ပြိုလဲကုန်ပြီလားလို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီချုပ်ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်၊ တမ္ပဒီပအင်စတီကျူ့ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းနဲ့ စာရေးဆရာ ကျော်ဝင်းတို့ ဆွေးနွေးပွဲလုပ်တဲ့အကြောင်း ပါလာတယ်။
ဆွေးနွေးတဲ့သူတွေက ဆရာကြီးတွေပဲ။
မုံရွာအောင်ရှင်က၊ မြန်မာ့ဒီမိုကရေစီနဲ့ပတ်သက်တဲ့ အဓိက
ဒေါက်တိုင်တွေ ပြိုလဲကုန်ပြီလားဆိုရင် သူတဦးချင်းအရတော့ မပြိုလဲသေးပါဘူးတဲ့။
ဘာကြောင့် မပြိုလဲသေးဆိုရင် နိုင်ငံရေးပါတီတခု သို့မဟုတ်
နိုင်ငံရေးပါတီက ဦးဆောင်သည့် အစိုးရမှာ ခိုင်မာတဲ့ ပြည်သူလူထုရဲ့ထောက်ခံမှု ရှိနေလို့တဲ့။
ပြည်သူများက အစိုးရနဲ့ပါတီအပေါ် အပြင်းအထန် ဝေဖန်ပြစ်တင်သောလုပ်ရပ်များ မပေါ်သေးသရွေ့ အစိုးရနှင့် ပါတီသည် မကျဆုံး။
ဒါကြောင့် အဓိကဒေါက်တိုင်များ ပြိုလဲနေပြီဆိုခြင်း
ကို သူက လက်မခံတဲ့။
ဒါပေတဲ့ တမ္ပဒီပအင်စတီကျူ့ဒါရိုက်တာ ဒေါက်တာခင်ဇော်
ဝင်းကတော့၊ လက်ခံသတဲ့။
လက်ရှိအစိုးရဟာ လူထုက ရွေးချယ်တင်မြှောက်ထားသော အစိုးရ။
တပ်မတော်အစိုးရလက်ထက်တွင် မီဒီယာများ ဖမ်းဆီး တရားစွဲဆိုခံရခြင်းကို မပြောလို။
လက်ရှိအစိုးရက မီဒီယာများအား ဖမ်းဆီးခြင်း၊ တိုင်းရင်းသားအချင်းချင်းအကြား၊ အရပ်ဘက်နှင့် စစ်ဘက်အကြား ယုံကြည်မှုဟာလည်း ၂၀၁၀ ထက်ပင် ကျဆင်းနေလို့ လက်ခံသတဲ့။
စာရေးဆရာကျော်ဝင်းကတော့၊ နိုင်ငံတကာစံနှုန်းကိုပြော
တယ်။
နိုင်ငံတကာမှာ ဒီမိုကရေစီဒေါက်တိုင်တွေကို အချက် ခြောက်ချက်နဲ့ တိုင်းတယ်။
မြန်မာကိုလည်း အဆိုပါအချက်တွေနဲ့ တိုင်းရမယ်။
အဲဒီအချက်တွေကတော့
(၁) စီပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေ
(၂) သယံဇာတကျိန်စာသင့်မှုအခြေအနေ
(၃) လူမျိုးစုကွဲပြားမှုအခြေအနေ
(၄) လွတ်လပ်ရေးရရှိမှုအခြေအနေ
(၅) လွတ်လပ်စွာပြောဆိုရေးသားခွင့်အခြေအနေ
(၆) စာတတ်မြောက်မှုအခြေအနေတဲ့။
ဒီခြောက်ချက်ကိုကြည့်ရမယ်။
ဒီခြောက်ချက်က အခြေအနေမကောင်းတော့ဘူးဆိုရင် ပြိုစပြုပြီ။
တော်တော်ဆိုးပြီဆိုရင် ပြိုပြီလို့ ပြောလို့ရတယ်
လို့ ဆက်လက်ပြောတယ်လို့ ဆိုတယ်။
***
ကိုရင်တာဟာ အရှေ့ဘက်တောင်ကုန်းတွေဆီ ခရီးထွက်သွားတာကြောင့် ဆွေးနွေးပွဲကို မတက်လိုက်ရဘူး။ သတင်းစာကပဲ ဖတ်ရတယ်။
ဖတ်လိုက်ရတာမှာတော့ ဆရာကြီးတဦးနဲ့ နောက်ဆရာကြီးနှစ်ဦးရဲ့ဒီမိုကရေစီဆိုတာအပေါ် အမြင်ဟာ သိပ်မတူဘူးပဲ။
ဒီမိုကရေစီဆိုတာကိုပထမဆရာကြီး မုံရွာအောင်ရှင်က လူထုလက်ခံမှုနဲ့ တိုင်းတယ်။
ကျန်ဆရာကြီးများက တခြားအချက်အလက်များ ထည့်တိုင်းတယ်။
လူထုထောက်ခံလို့ ရွေးကောက်ပွဲနိုင်လို့ အစိုးရဖြစ်တာက
ဟုတ်ပါပြီ။
သို့သော် ဒီမိုကရေစီရဲ့ အနှစ်သာရများမှာက နောက်ထပ်
အနှစ်သာရများလည်း ရှိသေးတယ်။
လူထုထောက်ခံ၊ ရွေးကောက်ပွဲနိုင်ပြီးအစိုးရဖြစ်တာက၊
ဒီမိုကရေစီ၏ အနှစ်သာရနံပါတ်တစ်
အုပ်ချုပ်ခံတို့၏ ဆန္ဒနှင့်အညီ အုပ်ချုပ်ခြင်း (Rule by the Consent of the Ruled)ပဲ ရှိသေးတယ်။
ဒီမိုကရေစီမှာ အနှစ်သာရ နှစ်နဲ့ သုံးလို့ ရှိသေးတယ်။
အနှစ်သာရ နှစ်က ပဋိပက္ခများကို အကြမ်းမဲ့ အနိုင်အထက်
မလုပ်ဘဲ ဖြေရှင်းခြင်း (Non–violent Conflict Resolution)။
အနှစ်သာရ သုံးက အခြေခံလူ့အခွင့်အရေး လူ့ရပိုင်ခွင့်များ ရခြင်း ( Basic Human Right)၊ အခြေခံလူ့လိုအပ်ချက်များ ရခြင်း (Basic Human Needs)။
ဒါတွေရှိဖို့လိုတယ်။ ရှင်းပြပါရစေ။
***
(၁) အချက်က ရှင်းပြဖို့ မလိုလှဘူး။
သို့သော် နည်းနည်းရှင်းပြပါရစေ။
အုပ်ချုပ်ခံဟာ demos လို့ခေါ်တဲ “ပြည်သူအပေါင်း”
(Citizens လို့ခေါ်တဲ့ နိုင်ငံသားအားလုံး) ဖြစ်ပါတယ်။
ethnos လို့ခေါ်တဲ့ လူမျိုးတခုခု မဟုတ်ဘူး။
ပြည်သူအပေါင်းဟာ ၅ နှစ်ကြာမှ တကြိမ်မဲပေးခွင့် ရတယ်။ ၈–၁၂ နာရီ အချိန်ရတယ်။
ကျန်တဲ့အချိန်တွေမှာတော့ ဆုံးဖြတ်ချက်မှန်သမျှ ရွေးကောက်ခံအစိုးရက လုပ်တယ်။
ဒါကြောင့်
ဒီမိုကရေစီမှာ သီအိုရီအရ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံကြားမှာ အတုံ့အပြန်ရှိရတယ်။
ဒီမိုကရေစီဟာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံကြားက အတုံ့အပြန်
ရှိတဲ့ကွင်း (Feedback loop) ပဲ။
အတုံ့အပြန်ကြိုးကွင်း ကောင်းမှ
ဒီမိုကရေစီကောင်းကောင်း ရှိတယ်။
အော်တိုကရေစီ (တဦးတယောက်ရဲ့အုပ်ချုပ်ခြင်း) ကတော့ တလမ်းသွားပဲ။
အုပ်ချုပ်ခံတွေမှ အုပ်ချုပ်သူထံ အတုံ့အပြန်ရယ်လို့ မရှိဘူး။
(ဒေါက်တာခင်ဇော်ဝင်းက ဒီအချက်ကို သတိထားတယ်ရယ်လို့ ထင်တယ်။
မီဒီယာနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ
ဟာ အတုံ့အပြန်ပြုတဲ့ ကွင်းတွေကိုး။
သူတို့ကိုနှိမ်ရင် ကွင်းပြတ်တာပဲ။)
အုပ်ချုပ်ပိုင်ခွင့် (Legitimacy) ဟာ တာဝန်ခံမှု (Accountability) နဲ့လဲမှ ရတဲ့အရာသာဖြစ်တယ်။
***
ဒီမိုကရေစီရဲ့ အနှစ်သာရ နောက်တခုက ပဋိပက္ခများကို
အကြမ်းမဲ့ အနိုင်အထက်မလုပ်ဘဲ ဖြေရှင်းခြင်းပဲ။
ပဋိပက္ခဆိုတာက ရည်ရွယ်တာတွေ မတူလို့ မလိုက်လျောနိုင်တာ။ အဲသလိုဆိုရင် ဘယ်လို
လုပ်မလဲ။
ဒီမိုကရေစီမှာတော့ အားလုံးလက်ခံနိုင်တဲ့ အခြေအနေကို
ရှာတယ်။
ဒါကြောင့် အချိန်ကာလတခုမှာတော့ တည်တံ့နိုင်တဲ့ သဘောတူညီမှုကို ရတာ။
ဥပမာပေးပါရစေ။
အဖွဲ့အစည်း A နဲ့ B ကြားမှာ ပဋိပက္ခဖြေရှင်းရေး လုပ်တဲ့အခါ အောက်ပါရလဒ်များ ရနိုင်တယ်။
(၁) A နိုင်တယ်။ A အကုန်ယူတယ်။ တိုက်ခိုက်ခြင်း
(၂) B နိုင်တယ်။ B အကုန်ယူတယ်။ တိုက်ခိုက်ခြင်း
(၃) ဘယ်သူမှမနိုင်ဘူး။ သို့သော် မကျေလည်ဘူး။ ဆွေးနွေးဖလှယ်ခြင်း
(၄) A, B တ၀က်စီ ရတယ်။ အလျော့အတင်းလုပ်တယ်။ ညှိနှိုင်းခြင်း (negotiation)
(၅) A, B နိုင်တယ်။ ပြေလည်တယ်။ ဆွေးနွေးဖလှယ်ခြင်း

(၃)၊ (၄)၊ (၅) ဟာ
အကြမ်းမဲ့ နိုင်လိုမင်းထက်မလုပ်တဲ့ နည်းတွေပဲ။
ဆွေးနွေးနှီးနှောဖလှယ် (dialogue) ပြီး ဖြေရှင်းတယ်။
စစ်ကတော့ ရှင်းတယ်။ စစ်ဟာ ပဋိပက္ခမှာသုံးသော ဆုံးဖြတ်တဲ့စနစ် (decision mechanism) တခုပဲ။
တကယ်တော့ မဲရွေးတာလည်းဆုံးဖြတ်တဲ့စနစ်ပဲ။
စစ်က အလောင်းတွေကိုရေတွက်တယ်။
ရွေးကောက်ပွဲကတော့ ဦးနှောက်တွေကို ရေတွက်တယ်။ ဒါပဲ။
(လက်နက်၊ ငွေ၊ နေရာဟာ စစ်တိုက်တာနဲ့ မဲရွေးတာလိုပဲ ဆုံးဖြတ်တဲ့စနစ်တွေ။)
ကျွန်တော်ပြောချင်တာက (၁) နဲ့ (၂) ဟာ ဒီဘိတ်–ရွေးကောက်ပွဲဒီမိုကရေစီ (debate–voting democracy)။
(၄) ကတော့ ညှိနှိုင်း အလျော့အတင်းလုပ်တဲ့ ဒီမိုကရေစီ။
" ဘယ်ပါတီမှ အမှန်တရားသစ္စာကို မပိုင်ဘူး။ "
" ဒါကြောင့် အလျော့အတင်းအပေးအယူ လုပ်ကြစို့ရဲ့။
အခြားပါတီရဲ့အနေအထား အယူအဆကို အလေးအနက်ရှိတယ်။"
(၁) နဲ့ (၂) မှာတော့ လူများစုက လူနည်းစုကို အနိုင်ကျင့်မယ့်
အန္တရာယ်ရှိမယ်။
အနိုင်ယူတယ်။
"( Cultural violence လို့ခေါ်တယ်။)"
(၃) နဲ့ (၅) က ဒိုင်ယာလော့–သဘောတူညီ ဒီမိုကရေစီ
(dialogue–consensus democracy)။
" သူက ပါတီတွေကို ကျော်တယ်။"
" ( သူ့ပါတီ ကိုယ့်ပါတီ၊ သူ့ဘက် ကိုယ့်ဘက်ကို) ကျော်လွန်တဲ့ရလဒ် ရတယ်။"
အကောင်းဆုံးပဲ။
" ဒီမိုကရေစီဟာ ကောင်းသော ကျင့်ဝတ်တဲ့။"
အရင်းရှင်စနစ်ဟာ လာဘ်ပေးတယ်။
ဆိုရှယ်လစ်စနစ်ဟာ အင်အားသုံးတယ်။
" ဒီမိုကရေစီက လဇ္ဇီတဲ့။" အဲသလိုစကား ရှိတယ်။
" အကြမ်းမဲ့နည်းဖြစ်စဉ် (ဆွေးနွေးတိုင်ပင် ဖလှယ် ညှိနှိုင်း) ဟာဒီမိုကရေစီရဲ့ မပါမပြီးတဲ့ အပိုင်းပဲ။ "
ဒီအပိုင်းရဲ့ အခြေအနေဟာ ကနေ့ကာလမှာ ဘယ်ရောက်နေသလဲ။
နိုင်လိုမင်းထက် လုပ်နေကြတာကများတယ်လို့ပဲ ကျွန်တော်ဖြင့် ယူဆတယ်။
" ဂန္ဓီကြီးက ရွေးကောက်ပွဲဆိုတာ၅၁ %ရဲ့ အာဏာရှင်စနစ်လို့ ပြောဖူးတယ်။"
အာဏာပိုင်တွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတခုကို မသိမ်းပိုက်ကြဘူး။
နိုင်ငံရေးဆွေးနွေးပွဲတွေကိစ္စကို ကြည့်ပါ။
***
ဒီမိုကရေစီရဲ့ တတိယမြောက် အနှစ်သာရကတော့ " အကြင်
လူ့အဖွဲ့အစည်းဟာ အခြေခံလူ့လိုအပ်ချက်၊ အခြေခံ လူ့အခွင့်အရေး (ရပိုင်ခွင့်) တွေ ရသလား၊ မရသလားပဲ။"
ဒီမိုကရေစီဆိုတာက နိုင်ငံရေးရာ ပုံသဏ္ဌာန်တခု (political
formation) ပဲ။
" အားလုံးအတွက် အခြေခံလူ့လိုအပ်ချက်တွေ စားဝတ်
နေရေး ဖြည့်ဆည်းပေးဖို့က ထိုနိုင်ငံရေးရာပုံသဏ္ဌာန်ရဲ့ အန္တိမ ရည်ရွယ်ချက်။ "
" အထူးသဖြင့် အလိုအပ်ဆုံးသူတွေအတွက်။ "
အခြေခံလူ့ရပိုင်ခွင့်တွေ ( Basic Human Right) နဲ့လည်း အားလုံးကို ကာကွယ်ပေးဖို့ပဲ။
" အထူးသဖြင့် အကာအကွယ်မဲ့သူတွေ အင်အားမရှိသူတွေအတွက်။"
ဒီမိုကရေစီဟာ လူတန်းစားပုံဖွဲ့မှု (class formation) မဟုတ်ဘူး။
" လူတန်းစားပုံဖွဲ့မှုကို လျော့ပစ်တာ။"
ဒီနေရာမှာ လူတန်းစားဆိုတာ အာဏာပါဝါဖြန့်ဝေမှု တန်းတူရည်တူမဖြစ်ခြင်းကို ဆိုလိုပါတယ်။
ဆုံးဖြတ်ချက်များ လုပ်နိုင်တဲ့ နိုင်ငံရေးပါဝါ၊
စီးပွားရေးပါဝါ (၀ါ) မုန့်ပေးတဲ့ပါဝါ (carrot–Power) ၊
စစ်ရေးပါဝါ (၀ါ) တုတ်ပေးတဲ့ပါဝါ (stick–power)၊
ဘာသာရေး၊ သဘောတရားရေးပါဝါ (၀ါ) သိမ်းသွင်းတဲ့ ဆွယ်တဲ့ပါဝါ (persuasion–power)။
ထိုပါဝါတွေအလျောက် လူတန်းစားတွေရှိတယ်။
ဒီမိုကရေစီကတော့ ထိုပါဝါတွေနောက် မလိုက်ဘူး။
" ပါဝါမရှိသူတွေ (powerless) တွေကို ဆုံးဖြတ်ချက်ချရာတွေမှာ နေရာပေးဖို့ လုပ်တယ်။"
" လူထုဟာ သူ့လိုအပ်ချက်ကိုသူ အသိဆုံးပဲ။
သူ့လိုအပ်ချက်အတွက် သူဆုံးဖြတ်နိုင်တယ်လို့ ဒီမိုကရေစီဖြစ်စဉ်က ယူဆတာကိုး။ "
" ဒီမိုကရေစီ ဖြစ်စဉ်က လူတူတန်းစားမဲ့လူ့ဘောင် (classless society) မဟုတ်ဘူး။"
" တန်းညှိတတ်တဲ့ တန်းတူအောင်လုပ်တတ်တဲ့ လူ့ဘောင် (egalitanian society) မဟုတ်ဘူး။ "
" အောက်ခြေအဆင့်က လူတွေမှာ အခြေခံလူ့လိုအပ်ချက်တွေ ပြည့်စုံတဲ့လူ့ဘောင်၊ "
" ဘယ်အထိပြည့်စုံရမလဲဆိုရင် လူတွေကဂုဏ်သိက္ခ္ခာနဲ့နေနိုင်တဲ့ အခြေအနေထိ ရောက်တဲ့ လူ့ဘောင်ပဲ။ "
အခြေခံလူ့လိုအပ်ချက်တွေ အခြေခံလူ့အခွင့်အရေးတွေရဖို့ ဒီမိုကရေစီဟာ အတိုင်းထက်အလွန် မျှော်မှန်းတယ်လို့ ပြောလိုတာပါ။
***
ကျွန်တော်နားလည်တဲ့ ဒီမိုကရေစီဟာ အထက်ပါအတိုင်းဖြစ်ပါတယ်။
အများကလည်း အဲသလိုသာ နားလည်ကြမှာပါ။
ဖွင့်ဟမပြောသာလို့၊ မပြောတတ်လို့ပါ။
လမ်းပေါ်က လူတွေဟာ တခါတလေမှာ ဖွင့်ဟမပြောတတ်ဘူး။
ရွေးကောက်ပွဲ နိုင်တယ်။
သောင်ပြို ကမ်းပြိုပဲနိုင်နိုင်၊
၅၁ % ပဲနိုင်နိုင်၊ ဒါကိုပဲ ကျေနပ်နေလို့ မသင့်ဘူး။
ဒါကိုပဲ သာယာနေလို့ မသင့်ဘူး။
ဒီအချက်ကိုအခြေခံပြီး ကာကွယ်နေရင်ဖြင့် မလျော်ဘူး။
နောက်နှစ်များမှာ အစိုးရဟာ ကြိုးစားမယ်ဆိုတာကို ယုံပါ
တယ်။
မြန်မာ့ဒီမိုကရေစီရဲ့ဒေါက်တိုင်များ ပြိုလဲကုန်ပြီလားတဲ့။
ဒေါက်တိုင်တွေဟာ ဘာတွေလဲလို့ ဆင်ခြင်အောက်မေ့ပြီး
ဒေါက်တိုင်တွေကို “တည်”ရမှာ။
ခုဖြင့် ကောင်းစွာတည်တောင် မတည်ရသေးဘူး။
ရွေးကောက်ပွဲမှာနိုင်ခြင်းဆိုတဲ့ ရွေးကောက်ပွဲနိုင်ရမယ်အယူဝါဒ (electionism) ဟာ အစိတ်အပိုင်းတခုဖြစ်တာတော့ မှန်ပါတယ်။
ကိုတာ

No comments:

Post a Comment