Latest News

Sunday, January 7, 2018

မန်ယူနည်းပြ မော်ရင်ဟိုနှင့် ချယ်လ်ဆီးနည်းပြ ကွန်တီတို့ကြား မပြေလည်မှုမှာ ပိုမိုတိုးပွားလာ


မန်ယူနည်းပြ မော်ရင်ဟိုနှင့် ချယ်လ်ဆီးနည်းပြ ကွန်တီတို့ကြား မပြေလည်မှုမှာ ပိုမိုတိုးပွားလာ


မိမိကို ဇရာထောင်းလာပြီဟု ပြောသောကွန်တီကို မော်ရင်ဟိုတုံ့ပြန် ကွန်တီကဲ့သို့ လုပ်ပွဲကြောင့် ပွဲပိတ်ခံရမှုမျိုး မိမိမကြုံနိုင်ဟု ပြန်လည်ပြောဆိုခဲ့သည်​။

မန်ယူနည်းပြ မော်ရင်ဟိုနှင့် ချယ်လ်ဆီးနည်းပြ ကွန်တီတို့ကြား မပြေလည်မှုမှာ ပိုမိုတိုးပွားလာပြီး ယခုလည်း မော်ရင်ဟိုက ကွန်တီကို လုပ်ပွဲအမှုကြောင့် ပွဲပယ်ခံရသည့် အဆင့်မျိုးမိမိတွင် ယခင်ကလည်းမရှိ၊ နောင်လည်း ရှိလာမည် မဟုတ်ဟု ပြန်လည်ပြောသည်။ မော်ရင်ဟိုက ကွန်တီကို ကွင်းစည်းဘေးအစပ်တွင် အလွန်အကြူး စိတ်လှုပ်ရှားကာ အောင်ပွဲခံနေကျအမူအရာအား လူရွှင်တော်တစ်ဦးနှင့်တူသည်ဟု ဝေဖန်ကာ မိမိသည်ရင့်ကျက် လာပြီဖြစ်သောကြောင့် ထွေထွေထူးထူးသော သွင်းဂိုးမျိုး မဟုတ်လျှင် တက်ကြွစွာ အောင်ပွဲမခံတော့ဟုပြောကြားခြင်းကို ကွန်တီက မော်ရင်ဟိုသည် အရွယ်လွန်အိုမင်း ဇရာထောင်းလာခြင်းကြောင့်သာ မိမိ၏တက်ကြွမှုကို ဝေဖန်နေခြင်းဖြစ်သည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက တုံ့ပြန်ခဲ့သည်။

မန်ယူအသင်းသည် ယမန်နေ့ညက ဒါဘီအသင်းကို နှစ်ဂိုးပြတ်အနိုင်ရသော အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုက မိမိအား ဇရာထောင်းနေသူဟု ဝေဖန်ခဲ့သော ကွန်တီနှင့်ပတ်သက်ပြီး ပြန်လည်ပြောသည်။ ''ကြည့်လေ၊ ကျွန်တော်ပြောခဲ့တာက ဒီလို။ သူ့ကို အပြစ်တင်တာလည်းမဟုတ်ဘူး။

ကိုယ့် အကြောင်းကိုယ်ပြောခဲ့တာပါ။ ကိုယ်ဆိုရင် စိတ်လှုပ်ရှားမှုကိုပြဖို့ ကွင်းစည်းအစပ်မှာ လူရွှင်တော်တစ်ယောက်လို လုပ်ပြနေဖို့မလိုဘူးလို့ ပြောခဲ့တာပါ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ပိုပြီးထိန်းချုပ်နိုင်တယ်။ ကျွန်တော့်ဘဝမှာ ဘယ်တော့မှ မဖြစ်ခဲ့တာ၊ နောင်လည်း ဖြစ်လာမှာမဟုတ်တာကတော့ တစ်ခုရှိတယ်။ ဘောလုံးပွဲမှာ လုပ်ပွဲဖန်တီးလို့ ပွဲပယ်ခံရတာမျိုးတော့ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး'' ဟု မော်ရင်ဟို ကပြောသည်။

ချယ်လ်ဆီးနည်းပြ ကွန်တီသည် လွန်ခဲ့သည့် ခုနစ်နှစ်က အီတလီတွင် ဆီနာအသင်းကိုကိုင်တွယ်ခဲ့စဉ် ဘောလုံးပွဲလုပ်ပွဲဖန်တီးမှုနှင့် ပတ်သက်ပြီး ၁ဝ လ ပွဲပိတ်ခံခဲ့ရသည်။

သို့သော် ၂ဝ၁၂ ခုနှစ်က ဂျူဗင်တပ်စ်ကို နည်းပြနေစဉ် ထိုပြစ်ဒဏ်ကို လေးလသို့ လျှော့ချပေး ခဲ့သည်။ ပြီးခဲ့သည့် မေလကလည်း ကွန်တီသည် ခရီမိုနာလုပ်ပွဲ အရှုပ်တော်ပုံတွင် ပါဝင်သည်ဆိုကာ အမှုလိုက်များ၏ စွဲချက်တင်ခြင်းခံရပြီး ခြောက် လပွဲပိတ်ရန်နှင့် ပေါင် ၆ဝဝဝ ဒဏ်ရိုက်ရန်တရားရုံးထံ လျှောက်ထားခဲ့သော် လည်း ထိုအမှုအား ခေါ်ယူစစ်ဆေးပြီးနောက် အခြေအမြစ်မခိုင်မာသော စွပ်စွဲမှုများဟုဆိုကာ အမှုတွဲမှကင်းလွတ်စေခဲ့သည်။

လုပ်ပွဲကိစ္စနှင့်ပတ်သက်ပြီး ကွန်တီကိုပြောခြင်းလားဟု မီဒီယာများက ဆက်မေးရာတွင်မော်ရင်ဟိုက ''သူလုပ်ခဲ့တာ သူသိမှာပေါ့။ ကျွန်တော် တော့မလုပ်ခဲ့ပါဘူး'' ဟု ဆက်ပြောသည်​။ (MWD)

No comments:

Post a Comment