Latest News

Thursday, January 4, 2018

နှစ်သစ်အတွက် လာခြင်းကောင်းတဲ့ရန်ကုန်ကားဈေးကွက်ဖြစ်ဖို့မျှော်လင့်နေကြ

နှစ်သစ်အတွက် လာခြင်းကောင်းတဲ့ရန်ကုန်ကားဈေးကွက်ဖြစ်ဖို့မျှော်လင့်နေကြ

  ၂ဝ၁၇ ခုနှစ်     တစ်နှစ်တာလုံး မူဝါဒအပြောင်းအလဲများ၊ ဈေးနှုန်း မြင့်တက်မှုများ၊   အခွန်အခအပြောင်းအလဲများ၊    လိုင်စင်၊ မော်ဒယ် ကန့်သတ်ချက် စည်းမျဉ်း၊  စည်းကမ်းများအကြား ဂယက်မျိုးစုံ ကြုံတွေ့ရသည့် ရန်ကုန်ကားဈေးကွက်သည် ၂ဝ၁၈ ခုနှစ် နှစ်သစ်နှင့်အတူ ပြောင်းလဲမှုများစွာကို ကြုံတွေ့ရဦးမည်ဟု ကားလောကသားများက မျှော်လင့်ထားကြသည်။ ညာမောင်း များ ထပ်မံတင်သွင်းခွင့်မှာ သတ်မှတ်ထားသည့် ကာလအထိ သာရှိတော့မည်။ ယင်းနောက်ပိုင်းတွင် ဘယ်မောင်းကားသစ် များနှင့် ရန်ကုန်ကားဈေးကွက်သည် မည်သို့မည်ပုံ ခရီးသွားမည် ဆိုသည်မှာ  စိတ်ဝင်စားဖွယ်ကောင်းလှသည်။  ၂ဝ၁၈ ခုနှစ် တစ်နှစ်တာအတွက် ရန်ကုန်ကားဈေးကွက်သည် ဘယ် မောင်း နှင့် ညာမောင်းကားများ  အားပြိုင်သည့်နှစ် ဖြစ်လာနိုင်သည့် အပြင် ကားဝယ်မည့်သူ၊ ရောင်းချမည့်သူများအဖို့လည်း ဈေးနှုန်း အမြင့်နှင့်သာ ကြုံတွေ့ရနိုင်မည့် နှစ်တစ်နှစ် ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

ရန်ကုန်လိုင်စင်ထုတ်ပေးရေးအတွက် ခက်ခဲမှုများသည် ရန်ကုန်ကားလောကကို အကြီးအကျယ်ရိုက်ခတ်လာနိုင်သည်ဟု ခန့်မှန်းထားကြပြီး ရန်ကုန်လိုင်စင်သမားများမှာမူ ငွေထုပ်ပိုက် သူများဟုပင် တင်စားခံရသည့်အနေအထားပင်ဖြစ်နေသည်။ ''အရောင်းအဝယ်ကတော့ ပုံမှန်မရှိသလောက်ပါပဲ၊ အေးနေ တာပဲ၊ နှစ်ပြောင်းသွားပေမယ့် ထူးထူးခြားခြား ရောင်းရတာမျိုး မရှိဘူး၊ ကားအရောင်းအဝယ်နေရာတွေလည်း ခပ်ကျဲကျဲပဲ၊ ခရီးသွားရာသီမို့  ပုံမှန်တွေ့နေကျတွေတောင် လူမစုံဘူးဗျ၊ ကားဆိုလည်း ခြောက်ခြောက်သွေ့သွေ့ပဲ၊ အရောင်းအဝယ်က နယ်က ဆင်းဝယ်တာလောက်ပဲဖြစ်တယ်''ဟု ကားဝယ်ရောင်း တစ်ဦးက ဆိုသည်။

ဘယ်မောင်းတွေ ဝင်လာရင် ဈေးကျနိုင်လား
ဘယ်မောင်းကားသစ်များကို ဝယ်ယူရန် ငွေတတ်နိုင်သူ အချို့က  ရွေးချယ်လာခြင်းသည်  ရန်ကုန်ကားပွဲစားတန်းမှ ဝယ်ရောင်းများအတွက် စိန်ခေါ်မှုကြီးကြီးဖြစ်နေပြီး ဝမ်းနည်း စွာဖြင့် ဈေးမာနေကြသည့် ညာမောင်းတစ်ပတ်ရစ်များအတွက် ဈေးချရမည့်အနေအထားကို   ကြုံတွေ့နေရသည်။  သို့သော် လက်ရှိတွင် ဈေးကွက်အတွင်း တင်းခံနေဆဲဖြစ်သည်ကို မြင်တွေ့ ရသည်။ လက်ရှိတွင် ရန်ကုန်ကားဈေးကွက်အတွင်းရှိ အရောင်း အဝယ်အနေအထား ဖြစ်နိုင်ရန် ကားအများစုသည် ကားဝယ် ရောင်းများလက်ဝယ်တွင်ရှိနေပြီး ယင်းတို့မှာလည်း တက်ဈေး မိထားသဖြင့် ဈေးလျှော့ရောင်းချရန် ခက်ခဲနေကြဆဲဖြစ်သည်။ ဝယ်ယူမောင်းနှင်ရန် အားခဲသူအများစုသည်လည်း ဝယ်ရောင်း များလက်မှ တစ်ပတ်ရစ်များထက် ပါမစ်လျှောက်ထားဖို့အတွက် သာ စိတ်ကူးကြတော့ကြောင်း ကားလောကအတွင်းမျှ သိရှိ ရသည်။
''ဘယ်မောင်းအသစ်ကို အရောင်းပြခန်းက ဝယ်မယ်ဆိုရင် အရစ်ကျရမယ်၊ ကားလည်းလက်ငင်းစီးရမယ်၊ ဈေးကလည်း တစ်ပတ်ရစ်ညာမောင်းနဲ့ သိပ်မကွာတော့ဘူး၊ ကျွန်တော်ကတော့ ပွဲစားတန်းထက် အရောင်းပြခန်းကိုပဲ သွားဝယ်ဖို့ စိတ်ကူးထား တယ်၊ အခုလိုက်ကြည့်တာ နေရာစုံနေပြီ၊ ဈေးက မာတယ်၊ စီးဖို့ ရည်ရွယ်ထားတော့ အသစ်ပဲစီးမယ်''ဟု ယခုရက်ပိုင်းအတွင် ဘယ်မောင်းကားသစ် ဝယ်ထားသူတစ်ဦးက ပြောသည်။

အပြောင်းအလဲတစ်ခုခုဖြစ်ပါက ခန့်မှန်းရခက်ခဲ
ဈေးမြင့်ဖြင့် ဝယ်ယူထားရသူအများစုသည် အမြတ်အစွန်း မရမချင်း ပြန်ရောင်းမထုတ်ကြခြင်းသည် မည်သည့်အချိန်ထိ တင်းခံနေမည်ဆိုသည်ကို ခန့်မှန်းရခက်သော်လည်း လက်ရှိကား ဈေးကွက်အနေအထားသည်  ထိရှလွယ်သည့် အနေအထား ဖြစ်ကြောင်း၊ ငွေကြေးပေါက်ဈေး၊ ရွှေဈေး၊ နိုင်ငံရေးစသည့် အပြောင်းအလဲတစ်ခုခု ဖြစ်ပွားပါက ခန့်မှန်းရပို၍ပင် ခက်ခဲလိမ့် ဦးမည်ဟု ကားဝယ်ရောင်း ကိုကျော်ဇေယျာဝင်းက ပြောသည်။

''မှန်းရခက်တယ်၊   အမှန်က  ကျသင့်တယ်၊  ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း ထုတ်မရောင်းနိုင်ဘူး၊ ပြန်လည်း ဝယ်နိုင်တော့မှာမဟုတ်ဘူး၊ ညာမောင်းဆိုတာက ထပ်သွင်းခွင့် မရတော့ဘူး၊ ရှိတဲ့ကားကို အမြတ်မရှိဘဲ အရှုံးခံရောင်းဖို့အထိ ကျွန်တော်အပါအဝင် ဘယ်သူမှတော့ လုပ်မှာမဟုတ်ဘူး'' ဟု သူက ဆက်ပြောသည်။
စလစ်ဈေးမှာလည်း ညာမောင်းများတင်သွင်းမှု ရပ်တန့် သွားသဖြင့်    သိန်း ၁၂ဝ ပင်    ဝယ်ယူမည့်သူ    မရှိသည့်  အနေအထား  ဖြစ်နေကြောင်း၊       နယ်မြို့များတွင်လည်း ကြိုက်ရောင်း ကြိုက်ဝယ်သာရှိနေကြောင်း၊  ပွင့်လင်းရာသီမို့ ရန်ကုန်ကားဈေးကွက်မှ လောကသားများ နယ်သို့ဆင်းကာ ဝယ်လက်ချိတ်ရန်ပင် ဈေးမာမှုကြောင့် အလုပ်မဖြစ်ကြောင်း သိရသည်။  မင်းသော်(မြန်​မာ့အလင်း)

No comments:

Post a Comment