Latest News

Tuesday, January 16, 2018

ဘင်ဂျမင် ဖရန်ကလင်၏ ကောင်းမှု မြတ်နိုး ကောင်းအောင် ကြိုးစားခဲ့သော အချက် ၁၃ ချက်

ဘင်ဂျမင် ဖရန်ကလင်၏ ကောင်းမှု မြတ်နိုး ကောင်းအောင် ကြိုးစားခဲ့သော အချက် ၁၃ ချက်

ဘင်ဂျမင် ဖရန်ကလင်သည်  ၁၇၀၆ တွင် စားနိုင်သောက်နိုင်ယုံ အဆင့်သာ ရှိသည့် မိသားစု တွင် မွေးဖွားကြီးပြင်းလာခဲ့သူ ဖြစ်သည်။ မိဘများက တနေ့တွင် တရားဟော ဆရာ ဖြစ်လာရန် ရည်ရွယ်ပြီး ခြစ်ခြုတ်စုဆောင်းကာ ကျောင်းသို့ ပို့ခဲ့သော်ငြားလည်း ဘင်ဂျမင် ဖရန်ကလင်က အသက် ဆယ်နှစ်အရွယ်မှာပင် ပညာ ဆုံးခန်းတိုင်ခဲ့သည်။

အသက် ဆယ်နှစ်နှစ် အရွယ်တွင် စာပုံနှိပ်စက် တခုတွင် အလုပ်သင်အဖြစ် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ အသက်အရွယ်နှင့် မမျှအောင် ပုံနှိပ်စက်ကြီးများအကြား ခုန်ပျံကျော်လွှားသွားရင်း စာလုံးများ ခွဲခြင်း၊ မှင်များ စပ်ခြင်း အပါအ၀င် ပုံနှိပ်စက်လည်ပါတ်နိုင်အောင် လိုအပ်သော လုပ်ငန်းမှန်သမျှ အောက်ခြေသိမ်း လုပ်ခဲ့ရပေသည်။

ထိုသို့သော ဘ၀ မှ အောင်မြင်သော ပုံနှိပ်စက် ပိုင်ရှင်ကြီး ဘ၀ သို့ တက်လှမ်းလာနိုင်ခဲ့သည်။ ထို့နောက် ထင်ရှားကျော်ကြားသော စာရေးဆရာ၊ သိပ္ပံပညာရှင်၊ နိုင်ငံရေး သမား၊ သံတမန် တဦး လည်း ဖြစ်လာခဲ့ရသည်။ ထိုကာလများအတွင် လုံလောက်သော ငွေကြေးပမာဏ များ ရရှိစုဆောင်းနိုင်ခဲ့ယုံမက ကြွယ်ဝချမ်းသာ လာသဖြင့်သလည်း အသက် လေးဆယ်ကျော်တွင် လုပ်ငန်းများမှ အနားယူခဲ့ပြီး ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို ဇောက်ချလုပ်ကိုင်လာခဲ့တော့သည်။

ထို့အတွက်လည်း နောက်ပိုင်း အမေရိကန် တော်လှန်ရေး တွင် ထည်ဝါ မြင့်မားလှသော အနေအထား သို့ ရောက်ရှိလာခဲ့ပြီး သူ့အား First American ဟု ပင် ထိုက်ထိုက်တန်တန် ခေါ်ဝေါ်ခြင်း ခံခဲ့ရသည်။

ဖရန်ကလင် ကိုယ်တိုင်ရေးသားခဲ့သော ကိုယ်ရေး အထ္တုပတ္တိကြီးကား ယနေ့အထိ ရောင်းမလောက်အောင် ဖြစ်ခဲ့ရသည်။ ထိုစာအုပ်ကြီးတွင် သူ၏ အောင်မြင်ခဲ့ရမှု ၏ သော့ချက်သည် အချက် ၁၃ ချက် ရှိကြောင်း ဖေါ်ပြထားခဲ့သည်မှာ လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ ဘ၀ဆိုသည်ကား အမြဲလို မမျှော်လင့်မှုများ နှင့် ပြည့်နှက်နေရတာမျိုး ဖြစ်သဖြင့် ထိုအခါ တွင် မိမိကိုယ်မိမိ အကောင်းဘက်တွင် ရပ်တည်နိုင်ရန် တတ်နိုင်သမျှ ထိုအချက်များကို အားပြု၍ ကြိုတင်ကာကွယ်ထားခြင်း ဖြစ်သည်ဟု ဖေါ်ပြထားခဲ့သည်။

ထို အချက် ၁၃ ချက်နှင့် ပါတ်သက်၍ သူတီထွင်ခဲ့သော နည်းကား ရိုးရိုးလေးပင် ဖြစ်သည်။ စက္ကူကပ်တခုကို အိတ်ထဲ အမြဲဆောင်ထားပြီး ထိုကပ်ပေါ်တွင် အလျှားလိုက် အတန်း ၁၃ တန်း နှင့် ကော်လံ ၇ ခု ရေးဆွဲထားခဲ့သည်။ ကော်လံတခုစီအား တနလာင်္နေ့ မှ တနင်္ဂနွေနေ့အထိ ခေါင်းစဉ် ပေးထားခဲ့သည်။ အလျားလိုက် အတန်းတခုစီအား သူကြိုးစားရမည့် အချက် ၁၃ ချက် ကို တခုစီ ခေါင်းစီး တပ်ထားခဲ့သည်။

နေ့စဉ် အချိန်ရသလို ထို ကပ်ကလေးအား ထုတ် ကြည့်ပြီး တခုမဟုတ် တခု လုပ်နိုင်ရန် စိတ်ထဲတွင် အမြဲ နှလုံးသွင်းထားခဲ့သည်။ သူ့ကပ်များက အပါတ်တိုင်း အမြဲလို တူနေသည်တော့မဟုတ်၊ တပါတ်ကို ထို ၁၃ ချက်ထဲမှ ဒီအပါတ်အတွင်း မဖြစ်မနေ အကောင်အထည် ဖေါ်ရန် စိတ်ပိုင်းဖြတ်ထားသော ကောင်းကျိုးရှိရာ အချက်တခုကို ခေါင်းစဉ် အဖြစ် ပေးထားခဲ့သည်။

ထိုသို့ လုပ်ရင်း က ထိုအချက်များသည် သူ၏ အကျင့် စာရိတ္တ တခု အဖြစ် တဖြေးဖြေး ထင်ကျန်လာခဲ့ပေတော့သည်။

ထိုအချက် (၁၃) ချက်ကား...

(၁) ခြိုးခြံ ဆင်ခြင်ခြင်း

အစားကို ဗိုက်ပြည့်ယုံပဲ စားပါ၊ ပျင်းတာနဲ့ လုပ်စရာ မရှိတာနဲ့ တော့ မစားပါနှင့်၊ အရက်သေစာကိုလည်း မိမိ၏ အသိညဏ် မကင်းလွတ်ယုံပဲ သောက်ပါ။ ဤသည်ကား မိမိ ခန္တာကိုယ်ထဲသို့ သွတ်သွင်းရမည့်အရာများကို စနစ်တကျ ထိမ်းညှိခြင်းသာ ဖြစ်သည်။

(၂) တိတ်ဆိတ်စွာ နေတတ်ပါစေ

စကားပြောဆိုတဲ့ နေရာမှာ အဖိုးတန်တဲ့ စကားတွေ ပြောစရာမရှိရင် မပြောပါနှင့်၊ သူများ ပြောနေတာကိုသာ နားထောင်ပါ။ အဓိပ္ပါယ်ရှိတဲ့ စကားများ ပြောဆိုဖြစ်အောင် ကြိုးပမ်းပြီး ပေါက်ပန်းဈေးတွေ ပြောဆိုမိခြင်းကို ရှောင်ကျဉ်ပါ။ ဒီလိုပြောခြင်းဖြင့် လူတွေနှင့် သိကျွမ်းအောင် အလ္လာပ သလ္လာပ မပြောနှင့်ဟု မဆိုလိုပါ၊ ပြောဆိုသည့် အခါတိုင်း မိမိရဲ့ ဦးတည်ချက် မပျောက်အောင် အာရုံပြုရန်သာ လိုပါသည်။

(၃) အစီအစဉ်တကျ ရှိပါစေ

မိမိ ပိုင်ဆိုင်သည့် ပစ္စည်းများကို စနစ်တကျထားပါ၊ သို့မှသာ မိမိအလိုရှိသည့်အခါ အလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်သည်။ အချိန်ကိုလည်း အလားတူ စနစ်တကျ စီစဉ်ပါ။ သို့မှသာ သင့်အတွက် အရေးပါတဲ့ အရာများ လုပ်ရန် အချိန်အမြဲတမ်း ရှိနေမှာ ဖြစ်သည်။ ထိုအရာများအားလုံး စုပြုံ လုပ်ရမည်နှင့် ကြုံလာသည့်အခါ အရေးပါမှု အနည်းဆုံး အရာများကို လျော့ချပြစ်ပါ။

(၄) ဆုံးဖြတ်ချက်

တစုံတရာ လုပ်ရန် ဆုံးဖြတ်ပြီးသည့်အခါ လုပ်ဖြစ်အောင် လုပ်ပါ။ မလုပ်နိုင်သော သို့မဟုတ် တကယ်တမ်းကျ လုပ်ရန် ရည်ရွယ်မထားသည့်အရာများကို အလွယ်တကူ မဆုံးဖြတ်ပါနှင့်။ လိုက် မလုပ်နိုင်သည့်အရာများကို ခိုင်းလာပါကလည်း ငြင်းဆန်ပြစ်ရန် လိုသည်။ မသေချာ ဟု ထင်လျင်လည်း နိုး ဟုသာ ပြောပါ၊ ရက်စ် လို့ ပြောပြီးပါက ပြီးဆုံးသည့်အထိ လုပ်ရန် လိုပေသည်။

(၅) ချွေတာ ပါ

ဖရန်ကလင်၏ အနှစ်သက်ဆုံး အရာ ဖြစ်သည်ဟု ဆိုသည်။
သင်၏ ပိုက်ဆံကို မဖြုန်းတီးပြစ်ပါနှင့်၊ တကျပ်တပြား ဖြစ်ဖြစ် အသုံးပြုတိုင်း ရည်ရွယ်ချက် ရှိပါစေ။ သင်သုံးခဲ့သော ငွေများ အတွက် တန်ဖိုးကြီးကြီး ရယူနိုင်အောင် ကြိုးစားပါ။ သုံးဖို့ရည်ရွယ်ချက်မရှိလျင်တော့  ငွေကို သင့်ဘ၀ရှေ့ရေး အတွက် ခိုင်းစေပါ။ ဆိုလိုသည်က တင်ရှိနေသော အကြွေးများဆပ်ခြင်း၊ အရေးပေါ် လျှင် သုံးစွဲရန် ရံပုံငွေ အဖြစ် သီးသန့်စုဆောင်းထားသည်အထဲ ထဲ့ခြင်း၊ အနားယူသည့်အခါ သုံးစွဲရန် စုဆောင်းခြင်း အစရှိသည်တို့ ပြုလုပ်ပါ။

(၆) လုံ့လ ၀ိရိယ ရှိပါ

သင်၏ အချိန်များကို အလဟဿ မဖြစ်ပါစေနှင့်၊ အကျိုးရှိရာ ရှိကြောင်း တခုခု ရှာကြံလုပ်ခြင်းဖြင့် အသုံးပြုပါ။ လုပ်ဖို့ အင်အား (သို့မဟုတ်) အာရုံစူးစိုက်မှု မရနိုင်သေးလျင် ရနိုင်မည့် တခုခု ကို လုပ်နေပါ။ လတ်တလော ဘာမှ လုပ်စရာ မရှိလျင် ကိုယ့်ကိုကိုယ် တိုးတက်ရာ တိုးတက်ကြောင်း တခုခု လုပ်ပါ၊ ဘာမှမလုပ်ချင်လောက်အောင် ပင်ပန်းနေပါက အိပ်ပြစ်လိုက်ပါ။ ဒါနဲ့မှ မရသေးလျင် အနားယူ အပန်းဖြေပါ။

(၇) ရိုးသားပွင့်လင်းမှု ရှိပါ

ရိုးသားသည့် စကားများ နှင့် တဖက်သူ ခံသာမည့် စကားများသာ ပြောဆိုပါ။ သင်ပြောသည့်စကားများကြောင့် တဖက်လူ ထိခိုက်နစ်နာမှု မရှိစေပဲ စိတ်ဓါတ်ခွန်အားသာ တက်ကြွပါစေ။ လိမ်လည် လှည့်ဖျား မပြောဆိုမိပါစေနှင့်။ ဝေဖန် ပြောဆိုစရာ ရှိလျင်လည်း စကားလုံး ရွေးချယ်တတ်ပါစေ၊ မှန်သော်လည်း သူတပါး အပေါ် ရက်စက်ရာ ကျမည့် စကားလုံးများ သုံးစွဲခြင်းမှ ရှောင်ကျဉ်ပါ၊ အဘယ်ကြောင့်ဆိုသော ထို ရက်စက်သော စကားလုံးများ သုံးသည်ဆိုကတည်းက ရည်ရွယ်ချက်သည် မည်သို့မျှ ရိုးသားမှု မရှိတော့သောကြောင့် ဖြစ်သည်။

(၈) တရားမျှတမှု ရှိပါစေ

သင် အကျိုးရှိဖို့အတွက် အခြားသူများ နစ်နာအောင် မလုပ်မိပါစေနှင့်၊ သင်နှင့် ပါတ်သက်ရာ ပါတ်သက်ကြောင်း လုပ်ငန်းများတွင် ပါဝင်နေသူများ အကျိုးရှိနိုင်မည့် နည်းလမ်းများကို ရှာဖွေတတ်ပါစေ။ ထို့အတွက် တခုခုကို စီမံပြီးပါကလည်း လိုက်နာ လုပ်ဆောင်ဖို့လိုသည်။ မလုပ်နိုင်စရာ ဖြစ်လာပါက ပြန်လည် ညှိနှိုင်း ဆွေးနွေးပါ။

(၉) အစွန်းမရောက်မိ ပါစေနှင့်

အခြားသူများ အပေါ် အလွန်တရာ အစွန်းရောက်စေသည့် နည်းလမ်းများနှင့် ဆောင်ရွက်ပါက သင့်အတွံက် အကျိုးတစုံတရာ ဖြစ်မလာပဲ ဆိုးဝါးသည့် အကျိုးဆက်များသာ အဆုံးတွင် ကြုံရတတ်ပေသည်။ သင်၏ လုပ်ရပ်သည် အခြားသူများအား မဖြစ်မနေ ထိခိုက်နစ်နာ တော့မည်ဟု သိထားပါကလည်း ထိုထိခိုက်နစ်နာမည့် အတိုင်းအတာကို တတ်နိုင်သမျှ လျော့ချနိုင်အောင် ကြိုးစားပါ။

(၁၀) သန့်ရှင်းစွာ နေထိုင်ပါ

တကိုယ်ရေ တကာယ သန့်ရှင်းမှု ရှိပါစေ၊ သင်၏ အ၀တ်အစား၊ အိမ်။ ရုံး များ ကို သန့်ရှင်းအောင် ထားရမည်။ ဤသည်ကား မိမိ၏ ကျန်းမာရေး အတွက်သာမက ပြင်ပလောက မှ သင့်အား အမြင်တင့်တယ်မှုရှိအောင် ကြံဆောင်ခြင်းလည်း ဖြစ်သည်။ သွားကို သန့်ရှင်းစွာ ထားရန်လည်း မမေ့ပါနှင့်။

(၁၁)  တည်ငြိမ်စွာ နေတတ်ပါစေ

သင့်ဘ၀တွင် မမျှော်လင့်သည်များ ကြုံလာပါက စိတ်ပျက်အားငယ်ခြင်း မဖြစ်ပါစေနှင့်။ ထိုသို့ ဖြစ်ခြင်းကြောင့် ပြဿနာများ ပြေလည်သွားမည် မဟုတ်ပေ။ သင်၏ စိတ်ခံစားမှုများကို ထိမ်းချုပ်နိုင်ရန် ကြိုးစားပါ။ ခံစားမှုက စေညွှန်းသည့်အတိုင်း လိုက်မလုပ်မိစေပဲ နားလည်တတ်အောင် လေ့လာပါ။ ထိုစိတ်ခံစားမှုများကို အချက်အလက်အဖြစ် အသုံးပြုပြီး ဆုံးဖြတ်ချက်ကောင်းများ ချနိုင်အောင် ကြိုးစားပါ။

(၁၂) စိတ်အလိုမလိုက်မိပါစေနှင့်

သင်၏ စိတ်ရော ကိုယ်ပါ သာယာမှုအတွက် နှင့် သင့်ဘ၀ရဲ့ အဓိက အာရုံ စိုက်ရမည့် အရာများမှ လမ်းလွှဲမသွားပါစေနှင့်။ အခြားသူများ အပေါ် သစ္စာဖေါက်မိခြင်း သို့မဟုတ် ထိခိုက်နစ်နာစေခြင်း မဖြစ်မိအောင်လည်း ရှောင်ကျဉ်ပါ။ ထိုအရာများကို ရှောင်လွှဲ၍ မရပါက အကူအညီတောင်းခံပါ။ သင်၏ ကောင်းသော စာရိတ္တကို ထိုအတွက်နှင့်တော့ မပြစ်ပါယ်ပါနှင့်။

(၁၃) နှိမ့်ချတတ်ပါစေ

ယေရှုနှင့် ဆိုကရေတီးတို့အား အတုယူပါလေ။ သင်လုပ်သည့်အရာတိုင်းကို စံချိန် စံနှုန်း ထက် ပို၍ လုပ်နိုင်အောင် ကြိုးစားပြီး တဖက်ကလည်း လျော့လျော့ပေါ့ပေါ့ ပြောဆိုပါ။ သင်သည် ဘယ်လောက်တော်ကြောင်း မပြောမိစေပဲ အခြားသူများကို ပိုပိုသာသာ ချီးကြူးပေးပါ။

ထို ၁၃ ချက်ကို နေ့စဉ် လုပ်နိုင်အောင် လေ့ကျင်ပါက အကျိုးများမည် ဖြစ်ပေသည်။ လှစိုး​ဝေ

(The Simple Dollar တွင် Trent Hamm ရေးသားသော "Benjamin Franklin built his character around 13 virtues — and following his weekly plan could change your life " ဆောင်းပါးအား ကိုးကားသည်)

No comments:

Post a Comment