ဘိုကလေး ဇန်နဝါရီ ၃ဝ
ပြည်သူများ အပန်းဖြေခရီးသွားလာအနားယူနိုင်ရန် ရည်ရွယ် ပြုလုပ်ထားသည့် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာ၌ ဧရာကမ်းခြေအမည်ရှိ ကမ်းခြေတစ်ခုကို ဇန်နဝါရီ ၃ဝ ရက် ညနေ ၄ နာရီက စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ဒေသရဲ့ အဓိက စီးပွားရေးလုပ်ငန်းက ဆန်စပါး၊ ရေလုပ်ငန်းနဲ့ ရေထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း ကို အားထားလုပ်ကိုင်ရပါတယ်၊ အခုလို ခရီးသွားလုပ်ငန်း တစ်ခု စတင်လာတာကို ကြိုဆိုပါတယ်၊ အောင်မြင်လာရင် ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးလာ မှာမို့ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူ ရလိမ့်မယ်လို့ မြင်ပါတယ်''ဟု ဘိုကလေးမြို့ခံ ဦးမင်းလွင်က ပြောသည်။
အဆိုပါ ဧရာကမ်းခြေသစ်သည် ဧရာဝတီတိုင်းဒေသ ကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာအနီးရှိ ဧရာရွာ၌ တည်ရှိပြီး ဘိုကလေးမြို့မှ သွားမည်ဆိုပါက ဘိုကလေးတစ်ဖက်ကမ်း သာပေါင်းရွာမှတစ်ဆင့် ကံ့ကော် တစ်ထောင်ဘုရားသို့သွားသည့် ကားလမ်းအတိုင်း ကဒုံကနိရွာ သို့ သုံးနာရီကြာသွားရမည် ဖြစ်သည်။ ထိုမှတစ်ဆင့် ဧရာ ကမ်းခြေသို့ ကားလမ်း၊ ရေလမ်းခရီးဖြင့် မိနစ် ၃ဝ သွားရ မည့် ခရီးစဉ်ဖြစ်သည်။
ရန်ကုန်မြို့မှ ဘိုကလေးမြို့သို့ သွားလိုပါက ဒဂုန်ဧရာ အဝေးပြေးကားဝင်းမှတစ်ဆင့် မအူပင်၊ ကျိုက်လတ်၊ ဖျာပုံမှ ဘိုကလေးမြို့သို့သွားနိုင်ပြီး ဒလဘက်ခြမ်းကားဝင်းတို့မှတစ်ဆင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံမြို့မှတစ်ဆင့် သွားလာနိုင်ကြောင်း သိရသည်။
ဧရာကမ်းခြေသည် သဘာဝအတိုင်း ဖြစ်ထွန်းနေပြီး သုံးမိုင်ခန့် ရှည်လျားကာ ကမ်းခြေတစ်လျှောက် အပန်းဖြေ အနားယူနိုင်သည့်အပြင် ပင်လယ်ထဲသို့ထိုးသည့် တံတားပေါ် သို့လည်း ဖြတ်လျှောက်အပန်းဖြေနိုင်ကြောင်း သိရသည်။
''ဒီဒေသက နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသတစ်ခု ဖြစ်နေ တယ်။ ဒီလုပ်ငန်းပေါ်လာတော့ ဒေသခံတွေအတွက် အလုပ် အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေတိုးလာနိုင်ပါတယ်၊ နောက် လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေလာနိုင်တယ်၊ အဲ့ဒီလို လမ်းကောင်းလာရင် သဘာဝဘေးကြုံလာခဲ့ရင် ကူညီကယ်ဆယ် ရေးလုပ်ငန်းတွေ ပိုမိုအဆင်ပြေ အထောက်အကူဖြစ်လာနိုင် တယ်၊ ရေလုပ်ငန်းအားပြုတဲ့ စီးပွားရေးသည် မီးခိုးမထွက်တဲ့ စီးပွားရေးလုပ်ငန်း ခရီးသွားလုပ်ငန်းအဖြစ် ဒေသခံပြည်သူ တွေအတွက် ဝင်ငွေတိုးလာနိုင်ပါတယ်''ဟု ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ပြောသည်။ သူဇာနွယ်(ဖျာပုံ)မြန်မာ့အလင်း
No comments:
Post a Comment