Latest News

Saturday, January 20, 2018

အရပ်တကာ နယ်တကာ ကျော်မကောင်း ကြားမကောင်း ဖောင်းပွနေသော မူးယစ်ဆေးဝါးနဲ ဖားကန့့်  ..... ဇော်မိုးထက် ( ဖားကန့် )


ဖားကန့်ရဲ့ လက်ရှိအနေအထားက အဲလိုပါ ။ လမ်းတိုင်းမှာ မူးယစ်ဆေးဝါး ရောင်းချသူတွေ ၊ ဆေးသမားတွေ နဲ့ တန်ဆာဆင်ထားသလို ဖြစ်နေတယ် ။ ဒီလမ်းမတွေပေါ်မှာ ရဲကားတွေလည်း မောင်းနေတယ် ၊ စစ်ကားတွေလည်းမောင်းနေတယ် ။အုပ်ချုပ်ရေးကားတွေလည်း မောင်းနေတယ် ။ မြို့မိ မြို့ဖ ကားတွေလည်း မောင်းနေတယ် ။လောပန်းကားတွေလည်း မောင်းနေတယ် ။ ရုပ် ဝတ္ထုတွေကို ဖျက်ဆီးတာ အားမရလို့ အနာဂတ်ဂတ် ရဲ့ ပြည်သူ့ဘဏ္ဍာ မျိုးဆက်သစ်တွေကိုပါ ဖျက်ဆီး ခံနေရတာကို ဘာကြောင့် လက်ပိုက်ကြည့်နေနိုင်ကြတာလဲ ။

ဒီနေ့ ဖားကန့်ကျောက်စိမ်းတွင်းဒေသ တရားဥပဒေစိုးမိုးရေး နဲ့ လုံခြုံရေးဆိုတာ ဘယ်ဌာန ၊ဘယ်အဖွဲ့အစည်းမှာ သွားရှာရမှာလည်းလို့ မေးရမလို ဖြစ်နေပါတယ် ။ ပြည်သူတွေရဲ့ အသက်အိုးအိမ် နဲ့ ရာထူးစည်းစိမ်တွေကို ဘယ်သူတွေက အလဲအထပ် လုပ်နေကြပြီလဲ ။ တရားဥပဒေမစိုးမိုးမှုကြောင့် ငွေတွင်းကို ခြေဆင်းခပ်နေကြတာ ဘယ်သူတွေလဲ ။မဲမဲမြင်ရာ ကြောက်နေရတဲ့ ဖားကန့်ဟာ မဟုတ်တာ လုပ်သူတွေ စင်ပေါ်ရောက် လူရာဝင်နေကြတယ် ။ ဒီအခြေအနေ ဒီအခင်းအကျင်းကို ဘယ်သူတွေက ကြိုက်နေကြတာလဲ ။

ဖားကန့်မှာ ၂၄ နာရီ ဝယ်လို့ရတဲ့ ပစ္စည်း နှစ်မျိုးပဲ ရှိပါတယ် ။ ပထမ က ရေမဆေးကျောက် ။ ဒုတိယက မူးယစ်ဆေးဝါး ။ နေရာတော်တော် များများ မှာ ဘိန်းဖြူရောင်းတယ် ။ဆေးပြားရောင်းတယ် ။ ဖားကန့်မြို့အပါအဝင် မှော်ရွာတိုင်းက အိမ်ကြို အိမ်ကြား ၊လမ်းကြို လမ်းကြားမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေနိုင်ခြင်းက သက်ဆိုင်ဌာနများရဲ့ လုပ်ပိုင်ခွင့် အာဏာကို ဆဝါးလို့ ရနိုင်မယ်ထင်ပါတယ် ။

၂၀၁၀ မတိုင်ခင်က မူးယစ်အထူးအဖွဲ့က တပ်ကြပ်ကြီး ခင်ဇော်နဲ့ တပ်ကြပ် ထန်းတင်ကို ပြန်တမ်းတမိပါတယ် ။ တပ်ကြပ်ကြီး အဆင့်ကနေ ရဲအုပ်အဆင့်ဖြစ်လာအောင် ဖမ်းပြနိုင်ခဲ့ကြတယ် ။ ရဲဘဝမှာ အခြားအဆင့်ကနေ အရာရှိဖြစ်ဘို့ဆိုတာ အိပ်မက်သာ မက်လို့ရပေမဲ့ လက်တွေ့ဘဝဟာ အလှမ်းကွာလှပါတယ် ။ ဒါပေမဲ့ ဒီပုဂ္ဂိုလ်တွေက သူတို့ရဲ့ ပညာ ၊လုံ့လ ဝိရိယ တွေနဲ့ အရာရှိဆိုတဲ့ ရာထူးကို မူးယစ်ဆေးဝါးတွေ အမြောက်အများ ဖမ်းဆီးပြပြီး ဖမ်းဆုတ်နိုင်ခဲ့ကြတယ် ။ အရာရှိဆိုတဲ့နေရာကို ရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းသည် ငြင်းလို့ မရတဲ့ စွမ်းဆောင်မှုတွေလို့ သုံသပ်ရတော့မှာပါ ။ အားလုံးဟာေုခာက်ပစ်ကင်း သဲလဲမစင်ကြပေမဲ့ ရသမျှကို အိပ်ထဲကို သပိတ်ဝင် အိတ်ဝင် ထည့်နေသူတွေနဲ့ စာရင်တော့ သူတို့တွေဟာ လူတော် ရဲဝန်ထမ်းကောင်းတွေလို့တော့ အသိမှတ်ပြုတန်ကောင်းပါရဲ့ ။ အဲဒီလို ပုဂ္ဂိုလ်တွေ မရှိတော့တဲ့ နောက်ပိုင်းမှာ ဘီလူးဆိုင်း တီးဝင်လာတဲ့ မူးယစ်ဆေးဝါး ဟာ ဒီနေ့အချိန်မှာတော့ ဖားကန့်မှာ အောင်ပွဲခံနေဆဲပါ ။ မြန်မာပြည် တနှံတလျားမှာ အထူးမူးယစ်တပ်ဖွဲ့ဝင်များကြောင့် မူးယစ်ဆေးဝါးတွေ ပျံ့နှံ့နေခြင်းလား ၊မူးယစ်ဆေးဝါးတွေ ပျံ့နှံ့နေခြင်းကြောင့် အထူးမူးယစ်တပ်ဖွဲ့ဝင်များ ရပ်တည်နေနိုင်ုခင်းလားဆိုတာကိုတော့ စဉ်းစားရမဲ့ ပုစ္ဆာတပုဒ်လိုတော့ ဖြစ်နေပြီလို့ ထင်မိပါတယ် ။

မူးယစ်ရာဇာတို့ရဲ့ အောင်ပွဲဟာ တနည်းအားဖြင့် မျိုးဆက်သစ်တို့ ကျဆုံးခန်း ၊တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှု လားရာလမ်းကို မြန်းနေတယ်ဆိုရင်လည်း မှားမည်မထင်။ ၊ အနာဂတ်ကို ဖျက်ဆီးနေတဲ့ လက်သည်တရားခံများ ဖြစ်နေပြီလားဆို စိုးရိမ်စိတ်ဝင်ရမလို ဖြစ်နေပါပြီ ၊။။ တရွာဝင် တရာထွက်တိုင်း မူးယစ်ဆေးဝါးရဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံနေရတဲ့ လူငယ်တွေကိုမင်တိုင်းရင်နာမိတယ် ။ သက်ဆိုင်သူတွေအနေနဲ့ စာနာတတ်ရင် သားသမီးတွေပါ ၊မြင်အောင်ကြည့်ရင် တိုင်းပြည်ရဲ့ အနာဂတ်တွေပါ ။ဒါတွေကို မသိကျေးကျွန်ပြုပြီး ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ပေါ်မှာ ကိုယ်ကျိုးရှာနေကြအုံးမည်ဆိုရင် ကိုယ့်ရဲ့ ချမ်းသာကြွယ်ဝမှုတွေဟာ နောင်တချိန်မှာ လုံခြုံလာနိုင်ပါ့မလားဆိုတာ စဉ်းစားရတော့မှာပါ ။ သင်တို့ရဲ့ ရင်သွေးတွေ မူးယစ်ကျေးကျွန် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ ။ အဲဒီအချိန်ကျမှ ရလာမဲ့ လူကြီးမင်းတို့ရဲ့ နောင်တကို ဘယ်လို အသုံးချကြမှာလဲ ။

တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးနေတဲ့ မူးယစ်ရာဇာတွေဆီကရလာနိုင်တယ်လို့ ယူဆရမဲ့ ငွေကြေးတွေနဲ့ သင်တို့ရင်သွေးငယ်တွေရဲ့ အနာဂတ်ကို ဘယ်လိုလိပ်ပြာသန့်သန့်နဲ့ ဖန်တီးထုဆစ် ပုံဖော်ကြမှာလဲ ။ လူမသိပေမု့ ဘုရားကတော့ သိနေမှာပါ ။ မသန့်ရှင်းသော ငွေများနဲ့ သန့်ရှင်းသော အနာဂတ်ကို ဖန်တီး၍ မရစကောင်းလို့ ထင်မိပါတယ် ။

တရားဥပဒေစိုးမိုးဘို့ ၊ရာဇဝတ်မှုတွေ လျှော့ချဘို့ ၊မူးယစ်ဆေးဝါးတွေ ကင်းစင်ဘို့ သက်ဆိုင်ရာ ဌာနအသီးသီးက ငြိမ်းချမ်းရေးကို ယိုးမယ်ဖွဲ့ လက်ညှိုးထိုးပြကြလေရဲ့ ။ ပြည့်တန်ဆာမှာ နှိပ်ကွပ်ရေး ဥပဒေလို့ ကြားဘူးပါရဲ့ ။ မူးယစ်ဆေးဝါးမှာ ပပျောက်ရေးလို့ ပြဌာန်းမလား ၊နှိပ်ကွပ်ရေးလို့ပြဌာန်းမလား ။အကယ်၍များ ပပျောက်ရေးဆိုတဲ့ဥပဒေကို ပြဌာန်းနိုင်ခဲ့မယ်ဆိုရင် တော်တော်ကောင်းမှာပဲဆိုတဲ့ အိပ်မက်ကို ကျနော်အကြိမ်ကြိမ်မက်ခဲ့ဘူးပါတယ် ။ ဒါဆိုရင် မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ကျနော်တို့နိုင်ငံမှာ မငြိမ်းချမ်းလို့ မူးယစ်ဆေးဝါးတွေ ပျံ့နှံ့နေတာလား ၊မူးယစ်ဆေးဝါးတွေ ပျံ့နှံ့လို့ မငြိမ်းချမ်းတာလား ဆိုတဲ့ ပဟေဋ္ဌိကို အဖြေညှိဘို့တော့ လိုပြီထင်တယ်လို့ သုံးသပ်မိပါတယ် ။ ဒီလိုမငြိမ်းချမ်းအောင် ဘယ်သူတွေ ဖန်တီးနေကြတာလဲ ။ ဒီအခြေအနေကို ဘယ်သူတွေက ကြိုက်နေကြတာလဲ ။ ဒီအခြေအနေကြောင့် ဘယ်သူတွေ အကျိုးဖြစ်ထွန်းနေကြတာလဲ ။ ဒါတွေကို အဖြေရှာကြည့်ရင် တရားခံဟာ ဘယ်သူတွေလဲဆိုတာ ရှင်းရှင်းကြီး အဖြေပေါ်ပါပြီ ။
   ဇော်မိုးထက် ( ဖားကန့် )

No comments:

Post a Comment