၂ဝ၁၈ခုနှစ် နှစ်သစ်ကူးဇန်နဝါရီ တစ်လလုံးနီးပါး အရောင်း အဝယ်အေးစက်နေခဲ့သည့် ရန်ကုန်ကားဈေးကွက်သည် တင်းမာ မနေနိုင်တော့ဘဲ ယခုလကုန်ပိုင်းကာလများအတွင်း အရောင်း အဝယ်ပိုမိုများပြားလာခဲ့ကြောင်း ကားဈေးကွက်အတွင်းမှ သိရှိ ရသည်။
အရောင်းအဝယ်မှာ ဈေးမာဖြင့်တန့်နေခဲ့ပြီး မေးသူဝယ်သူ များမှာမဖြစ်မနေ လိုအပ်လာသည့်အခြေအနေများကြောင့် အင်ဂျင်ပါဝါနိမ့်မော်တော်ကားများ အရောင်းအဝယ်ဖြစ်လာ ခဲ့ခြင်းဖြစ်သည်။ ''ဆက်ပြီးတင်းမခံနိုင်တဲ့ကားတွေက မဖြစ်မနေ ရောင်းချင်လာတော့ ဈေးလျှော့ရတော့တာပေါ့၊ ဝယ်လက်က တော့ အမြဲစောင့်ကြည့်နေတာ၊ ပုံမှန်ထက် ဈေးနည်းနည်း လျှော့တယ်ဆိုရင်တော့ အရောင်းအဝယ်က ဖြစ်သွားတယ်''ဟု မော်တော်ယာဉ်အရောင်းအဝယ်ပြုလုပ်သူ ကိုကျော်ဇေယျာ ဝင်းက ပြောသည်။
ထို့ပြင် လက်ရှိတွင် မူဝါဒအသစ်ဖြင့် မော်တော်ယာဉ် တင်သွင်းရန်အတွက်လည်း အခက်အခဲများရှိနေကြောင်းသိရ သည်။ဘယ်မောင်းကားများ တင်သွင်းပါက အသစ်များဖြစ်နေ ပြီး ကုန်ကျစရိတ်မှာလည်း များစွာမြင့်မားနေကြောင်း၊ အများ အားဖြင့် ဥရောပနိုင်ငံများမှ မော်တော်ကားများကို မှာယူ တင်သွင်းရမည်ဖြစ်ခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင်းမှ ညာမောင်း ကားများထက်များစွာ မြင့်တက်နိုင်မည်ဖြစ် ကြောင်း သိရသည်။
လက်ရှိဈေးကွက်အတွင်းတွင် အင်ဂျင်ပါဝါနိမ့် ၆၆ဝစီစီ ၊ ၁၃ဝဝ စီစီကားများ အရောင်းသွက်နေပြီး ၁၈ဝဝ စီစီနှင့်၂၅ဝဝ စီစီအောက် မော်တော်ကားများလည်း အရောင်းအဝယ်ဖြစ်လာ ကြောင်း သိရသည်။
စလစ်ဈေးကွက်မှာမူ ဈေးငြိမ်နေပြီး သက်တမ်း နှစ် ၂ဝ အမည်ပေါက်စလစ်၏ ဈေးနှုန်းမှာ ငွေကျပ်သိန်း ၁၂ဝ ဝန်းကျင် ရှိပြီး တက္ကစီစလစ်မှာ ငွေကျပ် သိန်း ၁ဝဝ၊ တိုက်ကြေ စလစ်မှာ ငွေကျပ် သိန်း ၁၁ဝ ဝန်းကျင်ပေါက်ဈေးရှိသော်လည်း အရောင်း အဝယ်ဖြစ်သလောက် နည်းပါကြောင်း သိရသည်။ ယခု ဇန်နဝါရီလအတွင်း ယာဉ်ဟောင်းများအား ပြန်လည်အပ်နှံပြီး စလစ်ကပ်ကာ ရန်ကုန်လိုင်စင်လျှောက်ထားသည့် ကားသစ် ၂၇ စီးသာရှိသေးသည်ကို ရန်ကုန်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။ ။
မင်းသော်(မြန်မာ့အလင်း)
No comments:
Post a Comment