Latest News

Tuesday, January 30, 2018

လက်ရှိ ပင်လယ်ပြင် ရာသီဥတု အခြေအနေကြောင့် ငါးသလောက် ရရှိမှု လျော့နည်း

လက်ရှိ ပင်လယ်ပြင် ရာသီဥတု အခြေအနေကြောင့် ငါးသလောက် ရရှိမှု လျော့နည်း

ရန်ကုန်  ဇန်နဝါရီ  ၂၉

 မြန်မာ့ပင်လယ်ပြင်တွင်  လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ဝန်းကျင်က ရာသီဥတုအခြေအနေ ကဲ့သို့သော အဖြစ်မျိုး တွေ့ကြုံလာ၍ ငါးသလောက်ရရှိမှု လျော့နည်းလျက်ရှိကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်နိုင်ထံမှ သိရသည်။ ယခုအခါ     ငါးသလောက်ရာသီသို့   ရောက်လာသော်လည်း ပင်လယ်ပြင်တွင်  ရာသီဥတုအခြေအနေ ဆိုးရွားကာ ဖောက်ပြန် ပြောင်းလဲနေခြင်းကြောင့် ငါးသလောက် ဖမ်းဆီးရမိမှု နည်းပါးနေခြင်းဖြစ်ကြောင်း သိရသည်။

 ''အခု  လေတိုက်တာက  အရှေ့ကတိုက်လိုက်၊ အနောက်ကတိုက်လိုက်၊ မြောက်ကတိုက်လိုက်နဲ့ ဆိုတော့  ရေကမမှန်တော့ဘဲ ငါးသလောက် အထိအမိ နည်းလာတယ်။ အဲဒီလို လေတိုက်လိုက်ရင်  လှိုင်းကြီးလာတယ်။ လှိုင်းကြီးလာရင် ငါးက ဖမ်းလို့မရဘူး။ အဲဒီအချိန်မှာ ငါးဖမ်းရင် ပိုက်ကပါးပါးလေးဆိုတော့  ပိုက်တွေ ကွဲတတ်တာကြောင့် မဖမ်းရဲကြဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း  ၂ဝ ကျော်လောက်က ရာသီဥတုအတိုင်း ပြန်ဖြစ်နေတာ''ဟု  ဦးကျော်နိုင် ကရှင်းပြသည်။ ထိုသို့သောအခြေအနေကြောင့် ယခုရာသီချိန်တွင် ဖမ်းဆီးရမိတတ်သော ငါးသလောက် ရရှိမှုနည်းကာ ဈေးနှုန်းမြင့်မားနေကြောင်း၊ ယခင်နှစ်က ငါးသလောက် ပိဿာတန်ချိန် သိန်း ၄ဝ ခန့် ဖမ်းဆီးရမိခဲ့ပြီး ယခုနှစ် လက်ရှိအချိန်ထိ  ငါးသလောက် ပိဿာတန်ချိန် သိန်း ၂ဝ ခန့်သာ ဖမ်းဆီးရမိကြောင်း သိရသည်။

 ပင်လယ်ပြင်အတွင်း ငါးသလောက် ဖမ်းဆီးသည့်အခါ  ငါးဖမ်းပိုက် အပါးများကို အသုံးပြုရပြီး     ယခုဖြစ်ပေါ်နေသည့် လေတိုက်ရာ လမ်းကြောင်း မမှန်ခြင်းကြောင့် ရေစီးကြောင်းမမှန်ဘဲ ရေစီးကြောင်း ပြောင်းလဲမှုများဖြစ်ကာ လှိုင်းကြီးခြင်းများကြုံ၍ ငါးဖမ်းပိုက်များ ပေါက်ပြဲကုန်သည့် အတွက် ဖမ်းဆီးရ ခက်ခဲလာကြောင်း သိရသည်။ မြန်မာ့ငါးသလောက်ကို ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနှင့် တရုတ်နိုင်ငံတို့ရှိ ဈေးကွက်များသို့ တင်ပို့လျက်ရှိရာ ယခုကဲ့သို့ ဈေးနှုန်း မြင့်လာခြင်းကြောင့် ပြည်တွင်းဝယ်လိုအား နည်းပါးလာသည့်အတွက် ပြည်ပဈေးကွက် အတွင်းသို့သာ အဓိကထား တင်ပို့ရောင်းချနေရပြီး  ပြီးခဲ့သည့်နှစ်က ငါးသလောက် ဒိုင်ဈေး တစ်ပိဿာလျှင်  ငွေကျပ် ၃ဝဝဝ ရှိခဲ့ရာမှ ယခုနှစ်တွင် ငွေကျပ် ၅ဝဝဝ အထိ မြင့်တက်ခဲ့သည်။(MWD)

No comments:

Post a Comment