Latest News

Wednesday, January 31, 2018

ပီအက်စ်ဂျီနှင့် နှုန်းထားတူ ပြောင်းရွှေ့ကြေးဖြင့် မက်ပီကို ခေါ်ယူရန် ရီးယဲလ် ကမ်းလှမ်းခဲ့

ပီအက်စ်ဂျီနှင့် နှုန်းထားတူ ပြောင်းရွှေ့ကြေးဖြင့် မက်ပီကို ခေါ်ယူရန် ရီးယဲလ် ကမ်းလှမ်းခဲ့

ရီးယဲလ်မက်ဒရစ်အသင်းသည် မက်ပီကို  ခေါ်ယူနိုင်ရန်အတွက် ပီအက်စ်ဂျီနှင့် နှုန်းထားတူ ကမ်းလှမ်းခဲ့သော်လည်း ကာယကံရှင်ကစားသမားက ရီးယဲလ်၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်း ဖြစ်ကြောင်း မိုနာကိုအသင်း ဒုတိယဥက္ကဋ္ဌ ဗက်ဆာယက်၏ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။ မက်ပီသည် ပဲရစ်မြို့ဇာတိဖြစ်ပြီး မွေးရပ်မြေအခြေစိုက်ကလပ်အသင်းက ကမ်းလှမ်း ချိန်တွင် ရီးယဲလ်လို ထိပ်တန်းအသင်းကြီး၏ ကမ်းလှမ်းမှုကို လျစ်လျူရှုခဲ့ခြင်းဖြစ်သည်။

ပီအက်စ်ဂျီက တိုက်စစ်မှူး နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂ဝဝ ဖြင့် ခေါ်ယူခဲ့ပြီးဖြစ်ရာ မက်ပီကို အငှားဖြင့်သာ ကနဦးခေါ်ယူခဲ့ပြီး လာမည့်နွေမှသာ ပေါင် ၁၆၂ သန်းဖြင့် အပြီးသတ်ခေါ်ယူမည်ဖြစ်သည်။

မက်ပီသည် ပြီးခဲ့သည့်ဘောလုံးရာသီက မိုနာကိုအတွက် ပြိုင်ပွဲစုံတွင် သွင်းဂိုး ၂၆ ဂိုး အထိ သွင်းယူခဲ့ပြီးနောက် ၎င်းအား   ပရီမီယာလိဂ်ထိပ်တန်းအသင်းများဖြစ်သည့်  မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးနှင့် မန်ယူအသင်းတို့က အလိုရှိခဲ့သလို ရီးယဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ တို့ကလည်း ခေါ်ယူရန် အပြိုင်အဆိုင်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သို့သော် မက်ပီ၏ မိသားစုက  ရီးယဲလ်ကဲ့သို့ ထိပ်တန်းအသင်းကြီးကို  အချိန်မတိုင်မီ ပြောင်းရွှေ့ခြင်းက ငယ်ရွယ်လွန်းသည့် ကစားသမားအတွက် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်လာမည်ကို စိုးရိမ်ခဲ့ခြင်းက ရီးယဲလ်သို့  ရောက်မလာခဲ့ခြင်း၏ အဓိကအကြောင်းတရားတစ်ရပ် ဖြစ်သည်။

ဗက်ဆာယက်က ''မှန်ပါတယ်၊ ရီးယဲလ်ကလည်း သူ့အတွက် ပီအက်စ်ဂျီနဲ့ လစာနှုန်း ထားတူ ကမ်းလှမ်းခဲ့ပါတယ်၊ ကျွန်တော်က ဘာကိုမှ ကွယ်ဝှက်ထားချင်စိတ်မရှိသလို အမြဲ ရှင်းရှင်းလင်းလင်းပဲ ဖြစ်စေချင်ပါတယ်၊ တိုက်ရိုက်ယှဉ်ပြိုင်မှုမျိုးတွေ ကျွန်တော် မနှစ်သက် ပါဘူး''ဟု ဆိုခဲ့ပြီး မက်ပီနှင့် မိသားစုများ၏ ဆုံးဖြတ်ချက်မှာ လေးစားစရာကောင်းကြောင်း ချီးကျူးခဲ့သည်။                                                            
မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment