Latest News

Thursday, January 4, 2018

ပြည်သူ့အစိုးရလက်ထက် သူရဘွဲ့ ရခဲ့ကြသူများ ...


ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် နိုင်ငံတော် သမ္မတ အိမ်တော် သဘင်ဆောင်၌ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ရရှိသူ ငါးဦး ကို ဂုဏ်ထူးဆောင်ဘွဲ့ (သူရဘွဲ့) ချီးမြှင့်အပ်နှင်းခဲ့ရာ အဆိုပါ သူရဘွဲ့ရရှိ သူများနှင့် ကိုယ်စားလက်ခံရယူသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမေးမြန်းခဲ့ သည်များကို တင်ပြလိုက်ရပါသည်။
ဒုတိယဗိုလ်မှူးကြီး သူရဇော်လွင်စိုး
အမှတ် (၃၈၆) ခြေမြန်တပ်ရင်း
******************************
ကျွန်တော်ကတော့ ဒုတိယဗိုလ်မှူးကြီး သူရဇော်လွင်စိုး ဖြစ်ပါတယ်၊ လက်ရှိ ကျွန်တော်က အမှတ် (၃၈၆) ခြေမြန် တပ်ရင်းမှာ တပ်ရင်းမှူး တာဝန် ထမ်းဆောင်နေပါတယ်၊ နိုင်ငံ တော်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး အတွက် ကျွန်တော်နဲ့ ကျွန်တော့် ရဲဘော်၊ ရဲဘက်တွေ စွန့်လွှတ် စွန့်စားပြီးတော့ လုပ်ကိုင်ပေးဆပ် တိုက်ပွဲဝင်ခဲ့တဲ့ အတွက် နိုင်ငံတော်က ဒီလိုချီးမြှင့်တယ်လို့ ကျွန်တော်မြင်ပါတယ်၊ ကျွန်တော်တို့ရင်ဆိုင်ရတဲ့ တိုက်စစ်မှာ ရန်သူရဲ့ ပစ်အားများ တဲ့အချိန်မှာ ကျွန်တော်က ပွိုင့်တပ်စိတ်ကို ဦးစီးပြီးတော့ ပွိုင့် တပ်စိတ်က စစ်သည်တွေနဲ့ ရန်သှူစခန်းထဲကို ကျွန်တော်တို့ အတင်း ဖောက်ဝင် သွားတာပါ၊ အဲဒီအတွက်လည်း ကျွန်တော်နဲ့ ကျွန်တော့်စစ်သည်တွေ အနည်း ငယ် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အတင်းဖောက်ဝင်ပြီး ရန်သူ ကို ပြင်ဆင်ချိန်မပေးဘဲ လုံးထွေး တိုက်ခိုက်ပြီးတော့ အောင်ပွဲ ရယူခဲ့ခြင်း ဖြစ်ပါတယ်။
ပြည်ထောင်စုကြီး မပြိုကွဲရေးအတွက် တစ်ထောင့် တစ်နေရာကနေ အသက်ခန္ဓာရင်းပြီးတော့မှ တာဝန်ထမ်းဆောင် နိုင်ခဲ့တဲ့အတွက် အများကြီး ဝမ်းသာဂုဏ်ယူမိပါတယ်၊ ကျွန်တော် တို့ တပ်မတော်သားတွေကတော့ ငြိမ်းချမ်းရေးကို အမျှော်လင့် ဆုံးပါပဲ၊ အဓိကက ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုပါပဲ၊ နားလည်မှုရှိဖို့လိုတယ်၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု၊ ယုံကြည်မှုရှိသွားရင် ငြိမ်းချမ်းရေး ဆိုတာ ရလာမှာပဲ၊ ကျွန်တော့်ရင်ထဲက ပြောချင်တာက တပ်မတော် သားတွေက ငြိမ်းချမ်းရေးကို အမျှော်လင့်ဆုံးပါပဲ၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲ ရေးအတွက် မဖြစ်မနေမို့သာ ကျွန်တော်တို့ တိုက်ပွဲဝင်နေရ ခြင်းဖြစ်ပါတယ်၊ ဒါကို အားလုံးနားလည် လိမ့်မယ်လို့ ကျွန်တော် ထင်မြင်ယူဆပါတယ်။
ကျွန်တော်က ကရင်တိုင်းရင်းသား အစစ်တစ်ယောက်ပါ၊ လက်ရှိ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော် သားတစ်ယောက်ပါ၊ ကျွန်တော်လူမျိုးစွဲလည်း မရှိပါဘူး၊ ကျွန်တော်တို့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ကျရာ တစ်ထောင့်တစ်နေရာကနေ တာဝန် ထမ်းဆောင်ရမှာပဲ ဖြစ်ပါတယ်၊ အဲဒီအတွက်လည်း ကျွန်တော်တို့တစ်တွေ အမြဲ တမ်းစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပြည်ထောင်စုကြီး မပြိုကွဲဖို့အတွက် ဝိုင်းပြီးတော့ ကြိုးစားကြဖို့ ပြောလိုပါ တယ်။
ဗိုလ်မှူး သူရဇေယျာထွန်း
နမ့်စန်လေတပ်စခန်းဌာနချုပ်
*****************************
ကျွန်တော်ကတော့ ဗိုလ်မှူးသူရဇေယျာထွန်း ဖြစ်ပါတယ်၊ လက်ရှိ ကျွန်တော်က နမ့်စန်လေတပ်စခန်းဌာနချုပ်မှာ ပျံသန်းမှု ဘေးအ္တရာယ် ကင်းရှင်းရေး တာဝန်ခံအရာရှိအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပါတယ်၊ ရှမ်းအရှေ့မြောက် မုံးကိုးဒေသ မှာဖြစ်တဲ့ တိုက်ပွဲစဉ်တွေမှာ မြောက်ပိုင်း မဟာမိတ် ပူးပေါင်း အဖွဲ့ မုံးကိုးဒေသကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်လာတဲ့ အတွက် ပြန်လည်တိုက်ခိုက်တဲ့အချိန်မှာ ကျွန်တော်တို့ လေကြောင်းပစ်ကူပေးတာဝန်တွေကို တိုက်လေယာဉ်နဲ့ တာဝန် ထမ်းဆောင်ခဲ့ပါတယ်၊ ဒီလို နိုင်ငံတော်က ပေးအပ်တဲ့ တာဝန် တွေကို ကျေကျေပွန်ပွန်၊ စွန့်စွန့်စားစား ထမ်းဆောင်ခဲ့တဲ့ အတွက် အခုလိုမျိုး သူရဘွဲ့ ပေးအပ်တာကို အလွန်အင်မတန်ပဲ ဝမ်းသာပီတိ ဖြစ်ပါတယ်။
သူတို့ရဲ့ လေယာဉ်ပစ်လက်နက်ကြောင့် လေယာဉ်ထိခိုက် တာကို သိလိုက်ရတဲ့အချိန်မှာ တပ်မတော်ရဲ့ အဓိက အားထား ရတဲ့ တိုက်လေယာဉ်တစ်စင်း မဆုံးရှုံးသွားဖို့နဲ့ ရန်သှူစိတ်ဓာတ် တက်ကြွသွားခြင်း မရှိစေဖို့အတွက်ရယ်၊ ကျွန်တော့် လေယာဉ် ထိခိုက်ပျက်စီးသွားရင် မိမိတပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ကျဆင်း မသွားဖို့ အတွက်ရယ်၊ တပ်မတော်အတွက်လည်း အဖိုးတန်တဲ့ တိုက်လေယာဉ်တစ်စင်း ဆုံးရှုံးသွားမှာကို မလိုလားတဲ့အတွက် ကြောင့် ငါမသေ ငါစခန်းမကျစေရဆိုတဲ့ စိတ်ဓာတ်နဲ့ လေယာဉ် ကို ကျွန်တော့်မိခင်တပ်ဆီကို မရောက်ရောက်အောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ကြိုးစားပြီး ယူဆောင်လာခဲ့ခြင်း ဖြစ်ပါတယ်၊ ညီနောင်လေသူရဲတွေကို ဒီနေရာကနေပြီးတော့ ကျွန်တော်အကြံပေးချင် တာကတော့ ကျွန်တော်တို့ လေ့ကျင့် သင်ကြားပေးခဲ့ခြင်းသည် ညီနောင် တပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့ တပ်မတော်(ကြည်း) တပ်ဖွဲ့တွေရှိမယ်၊ တပ်မတော်(ရေ) တပ်ဖွဲ့ တွေရှိမယ်၊ အခြားတပ်ဖွဲ့ဝင်တွေရှိမယ်၊ အဲဒီတပ်ဖွဲ့တွေ အတွက် အစွမ်းကုန် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ တပ်မတော် (လေ)ရဲ့ အဓိက တာဝန်တစ်ရပ်ထဲမှာပါတဲ့ တပ်ဖွဲ့ဝင်တွေကို ကူညီပေးဖို့ ၊ တိုက်ပွဲဝင်တဲ့အချိန်မှာ ကူညီပေးဖို့ဆိုတဲ့ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ကြပါစေ၊ အဲဒီလို ထမ်းဆောင် နိုင်အောင်လည်း လေ့ကျင့်ပျိုးထောင်ကြပါလို့ ကျွန်တော် ပြောချင်ပါတယ်။
ဦးဟန်ကောင်း
တပ်ကြပ် သူရရဲနွမ် (ကျဆုံး)၊ အမှတ် (၃၈၆)
ခြေမြန်တပ်ရင်း၏ အစ်ကို
***************************
ကျဆုံးသွားတဲ့ ကျွန်တော့်ညီကိုယ်စား ဒီဂုဏ်ထူးဆောင် ဘွဲ့ကို လာယူခြင်းဖြစ်ပါတယ်၊ ပထမကြားကြားချင်း ဝမ်းနည်းလို့ မဆုံးဘူးပေါ့၊ ဒါပေမယ့် နိုင်ငံတော်က ဂုဏ်ထူးဆောင်ဘွဲ့ ပေးတယ်ဆိုတဲ့ အသံကြားတဲ့အခါမှာ ကျွန်တော်တို့ ဝမ်းသာပီတိ ဖြစ်ရပါတယ်၊ ဒီအရာကို ကျွန်တော့်ညီ အသက်ရင်းနှီးပေးဆပ် ရလို့မဟုတ်ဘဲ အမှတ် (၃၈၆) တပ်ရင်းက အားလုံးအတွက် ပေးတဲ့ဆုလို့ ကျွန်တော်ခံယူပါတယ်၊ ကျွန်တော်ရော၊ ကျွန်တော့် ညီရော နာဂတိုင်းရင်းသားပါ။
အမှတ်တရရယ်လို့ မှတ်မှတ်ရရက သိပ်မရှိဘူး၊ အစ်ကို တစ်ယောက်အနေနဲ့ ညီတစ်ယောက် ဆုံးရှုံးရပေမယ့် နိုင်ငံ တော်အတွက် တစ်ထောင့်တစ်နေရာကနေ ပေးဆပ်တယ်လို့ပဲ ကျွန်တော်ခံယူပါတယ်။
ဦးဘိုသိန်း
ဒုတိယတပ်ကြပ် သူရမျိုးချစ်(ကျဆုံး)၊ အမှတ် (၃၈၆)
ခြေမြန်တပ်ရင်း၏ ဖခင်
***************************
ကျွန်တော့်သား မျိုးချစ်အတွက် ဒီဂုဏ်ထူးဆောင်ဘွဲ့ကို ကိုယ်စားယူတာပါ၊ ကျွန်တော့်သားက နိုင်ငံတော်အတွက် အသက်ကိုစွန့်ပြီး ကာကွယ်တာ ကျွန်တော် ဂုဏ်ယူပါတယ်၊ ကျွန်တော့်သားအတွက် နိုင်ငံတော်သမ္မတက ဂုဏ်ထူးဆောင် ဘွဲ့ပေးတာကိုလည်း ဂုဏ်ယူပါတယ်၊ ပြောစရာတွေ အထွေ အထူး မရှိပါဘူး၊ နစ်နာကြေးနဲ့ ခံစားခွင့်တွေရပါတယ်၊ သှူရဲ့ ခံစားခွင့်တွေရတာကို သှူအတွက် ကုသိုလ်ကောင်းမှု လုပ်ပေး ရတာပေါ့၊ ကျွန်တော့်သားက ဝါသနာပါတယ်၊ သှူအမေနဲ့ နွားကျောင်းရင်းနဲ့ မြားတွေလုပ်ပြီး ပစ်လိုက်၊ ဝမ်းလျားမှောက် လိုက်နဲ့ စွဲစွဲမြဲမြဲငယ်ငယ်လေးကတည်းက အဲ့ဒီဟာကို ဝါသနာ ပါတယ်၊ အစွဲအလမ်းလည်းရှိတယ်၊ သူက အဲ့ဒါပဲ လုပ်ချင်တဲ့ ဆန္ဒရှိတယ်၊ ကျွန်တော့်သား စစ်ထဲလိုက်သွားတာလည်း ကျွန်တော်မသိဘူး၊ ကျွန်တော့်သူငယ်ချင်းက လိုက်ပို့တာ၊ သှူကိုတော့ မှာသွားတယ်ပြောတယ်၊ အမေတို့ အဖေတို့ကို ပြောလိုက်ပါ၊ ကျွန်တော်ပြန်လာခဲ့မယ်၊ အဲဒီလိုတော့ မှာသွား တာပဲ၊ ဒါပဲရှိတယ်။
ကိုယ့်သားသမီးဆိုတော့ ဝမ်းလည်းနည်းတယ်၊ ဝမ်းလည်း သာတယ်၊ နိုင်ငံတော်အတွက် ကျွန်တော့်သား ဒီလိုစွန့်စွန့် စားစားလုပ်သွားတဲ့အတွက် ကျွန်တော်ဂုဏ်ယူတယ်၊ အခုလို သူရဘွဲ့ပေးတာကိုလည်း ဂုဏ်ယူပါတယ်၊ သူက နှစ်ခါထိတာ လို့ သိရပါတယ်၊ ပထမတစ်ပွဲတိုက်ထားကတည်းက ဒဏ်ရာ ရထားတယ်၊ နောက်ပိုင်းကျမှ ကျဆုံးသွားတာပါ။
ဒုတိယတပ်ကြပ် သူရထွန်းထွန်း
အမှတ် (၃၈၆) ခြေမြန်တပ်ရင်း
******************************
ကျွန်တော် လွန်စွာဂုဏ်ယူပါတယ်၊ ကျွန်တော်တို့ သူငယ် ချင်းတွေလည်း တိုက်ပွဲမှာကျပြီး ဘွဲ့ထူးဂုဏ်ထူး မရသွားခဲ့ တာတွေ ရှိပါတယ်၊ တိုက်ပွဲက ဒီတစ်ခါနဲ့မှ လေးခါလောက်ပဲ ကြုံဖူးတာပါ၊ ဒီတစ်ခေါက်ဖြစ်တာတော့ တော်တော်ထူးထူး ခြားခြားပါပဲ၊ ဒီလောက်ကြီးမားတဲ့စခန်းကို တစ်ခါမှ မသိမ်း ဖူးပါဘူး၊ ဒီတစ်ခေါက်သိမ်းဖူးတာပဲ၊ ပထမဦးဆုံး သူငယ်ချင်း တွေနဲ့အတူ ကိုယ်လုပ်နိုင်တဲ့နေရာတွေကနေ လိုက်ပါလုပ်ဆောင် ခဲ့ပါတယ်၊ သူငယ်ချင်းတွေနဲ့ သွားနိုင်တဲ့နေရာအထိ ထိုးဖောက် ပြီးတော့ လမ်းဖောက်ပေးခဲ့တာ၊ စခန်းအနားလည်းရောက် ရော နေရာယူပေးလိုက် ပါတယ်၊ နောက်လူတွေလာရတာ သက်သာ တာပေါ့။
သူငယ်ချင်းတွေအတွက်တော့ စိတ်မကောင်းပါဘူး၊ အခု ကျသွားတဲ့အထဲမှာ ကျွန်တော့်သူငယ်ချင်းတွေလည်း ပါပါ တယ်၊ ကျွန်တော်ကတော့ ဒဏ်ရာမရခဲ့ပါဘူး၊ စတင်ပြီး ပစ်ခတ်တဲ့အချိန်မှာ ရန်သူလက်ဦးမှုမရဘဲနဲ့ ကိုယ်က လက်ဦးမှုရခဲ့တဲ့အတွက် အမှတ်တရပါပဲ၊ နိုင်ငံတော်က ဒီလို ချီးမြှင့်ပေးတဲ့အတွက် အတိုင်းထက်အလွန် ဝမ်းသာမိပါ တယ်။
Source: MOI

No comments:

Post a Comment