Latest News

Saturday, January 20, 2018

ရခိုင်အရေး ဖြစ်ရပ်မှန်ဟာသပါ(ကိုဆွေဝင်း)


၂၀၀၁ က မြင်းခြံထောင်မှာ ကိုစံထွန်းကျော်လို့ခေါ်တဲ့ ရခိုင်လူမျိုးနိုင်ငံရေးအကျဉ်းသားနဲ့ ဆရာတော်ဦးကာဝိယ (ခေါ်) ဂဠုံနီဆရာတော်တို့ အခန်းချင်းကပ်ပြီး အကျဉ်းကျနေပါတယ်။

ဂဠုံနီဆရာတော်ကတော့ ၈၈ အရေးအခင်းမှာ မန္တလေး သပိတ်ခေါင်း ဆောင်တစ်ဦးဖြစ်ပါတယ်။ ၂ ယောက်လုံး န၀တစစ်တပ်ရဲ. ဖမ်းဆီးခံ အကျဉ်းသားများပါ။

ပူပြင်းလှတဲ့ အညာနွေမှာ တစ်နေ့ကျတော့ ကိုစံက သူ့ထောင်ခန်းထဲက ခုလိုလှမ်းအော်ပါတယ်။

“ဘုန်းကြီး၊ ကျုပ်တို့ရခိုင်ပြည်လွတ်လပ်ရေးရရင် မဟာမြတ်မုနိဘုရားကြီးကို အမေရိကန်က ဘလက်ဟော့ ဟယ်လီကော်ပတာကြီးတွေနဲ့မပြီး ဧရာဝတီမြစ်ကြီးကိုကျော်၊ ရခိုင်ရိုးမကိုဖြတ်ပြီး ပြန်သယ်သွားမှာဗျ”

ဒီမှာတင် မဟာမြတ်မုနိဘုရားကြီးဘေးက ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်လုပ်ခဲ့ပြီး ဘုရားကြီးအရိပ်အောက်မှာ လူလားမြောက်တယ်လို့ဆိုတဲ့ ဂဠုံနီပေါက်ကွဲသွားပါပြီ။

“ဟိတ်ကောင် စံထွန်းကျော်၊ မင်းလုပ်ရဲလုပ်ကြည့်လိုက်လေ”

လွန်ခဲ့တဲ့နှစ် ၂၀၀ ကျော်တုန်းက ဗမာဘုရင်က ဘုရားကြီးကို သုံးပိုင်းပိုင်းပြီး ရခိုင်ပြည်ကနေ လုယူလာတာတွေဘာတွေသူနားမလည်ဘူး၊ သူနားလည်တာက သူ့ဘ၀နဲ့သိပ်ဆက်စပ်နေတဲ့ ဘုရားကြီးကို ရခိုင်သူပုန်ကလုယူတော့မယ်၊ ဘုရားကြီးမရှိရင် ငါ့ဘ၀မရှိတော့ဘူးလို့ ထင်လိုက်တယ်။

“ဘုန်းကြီးကလည်း၊ တပည့်တော်က တကယ်ပြောတာ။ ဘလက်ဟော့ ဟယ်လီကော်ပတာကြီးနဲ့ ဘုရားကြီးကို သံမဏိကြိုးတွေနဲ့သိုင်းပြီး ပြန်သယ်သွားမှာ” လို့ ခပ်သော့သော့အသံနဲ့ ကိုစံကအတည်ပေါက်ထပ်ပြောပါတယ်။

“ဟိတ်ကောင် စံထွန်းကျော်၊ ဟိတ်ရောင်စံထွန်းကျော်၊ မင်းလုပ်ရဲလုပ်ကြည့်လေ၊ စမ်းလိုက်လေ၊ ငါဘာကောင်လည်းဆိုတာ သိရမယ်”

ဂဠုံနီဒေါသတကြီးနဲ့ ပေါက်ကွဲအော်ဟစ်လိုက်ပါပြီ။

တကယ်တော့ နှစ်ယောက်လုံးက ဘယ်နေ့ပြန်လွတ်မယ်မှန်းတောင် မသိဘဲအသက်ရှင်နေရတဲ့အကျဉ်းသားနှစ်ယောက်။ဒါကိုသတိမမူနိုင်ဘဲ တော်တော်ဂဂျိုးဂဂျောင်နိုင်တဲ့ အကြောင်းအရာတစ်ခုကို ရုတ်တရက်ငြင်းခုန်မိကြခြင်းဖြစ်ပါတယ်။

ခုလည်း မှန်ကန်တရားမျှတတဲ့ နိုင်ငံရေးစနစ်က ဘယ်ဆီဘယ်ဝယ်ရမယ်မှန်းမသိသေး၊ အင်တာနက်ပေါ်မှာ ဗမာ၊ ရခိုင်ငြင်းနေတာ ငြင်းနေတဲ့အကြောင်းအရာကလည်း လက်တွေ.အခြေအနေတွေနဲ့အလှမ်းကဝေးနေတော့ ကိုစံနဲ့ ဂဠုံနီတို့နှစ်ယောက်စကားများနေတာနဲ့သိပ်မကွာပါလားလို့ တွေးမိပါတယ်။

ကိုစံက ခုပြည်ပမှာနေထိုင်ပြီး၊ ဂဠုံနီကတော့ (အောက်ပါပုံ) ဘုရားကြီးနားက ငွေငါးကျောင်းတိုက်မှာ ဆက်လက်သီတင်းသုံးနေပါတယ်။
ကိုဆွေဝင်း

No comments:

Post a Comment