အင်းလေးဟုဆိုလျှင် မြန်မာပြည်သူလူထု အကုန်နီးပါး သိရှိကြပေလိမ့်မည်။ အင်းလေး ဒေသ ညောင်ရွှေမြို့သို့ စာရေးသူ တစ်နှစ် တစ်ခေါက် ပုံမှန်ရောက်နေကျဖြစ်သည်။ ညောင်ရွှေမြို့ရောက်သည့်အချိန်တိုင်း အင်းလေး ကန်နှင့် အင်းသားလူမျိုးတို့အကြောင်းကို လေ့လာစူးစမ်းမိပေသည်။ အင်းလေးဒေသ တွင် ရှေးမြို့ဟောင်းနေရာများ၊ လက်မှု လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ပေါများြ<ွကယ်ဝစွာရှိနေသော ဒေသဖြစ်ပေသည်။
ညောင်ရွှေမြို့နယ်ရှိ အင်းလေးသည် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၌ ဒုတိယ အကြီးဆုံးသော သဘာဝအင်းအိုင်ကြီးဖြစ် သည်။ အကျယ်အဝန်းတွင် ဒုတိယဖြစ်သော် လည်း အင်းတော်ကြီးထက် ပို၍ထင်ရှား ကျော်ကြားပြီးလျှင် ပို၍အရေးပါအရာရောက် ပေသည်။ တောင်နှင့်မြောက် တန်းလျက်ရှိ သော တောင်တန်းကြီးနှစ်ခုအကြား ခွက်ဝင် နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏အလယ် အနက်ရှိုင်းဆုံးသောအပိုင်း၌ တည်ရှိသော် လည်း အင်းလေးတည်ရှိရာအရပ်သည် ပင်လယ်ရေပြင်မှ ပေ ၂၉ဝဝ ကျော်မြင့်သည်။
တောင်ပေါ် အင်းအိုင်ကြီးတစ်ခုဖြစ်သော အင်းလေးသည် အရှေ့ဘက်နှင့် အနောက် ဘက်တို့တွင် တောင်ရိုးတောင်တန်းများ ဝန်းရံ လျက် ကြည်လင်ပြာလဲ့သော ရေပြင်ကျယ်ကြီး တို့ဖြင့် အလွန်သာယာ ရှုမောဖွယ်ကောင်း သောကြောင့် ဒေသန္တရခရီးသည် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ သွားလာလေ့လာမှု ပြုကြရာအဖြစ် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ၌လည်း ကျော်ကြားလျက်ရှိနေသည်။
အင်းလေးသည် တောင်နှင့်မြောက် အလျား ကိုးမိုင်ခန့်ရှိ၍ အကျယ်ဆုံးနေရာ၌ အရှေ့နှင့်အနောက် သုံးမိုင်ခွဲခန့်ရှိမည်ဟု ခန့်မှန်းရသည်။ နွေရာသီ၊ မိုးရာသီကိုလိုက်၍ ရေပြင်၏အကျယ်အဝန်းသည် အလျော့၊ အတိုးရှိသဖြင့် အင်းလေးရေပြင်၏ အကျယ် အဝန်းကို အတိအကျ မပြောနိုင်ပေ။ သို့သော် ပျမ်းမျှအားဖြင့် လက်ရှိ ရေပြင်အကျယ်အဝန်း သည် ၂၅ ဒသမ ၈ စတုရန်းမိုင်ရှိ၍ ဘေးပတ်လည် ကမ်းစပ်ရှိ ညွန်ပျောင်းမြေ များကိုပါ ထည့်သွင်းလျှင်မူ ၇၅ ဒသမ ၄ စတုရန်းမိုင်ရှိသဖြင့် အင်းတော်ကြီး၏ ရေပြင် အကျယ်အဝန်း ၄၄ ဒသမ ၉ စတုရန်းမိုင် ထက်ပင် ကျယ်ဝန်းသည်ဟု ဆိုနိုင်သည်။
အင်းလေးသည် ရေတိမ်အင်းဖြစ်ရာ ယင်းကို အချို့က အင်းတိမ်ဟုလည်း ခေါ်ကြ ပေသည်။ ရေအနက်ဆုံးအပိုင်းတွင် ပေ ၃ဝ ထက် မပိုပေ။ တောင်ဘက်ပိုင်းတွင် လေးပေ၊ ငါးပေခန့်ပင် မနက်ကြောင်း တွေ့ရသည်။ သို့သော် ရေတိမ်အနက်သည်လည်း ရာသီဥတု အချိန်အခါကိုလိုက်၍ အတိုး၊ အလျော့ ရှိလေသည်။ နွေရာသီတွင် ရေအနက်သည် ပျမ်းမျှ ခုနစ်ပေသာဖြစ်၍ အနက်ဆုံး ၁၂ ပေ ဖြစ်ကာ မိုးရာသီအခါတွင်မူ ပေ ၂ဝ အထိပင် ရေနက်သည်။ အင်းလေးအတွင်းသို့ အရှေ့ ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်တို့မှ မြစ်ချောင်းများ စီးဝင်သည်။ နမ့်လက်ချောင်း သည် ညောင်ရွှေရေဆင်းဒေသကို ဖြတ်သန်း လာသော ဟိုနန်ချောင်းနှင့်ပေါင်းလျက် ညောင်ရွှေမြို့အနီးတွင် မြေနုကျွန်းပေါ်ကို ဖြစ်စေပြီးလျှင် အင်းလေးအတွင်းသို့ မြောက် ဘက်မှ စီးဝင်သည်။ ထိုမြေနုကျွန်းပေါ်သည် ရေပြင်ထဲသို့ တစ်စတစ်စ ကျယ်ပြန့်ထိုးထွက် လာလျက်ရှိလေသည်။
အရှေ့ဘက်မှစီးဝင်သော ချောင်းများ သည် တောင်ရိုးတောင်တန်းများမှလာသော တောင်ကျချောင်းများဖြစ်၍ နွေတွင် ရေခန်း ခြောက်သော ချောင်းဦးတိုများလည်း ဖြစ် သည်။ ကန်းရိုးတန်းသည် အတန်ငယ် မတ်စောက်၍ တောင်ကျချောင်းများမှ အနည် အနှစ် ပို့ချမှုနည်းပါးသဖြင့် ထိုဘက်တွင် ရေပို၍ နက်ပေသည်။ သာမိုင်ခမ်းချိုင့်ဝှမ်းမှ စီးဆင်းလာသော ကလောချောင်း၊ အင်းလေး ၏ အနောက်ဘက်ကမ်းဖြစ်သည့် တောင်ရိုး တောင်တန်းများမှ ချောင်းလက်တက်များစွာ နှင့် အရှိန်ပြေပြေစီးဆင်းလာသော နမ့်ဘီလူး ချောင်းတို့သည် အနည်အနှစ်များကို သယ်ယူ လာကာ အောက်ပိုင်းတွင် မြေနုကျွန်းပေါ်ကို ဖြစ်စေလျက် ချောင်းဝများ ခွဲထွက်ပြီးလျှင် အင်းလေးအတွင်းသို့ အနောက်ဘက်မှ စီးဝင် သည်။
အင်းလေး၏ တောင်ဘက်စွန်းတွင်မူ အင်းလေးအတွင်းသို့စီးဝင်သော မြစ်ချောင်း မရှိပေ။ ၄င်း၏အတွင်းသို့ စီးဝင်သော ရေများ သည် ထိုမှာဘက်တွင် မြစ်ကြောင်းတစ်ဖန် ပြန်၍ပေါ်သော နမ့်ဘီလူးချောင်းအားဖြင့် ပြန်၍စီးထွက်ကြသည်။ နမ့်ဘီလူးချောင်း သည် ကယားပြည်နယ် လွိုင်ကော်မြို့ကို ဖြတ်သန်းကာ နမ့်ပေါင်မြစ်အတွင်းသို့ စီးဝင် သည်။ ယင်းမှတစ်ဖန် သံလွင်မြစ်အတွင်းသို့ ဝင်ရောက်လေသည်။ ထို့ကြောင့် အင်းလေး သည် သာမန်အားဖြင့်ကြည့်လျှင် မြန်မာ နိုင်ငံ၏ အရေးပါသော မြစ်ကြီးများနှင့် အဆက်အသွယ်မရှိ၊ သီးသန့်တည်နေသည် ဟု ထင်မြင်ရသော်လည်း စင်စစ် သံလွင်မြစ် ကြောင်းနှင့် ဆက်သွယ်လျက်ရှိသည်ကို တွေ့ရ ပေသည်။
အင်းလေးဟု ခေါ်တွင်ရခြင်းမှာ မူလ အစက ထိုအင်းအိုင်ကြီးထဲတွင် ရွာကြီး လေးရွာရှိသဖြင့် ထိုအင်း၏ ဒေသတစ်ဝိုက် သည် အင်းလေးရွာဒေသဟုခေါ်တွင်ခဲ့ဟန် တူပေသည်။ နောက်ဆုံးစကားလုံး 'ရွာ'ကို ချန်လှပ်၍ ထိုအင်းအိုင်ကြီးကိုပင် 'အင်းလေး'ဟု ခေါ်တွင်လာကြသည်ဟု ယူဆကြကြောင်း အချို့က ဆိုကြပေသည်။ ထိုရွာကြီးလေးရွာ တို့မှာ (၁) နောင်တော၊ (၂) နန်းပန်၊ (၃) ရွာကြီးရွာနှင့် (၄) ရွာမတို့ ဖြစ်ကြသည်။ ယခုအခါတွင် အင်းလေး၏ ကမ်းနှင့်နီးစပ်ရာ ရေပြင်ပေါ်တွင်လည်းကောင်း၊ ကမ်းစပ်ရေ တစ်ဝက် ကုန်းရေတစ်ဝက်တွင်လည်းကောင်း ရွာကြီးရွာငယ်များ၊ အိမ်ကြီးအိမ်ကောင်း၊ ဟိုတယ်များနှင့် ဘုရား၊ တန်ဆောင်း၊ သိမ် ကျောင်း၊ ဇရပ်တို့ဖြင့် သိုက်မြိုက်စွာတွေ့ကြ ရသည်။ အင်းလေး၏ ထူးခြားချက်မှာ ရေပြင် ပေါ်တွင် ရွာကြီးရွာငယ်များ တည်ဆောက် ထားကြကာ တစ်နေရာမှတစ်နေရာသို့ ကူးသန်းသွားလာရာ၌ လှေကို ခြေဖြင့် လှော် ခတ်၍လည်းကောင်း၊ စက်များဖြင့်လည်း ကောင်း သွားလာကြပြီးလျှင် ကျွန်းမျောများ ပေါ်တွင် စိုက်ခင်းပျိုးခင်းများကို စိုက်ပျိုး လုပ်ကိုင်ကြခြင်း ဖြစ်လေသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေနယ် အင်းလေးဒေသတစ်ဝိုက်၌ အခြေစိုက်နေထိုင် လျက်ရှိသော လူမျိုးစုတစ်စုကို အင်းသား လူမျိုးဟုခေါ်သည်။ အင်းရေပြင်တွင် လည်းကောင်း၊ အင်းလေးကမ်းစပ် ရေတစ်ဝက် ကုန်းတစ်ဝက်တွင် လည်းကောင်း ရွာများကို တည်ထောင်နေထိုင်သူများ ဖြစ်ကြသဖြင့် ထိုသို့ခေါ်ဝေါ်ခြင်း ဖြစ်ပေသည်။ အင်းသား လူမျိုးတို့သည် ထိုဒေသ၏ မူလတိုင်းရင်းသား များ မဟုတ်ပေ။ ၄င်းတို့သည် ရှမ်းပြည်နယ် ၏ လူမျိုးစုတစ်စုဖြစ်သော်လည်း ရှမ်းထက် မြန်မာပို၍ဆန်သည်။ အင်းသားတို့၏ စကား လေသံ လေယူလေသိမ်းတို့သည် အလွန် ရှေးကျသော မြန်မာစကားသံတို့နှင့်တူသည်။ မျက်နှာပုံပန်း၊ ကိုယ်ခန္ဓာအချိုးအဆစ်တို့က လည်း မြန်မာတို့နှင့် ဆင်သည်။ ထို့ကြောင့် အင်းသားတို့သည် တိဘက်-မြန်မာအနွယ်ဝင် လူမျိုးစုတစ်စုဟု ဆိုကြသည်။
အင်းသားတို့၏ စကားလုံးဝေါဟာရများ တွင် ရခိုင်လူမျိုး၊ ထားဝယ်လူမျိုးတို့၏ စကားလုံးများနှင့်ဆင်တူသော ဝေါဟာရများ လည်းရှိသည်။ ထို့ကြောင့် အင်းသားတို့သည် ရခိုင်အုပ်စုခွဲ၊ ထားဝယ်အုပ်စုကွဲတို့နှင့် နီးစပ် သော လူမျိုးစုတစ်စုဟုလည်း ဆိုကြသည်။ အချို့ကမူ အင်းသားလူမျိုးသည် ထားဝယ် လူမျိုးမှ ဆင်းသက်ဆက်နွှယ်လာသည်ဟု ဆိုကြပေသည်။
အင်းသားတို့သည် ထားဝယ်လူမျိုးအဆက် ဟု ဆိုကြသော်လည်း အင်းလေးဒေသသို့ မည်သို့မည်ပုံ ရောက်ရှိလာသည်ဟူသော အချက်၌မူ အယူအဆ အမျိုးမျိုးရှိနေလေ သည်။ အင်းသားလူမျိုးတို့၏ မူလဘူတနှင့် စပ်လျဉ်း၍ အချို့သုတေသီတို့၏ အယူအဆ မှာ ရှေးအတိတ်ကာလမှ တိဘက်-မြန်မာ နိုင်ငံအတွင်းသို့ ဝင်ရောက်လာသောအခါ မူလပင်ရင်းအုပ်စုကြီးမှ အုပ်စုခွဲများ ခွဲထွက် ပြီးလျှင် အရှေ့၊ အလယ်၊ အနောက်စသည်ဖြင့် အရပ်ရပ်သို့ ပျံ့နှံ့သွားကြသည်။ အလယ်ပိုင်း သို့ ခွဲထွက်လာသော တိဘက်-မြန်မာအစုတွင် ရခိုင်အုပ်စုခွဲ၊ ထားဝယ်အုပ်စု၊ အင်းသား အုပ်စုကွဲတို့ ပါဝင်သည်။ ¤င်းမှတစ်ဖန် လမ်းခွဲ ခဲ့ကြပြန်ရာ ရခိုင်အုပ်စုကွဲသည် ဧရာဝတီမြစ် အနောက်ဘက်သို့ကူးကာ ရခိုင်ပြည်သို့ ရောက်သွားကြသည်။ အင်းသားအုပ်စုသည် အင်းလေးဒေသဘက်သို့ ရောက်ရှိလာကြ သည်။ ရခိုင်၊ ထားဝယ်၊ အင်းသားတို့၏ စကားသံ၊ ဝေါဟာရအသုံးအနှုန်းများစွာတို့၌ တူညီနေခြင်းဖြစ်သည်ဟု ဆိုကြလေသည်။
ယခုအခါ အင်းသားလူမျိုးတို့သည် ညောင်ရွှေမြို့မှစ၍ အင်းလေး၏ အရပ် ရှစ်မျက်နှာတစ်ဝိုက်တွင် ပျံ့နှံ့နေထိုင်လျက် ရှိကြသည်။ ညောင်ရွှေမှ ကယားပြည်နယ် လွိုင်ကော်မြို့အထိ၊ ဘီလူးချောင်းတစ်လျှောက် ဘေးတစ်ဖက်တစ်ချက်၌လည်း အင်းသား လူမျိုးများကို တွေ့ရသည်။ ၁၉၅၅ ခုနှစ် အစီရင်ခံစာအရဆိုလျှင် အင်းသားလူမျိုး စုစုပေါင်း ရှစ်သောင်းခန့်ရှိမည်ဟု ခန့်မှန်း ထားလေသည်။ ၂ဝ၁ဝ ခုနှစ် လူဦးရေစစ်တမ်း ကောက်နုတ်ချက်အရ အင်းသားလူမျိုး စုစုပေါင်း တစ်သိန်းနှစ်သောင်းရှစ်ထောင် ကျော်ခန့်ရှိကြောင်း သိရှိရပေသည်။ အင်းသား လူမျိုးတို့သည် ရှမ်းပြည်နယ် လူမျိုးစုများ အနက် လူနေမှုအဆင့်အတန်း အတော်အတန် မြင့်သူများ ဖြစ်ကြသည်။ လုံ့လဝီရိယနှင့် ပြည့်စုံသူများဖြစ်သဖြင့် စီးပွားရေးလုပ်ငန်း၊ အသက်မွေးမှုလုပ်ငန်းတို့ကို တစ်မျိုးမက လုပ်ကိုင်နိုင်ကြသူများဖြစ်ကြရာ စီးပွားရေး ခိုင်လုံတောင့်တင်းသူ များပြားလေသည်။
မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)ကြေးမှုံ
No comments:
Post a Comment