Latest News

Thursday, January 18, 2018

အမှားများစွာကြောင့် အမြင့်ဆုံးက ပြုတ်ကျရတဲ့ ရီးယဲလ်

အမှားများစွာကြောင့် အမြင့်ဆုံးက ပြုတ်ကျရတဲ့ ရီးယဲလ်

၂ဝ၁၇ ခုနှစ်အတွင်း စံချိန်တင်အဖြစ် ဖလားငါးလုံးရနိုင်သလို ၂ဝ၁၇ ခုနှစ်ထဲမှာ ချန်ပီယံလိဂ်သရဖူကို ကာကွယ်နိုင်တဲ့ ပထမဆုံးအသင်းအဖြစ် အောင်ပွဲခံနိုင်တဲ့ ရီးယဲလ်အသင်းရဲ့ လက်ရှိအခြေအနေကတော့ ဘယ်သူမှ ကြိုတင်ေ မျှာ်လင့်ထားခြင်းမရှိတဲ့ ခယောင်းလမ်းပေါ် ရောက်နေရပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့ညမှာ ရီးယဲလ်က ဗီလာရီးယဲလ်ကို အိမ်ကွင်း ဘာနေဗျူးမှာပဲ ၁ ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

လက်ထဲမှာ ကစားဖို့ ပွဲကျန်တစ်ပွဲ ရှိနေပေမယ့် ဘာစီလိုနာထက် ၁၉ မှတ်လျော့နည်းသွားတဲ့ အနေအထားက မြို့ကြီးသားတွေ ဖြစ်တဲ့ မက်ဒရစ်သားတွေအတွက် ခံပြင်းစရာကောင်းလွန်းလို့ ဗီလာရီးယဲလ်နဲ့ပွဲမှာ ရီးယဲလ်ပရိသတ်တွေက ကိုယ့်အသင်းနဲ့ ကိုယ့်နည်းပြကို ပြန် လည်လှောင်ပြောင်ခဲ့ကြတယ်။ ရီးယဲလ်က နောက်ဆုံး ပြိုင်ပွဲစုံ ငါးပွဲမှာ နိုင်ပွဲဆိုလို့ နျူမန်စီယာလို အသင်းလေးနဲ့တစ်ပွဲသာ နိုင်ခဲ့ပြီး လာလီဂါနောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးရာမှာ ဘာစီလိုနာနဲ့ ဗီလာရီးယဲလ်ကို အိမ်ကွင်းမှာ ရှုံးခဲ့ပြီး ကြားပွဲမှာ ဆယ်လ်တာဗီဂိုကို အဝေးကွင်းမှာ နှစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့တယ်။ ပထမရာသီဝက်အပြီး ရီးယဲလ်အသင်းရဲ့ အခု ရပ်တည်မှုနဲ့ ရမှတ်အနေ အထားက အဆိုးရွားဆုံးစံချိန်ဆိုး ဖြစ်နေတာကြောင့် နည်းပြ ဇီဒန်းရဲ့အနာဂတ်က လှုပ်ခတ်လာပြီဖြစ်ပါတယ်။

အရင်က ဘာစီလိုနာနဲ့ အမှတ်ကွာဟမှု အများဆုံးဖြစ်စဉ်က မော်ရင်ဟိုလက်ထက် ၂ဝ၁၂-၂ဝ၁၃ ရာသီ မှာဖြစ်ပါတယ်။ အဲဒီတုန်းက ဒီလိုအချိန်မှာ ရီးယဲလ်က ဘာစီလိုနာထက် ၁၈ မှတ်သာနည်းတာကြောင့် အခု အဆိုးဆုံးဆိုတဲ့ မလိုချင်တဲ့စံချိန်တစ်ခုကို ပိုက်ထွေးနေရပြီဖြစ်ပါတယ်။ ပထမရာသီဝက်အပြီး ဥရောပ ချန်ပီယံ ရီးယဲလ်အသင်းက လာလီဂါမှာ ရမှတ် ၂၂ မှတ် ဆုံးရှုံးခဲ့ပါတယ်။ ၂ဝ၁၆-၂ဝ၁၇ လာလီ ဂါ ရာသီမှာ ရီး ယဲလ်က တစ်ရာသီလုံးမှ ၂၁ မှတ်သာ ဆုံးရှုံးပြီး ဗိုလ်စွဲနိုင်တာနဲ့ ယှဉ်ကြည့်ရင် အရာအားလုံးက ရီးယဲလ်မှာ အပျက်သဘောဆောင်နေပြီလို့ ဆိုရတော့မှာပါ။ လာလီဂါ လက်ကျန်ပွဲတွေအားလုံးကို အနိုင်ကစားနိုင်ရင် တောင် ရီးယဲလ်က ပြီးခဲ့တဲ့ရာသီမှာရတဲ့ ရမှတ်ပေါင်း ၉၃ မှတ်ကို လိုက်မီနိုင်ရုံထက် မပိုနိုင်တော့ပါဘူး။ စပိန်မီဒီယာတွေကတော့ ရီးယဲလ်က ဘာစီလိုနာကို လိုက်မီဖို့ အားမလျှော့ပေမယ့် လက်ရှိရီးယဲလ်ရပ်တည်မှုက ဘာစီလိုနာကိုမီဖို့ဆိုတာထက် တန်းဆင်းဇုန်ထဲ ရောက်ဖို့တောင် ပိုပြီးနီးစပ်နေတယ်လို့ ချိုးချိုးဖဲ့ဖဲ့တွေ သုံးသပ်နေကြ ပါပြီ။

ရီးယဲလ်က မိုရာတာနဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ကို ချယ်လ်ဆီးနဲ့ ဘိုင်ယန်အသင်းထံပြောင်း ရွှေ့စေပေမယ့် ဒီနှစ်ယောက်စလုံးက အရင်ကတည်းက ဦးစားပေးကစားသမားတွေ မဟုတ်လို့ သက်ရောက်မှု နည်းမှာပါ။ ဒါပေမဲ့ အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ ဘင်ဇီမာ၊ ဘေးလ်နဲ့ စီရော်နယ်ဒိုတို့ ဂိုးပေါက်တွေ ပျောက်ဆုံးနေချိန်မှာတော့ လက်ရှိရီးယဲလ်က အကောင်းဆုံး လူစားဝင်ကစားမယ့် တိုက်စစ်မှူးတွေမရှိလို့ အားနည်းချက်များစွာ ရှိလာတာကတော့ အမှန် ပါပဲ။ ဒါကြောင့်ပဲ ရီးယဲလ်က ၂ဝဝ၆-၂ဝဝ၇ ခုနှစ်နောက်ပိုင်း လာလီဂါမှာ အိမ်ကွင်းနှစ်ပွဲဆက် ဂိုးမသွင်းနိုင်တဲ့ ပထမဆုံးအကြိမ်အဖြစ် ဗီလာရီးယဲလ်နဲ့ပွဲအပြီးမှာ ခံစားလိုက်ရတာ ဖြစ်ပါတယ်။ ရီးယဲလ်က ၂ဝဝ၈-၂ဝဝ၉ ခုနှစ်ေ နာက်ပိုင်းလည်း ပထမဆုံးအကြိမ် လာလီဂါ အိမ် ကွင်းနှစ်ပွဲဆက် မရှုံးခဲ့တဲ့စံချိန်ပျက်ပြီး ဘာစီလိုနာနဲ့ ဗီလာရီးယဲလ်ကို နှစ်ပွဲဆက် ရှုံးခဲ့ရပြီဖြစ်ပါတယ်။ ၂ဝဝ၈-၂ဝဝ၉ ဘောလုံးရာသီက အိမ်ကွင်းနှစ်ပွဲဆက်ရှုံးခြင်းမှာ ဘာစီလိုနာနဲ့ မာယော့ကာကို ရှုံးခဲ့တာပါ။ ရီးယဲလ်အသင်းက ဘင်နီတက်ဇ် ထုတ်ပယ်ခံလိုက်ရတဲ့ ၂ဝ၁၅-၂ဝ၁၆ ဘောလုံးရာသီကို ပြန်ကြည့်တော့ ပထမရာသီဝက်မှာ ရီးယဲလ်က ၃၇ မှတ်သာ ရနိုင်လို့ ထုတ်ခံရတာဖြစ်ပေမယ့် အခု ဇီဒန်းရဲ့ ပထမရာသီ ဝက်အပြီး ရထားနိုင်တဲ့ရမှတ်က ငါးမှတ်ပိုနည်းနေလို့ ဇီဒန်းလည်း ဒီထိုင်ခုံပူပေါ်မှာ ဘယ်လောက်ဆက်ထိုင် နိုင်မလဲဆိုတာ စောင့်ကြည့်နေကြပြီဖြစ်ပါတယ်။

 ရီးယဲလ်က ဒီရာသီမှာ စံချိန်ဆိုးတွေကို တစ်ခုပြီး တစ်ခုပိုက် ထွေးရပြီး အဲဒီအထဲမှာ ဗီလာရီးယဲလ်ကို ဘာနေဗျူးကွင်းမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ရှုံးတဲ့ စံချိန်၊ ရာသီအစပိုင်းက ဘက်တစ်အသင်း ဘာနေဗျူးကွင်းမှာ ၁၉ နှစ်အတွင်း ပထမဆုံး အနိုင်ရတဲ့စံချိန်တွေ ပါဝင်နေခဲ့ပါတယ်။ ရီးယဲလ်အသင်း ဘာကြောင့် ဒီလို အမြင့်ဆုံးအောင်မြင်မှုတွေ ဆွတ်ခူးပြီးမှ အကျနာရ သလဲ ဆိုတာကို ပြန်လည် ဆန်းစစ်ကြည့်ချင်ပါတယ်။ ပထမဆုံးတွေ့ရတဲ့ ထင်သာမြင်သာ အမှားအယွင်းက တော့ အဓိကတိုက်စစ်မှူး ရွှေဘောလုံးဆုငါးဆုရှင် စီရော်နယ်ဒိုရဲ့ ဂိုးသွင်းနှုန်းဖြစ်နေပါတယ်။ ဒီရာသီမှာ မက်ဆီခြေစွမ်းပြနိုင်မှုက အကောင်းဆုံး အနေအထား မဟုတ်တာတောင် မက်ဆီက အခုရာသီ လာလီဂါ သွင်းဂိုး ၁၇ ဂိုးသွင်းထားနိုင်ချိန်မှာ စီရော်နယ်ဒိုကတော့ လေးဂိုး သာသွင်းနိုင်ခြင်းက ရီးယဲလ်ကို ဒီလိုအဖြစ် ဆိုးမျိုးဆီ ရောက်သွားစေတာပါပဲ။

အိမ်ကွင်းမှာ ဘာစီလိုနာကို သုံးဂိုးပြတ် ရှုံးခဲ့ရတဲ့ပွဲမှာဆိုရင် စီရော်နယ်ဒို က အရင်နှစ်တွေကလိုထက်မြက်တဲ့ ခြေစွမ်းမျိုး မရတော့လို့ အသက် ၃၂ နှစ်အရွယ်မှာ အကောင်းဆုံး ခြေစွမ်းရှိချိန် ကျော်လွန်သွားပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ နောက်တစ်ချက်ကတာ့ အသင်းတစ်သင်းက အောင်မြင်မှု အထွတ်အထိပ်ရပြီး နောက်ရာသီမှာ အောင်မြင်မှု ထပ်ရနိုင်ဖို့ စိတ်ဓာတ်လှုံ့ဆော်နိုင်မှု အပိုင်းဖြစ်ပါတယ်။ လက်ရှိ ရီးယဲလ် အသင်းသားတွေက ၂ဝ၁၇ ပြက္ခဒိန် နှစ်ထဲမှာ ချန်ပီယံလိဂ်ဖလား နှစ်နှစ်ဆက်ရခဲ့သလို လာလီဂါဖလား၊ ဥရောပစူပါဖလား၊ စပိန်စူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ငါးလုံးစလုံးရနိုင်လို့ အားလုံးရဲ့စိတ်ထဲမှာ ဘဝင်အမြင့်ဆုံး အချိန်ရောက်နေပါတယ်။ ဒီလိုအချိန်မှာ ရီးယဲလ် အသင်းက မိုရာတာနဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ကို ထုတ်ရောင်းပြီး ပွဲထွက်ခွင့်ရနေတဲ့ သူတွေရဲ့နေရာကို ခြိမ်းခြောက်နိုင်တဲ့ ကစားသမားသစ်တွေ အားဖြည့်မှုမလုပ်ခဲ့ပါဘူး။

ဒါကြောင့်လက်ရှိ ပွဲထွက်ခွင့်ရနေသူတွေက သူတို့ကို ပခုံးထမ်း ယှဉ်မယ့် ကစားသမားမရှိပါဘူးဆိုတဲ့စိတ်နဲ့ လှုံ့ဆော်မှုကင်းမဲ့စွာ ကစားရင်း ခြေစွမ်းနဲ့ ရလဒ်တွေ ကျဆင်းသွားတာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အသင်းဦးဆောင် ကစားသမားတွေ ကိုယ်တိုင် ဒီရာသီမှာ ခြေစွမ်းပျက်ယွင်း သွားခြင်းဖြစ်ပါတယ်။ အရင်နှစ်တွေက မာဆယ်လိုက ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံ ကစားသမားအဖြစ် ခြေစွမ်းကောင်းခဲ့ပေမယ့် ဒီရာသီမှာ သူ့ဘက်ခြမ်း ကပဲ ပေါက်ပြီး ဂိုးတွေပေးရတာ မနည်းမနောရှိခဲ့ပါပြီ။ ဘင်ဇီမာ လည်း ဂိုးတစ်ဂိုးရဖို့ အခက်အခဲဆုံးအချိန်ကို ရောက်နေတယ်။ ကွင်းလယ်က တိုနီကရူးစ်လည်း အရင်ရာသီတွေကလို ကွင်းလယ်ကနေ တိကျတဲ့ ပေးပို့ ဖန်တီးမှုတွေကို သိပ်မလုပ်နိုင်လို့ တစ်သင်းလုံးအနေနဲ့ကို ပျက်စီးယိုယွင်းေ နရတာ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်ကို ပြောရရင်တော့ ရီးယဲလ်အသင်းရဲ့ ကစားသမားတွေအတွက် ရင်းနှီးမြှုပ်နှံမှု အား နည်းလွန်းခြင်းကို လက်ညှိုးထိုးရမှာပါပဲ။ ရီးယဲလ်ဆိုတာ အရင်က နှစ်တိုင်း ကမ္ဘာ့အကောင်းဆုံးဟေ့ဆိုတဲ့ ကစားသမား အနည်းဆုံးတစ်ဦးတော့ ခေါ်ယူတဲ့အသင်းဖြစ်ပေမယ့် ဒီရာသီမတိုင်မီ ကစားသမားသစ် အဖြစ် ခေါ်ယူရာမှာ အနာဂတ်မှာ အဓိကအားထားရစေမယ့် လူငယ်တွေဖြစ်တဲ့ သီယိုဟာနန်ဒက်ဇ်နဲ့ ဒါနီကာ ဘယ်လော့စ်တို့ကိုသာ ခေါ်ယူ ခဲ့တယ်။ ဒီအချိန်မှာ ဘာစီလိုနာက ဒမ်ဘီလီ၊ ကော်တင်ဟိုတို့ကို ခေါ်ထားပြီး အက်သလက်တီကိုက ဒီယေဂိုကော်စတာနဲ့ ဗီတိုလိုတို့ကို ခေါ်နိုင်တာကြောင့် ဒီအမှားတွေကြောင့်ပဲ အကျနာနေ ရတာဖြစ်တယ်လို့ သုံးသပ်လိုက် ပါတော့မယ်။ ဇေယျာ(မြ၀တီ)

No comments:

Post a Comment