Latest News

Tuesday, January 30, 2018

မြို့ကွက်သစ်ဖော်ဆောင်ရေးမြေဧက(၁၀၀)စီမံကိန်းတွင်အိမ်ငှားဖြင့် နှစ်ပေါင်းများစွာနေထိုင်သူများကို ဦးစားပေးနေရာချထားမည်

မြို့ကွက်သစ်ဖော်ဆောင်ရေးမြေဧက(၁၀၀)စီမံကိန်းတွင်အိမ်ငှားဖြင့် နှစ်ပေါင်းများစွာနေထိုင်သူများကို ဦးစားပေးနေရာချထားမည်


ဟားခါး   ဇန်န၀ါရီ   ၃၀

                ချင်းပြည်နယ် ဟားခါးမြို့ရှိ မြို့ကွက်သစ်ဖော်ဆောင်ရေးမြေဧက ၁၀၀ တွင်အကောင်အထည် ဖော်လျက်ရှိသော မြို့သစ်စီမံကိန်း၌အိမ်ငှားဘ၀ဖြင့်နှစ်ပေါင်းများစွာနေထိုင်သူများကိုဦးစားပေးမဲနှိုက်နေရာချ ထားပေးမည်ဖြစ်ကြောင်းချင်းပြည်နယ်အစိုးရရုံးအဖွဲ့ထံမှ သိရသည်။

                       “ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက် မြေဧက ၁၀၀ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းဆောင်ရွက်မှုအခြေ အနေ၊ အဲဒီဧက ၁၀၀ အတွင်းဥပဒေအရဖြစ်စေ၊ ဒေသရိုးရာအရဖြစ်စေပိုင်ဆိုင်ကြောင်းဆိုရေးဆိုခွင့်ရှိသူတွေကိုညှိနှိုင်းဆောင်ရွက်ချက်တွေနဲ့ပတ်သက်တဲ့အခြေအနေ၊ အဲဒီဧက ၁၀၀ ကွက်သစ်အတွင်းမြေနေရာချထားပေးမယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး မြို့မိမြို့ဖ၊ဒေသသတင်းဌာနတွေကို အသိပေးရှင်းလင်းခဲ့ပြီးဖြစ်ပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ အဲဒီဧက ၁၀၀ ကွက်သစ်မှာ ဟားခါးမြို့ပေါ်မှာအိုးပိုင်အိမ်ပိုင်မရှိကြဘဲ မုဆိုးမဦးဆောင်တဲ့မိသားစု တွေ၊ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေ၊ နွမ်းပါးတဲ့စစ်မှုထမ်းဟောင်းတွေအပါအ၀င်ဝန်ထမ်းအငြိမ်းစားမိသားစုတွေ၊ သင်းအုပ်ဆရာတော်တွေကိုမြို့မိမြို့ဖတွေရဲ့သဘောထားညှိနှိုင်းတိုင်ပင်ရယူပြီးတော့နေရာချထားပေးနိုင်ရေးကို ဆောင်ရွက်ခဲ့ပါတယ် ” ဟုဟားခါးမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

           အဆိုပါမြေဧက ၁၀၀ အတွက် ခွင့်ပြုချက်ရရှိပြီးဖြစ်၍မြေကွက်ဖွင့်ထားပြီးဖြစ်ကြောင်း၊ ဟားခါးမြို့ တွင နှစ်ရှည်လများနေထိုင်၍ကိုယ်ပိုင်မြေကွက်မရှိဘဲ အိမ်ငှားအနေဖြင့်နေထိုင်သူများအားပထမဦးစားပေးရောင်းချ ပေးမည်ဖြစ်ကြောင်း၊တစ်ကွက်လျှင်ငွေကျပ်တစ်သိန်းနှင့်နှစ်သိန်းဝန်းကျင်ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ရရှိလာမည့်ငွေကြေးများကိုလည်း မြို့သစ်စီမံကိန်းအတွက် လိုအပ်မည့်လမ်း၊
မြောင်းနှင့် အခြားလိုအပ်မည့်နေရာများ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း၊အဓိကမြေကွက်မရှိသူများအား ကိုယ့်ခြံကိုယ့်ဝင်းဖြစ်လာစေရန်ရည်ရွယ်လုပ်ဆောင် ပေးခြင်းဖြစ်ကြောင်း၊ အကွက်များရိုက်ပြီးဖြစ်၍လပိုင်းအတွင်း နေရာချမှုများလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ ယခုအခါစည်ပင်ဧရိယာဖြစ်သွားပြီဖြစ်သဖြင့် ဟိုတယ်နှင့်အခြားရင်းနှီးမြှုပ်နှံလိုသူများကိုလည်း ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း
ဟားခါးမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးကဆက်လက်ပြောကြားသည်။

                ချင်းပြည်နယ်အစိုးရအနေဖြင့် မြို့ပြစီမံကိန်းများရေးဆွဲလျက်ရှိရာဟားခါး၊ ဖလမ်း၊ ပလက်ဝဟူ၍ မြို့သုံးမြို့ကို မြို့သစ်စီမံကိန်း၊မြို့ပြစီမံကိန်းဖွံ့ဖြိုးတိုးတက်ရန်အတွက်အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ မြေဧက ၁၀၀မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်ပြီးပါက နောက်ထပ်မြေဧက ၁၀၀ကိုထပ်မံဖော်ဆောင် သွားမည်ဖြစ်ကာ စုစုပေါင်းမြေကွက်ပေါင်း
ထောင်ဂဏန်းကျော်အထိ နေရာချထားပေးနိုင်ရန်စီစဉ်ထားကြောင်း၊ ကျန်ရှိသည့်မြို့များကိုလည်း မြို့ပြစီမံကိန်းအဖြစ် ဆက်လက်ရေးဆွဲပြီးအကောင်အထည်ဖော်ရန်စီစဉ်ထားကြောင်း ချင်း ပြည်နယ်အစိုးရအဖွဲ့ရုံးထံမှသိရသည်။နေစု(ချင်းရိုးမ)မြန်​မာ့အလင်း

No comments:

Post a Comment