ကြေးမောင်းကြီး တစ်လုံးစီ လာရောက်လှူဒါန်း
သထုံ ဇန်နဝါရီ ၃ဝ
မွန်ပြည်နယ် သထုံမြို့၏ ကျက်သရေ ဆောင် လေးဆူဓာတ်စံ ရွှေစာရံစေတီ တော်မြတ်ကြီးနှင့် သမိုင်းဝင်မြသပိတ် ဆံတော်ရှင် စေတီတော်မြတ်ကြီးတို့၌ ကြေးမောင်းကြီး တစ်လုံးစီကို ထိုင်းနိုင်ငံ ကျဝတက်မြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းမှ ဆရာတော်သံဃာတော်များက ဇန်နဝါရီ ၂၉ ရက်က လာရောက် လှူဒါန်းထားရှိခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် လအနည်းငယ်ခန့်က မြန်မာနိုင်ငံရှိ စေတီတော်များအား လာရောက်ဖူးမြော်ခဲ့ပြီး သထုံမြို့ရှိ ရွှေ စာရံစေတီတော်နှင့် မြသပိတ်စေတီတော် တို့အား ကြည်ညိုသဖြင့် ဆရာတော်များ နှင့် တိုင်ပင်ကာ လာရောက်လှူဒါန်းရခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ ကျဝတက်မြို့နယ် ရှိ ဘုန်းတော်ကြီးကျောင်း ကိုယ်စား လာရောက်လှူဒါန်းသူ မြဝတီမြို့နယ် ရွှေကုက္ကို မလွှမ်းပိုတောင်ပေါ်ရှိ မြရေ တံခွန်တောရကျောင်းမှ ဆရာတော် ဦးသု ဘောဂက မိန့်ကြားသည်။
''ဒီကြေးမောင်းတွေကို ထိုင်းမှာ သွန်းလုပ်ပြီး ခက်ခက်ခဲခဲ သယ်ဆောင် လာတာပါ၊ ကြေးမောင်း နှစ်ခုလုံးမှာ အာဆီယံအမှတ်အသားတွေ ရေးထား တယ်၊ သဘောကတော့ အာဆီယံနိုင်ငံ တွေ တစ်စုတစ်စည်းတည်းရှိတဲ့အဓိပ္ပာယ် ပေါ့၊ ဒီကြေးမောင်းကို တီးလိုက်ရင် အာဆီယံဒေသတစ်ခုလုံး အေးချမ်း သာယာမှုရမယ်လို့ ယုံကြည်ပါတယ်''ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
အဆိုပါ ကြေးမောင်းကြီးနှစ်လုံး အနက် ရွှေစာရံစေတီတော်တွင် လှူဒါန်း သော ကြေးမောင်းကြီးမှာ ၁၅ ပေ ပတ် လည်အချင်းရှိပြီး မြသပိတ်စေတီတော် တွင်ထားရှိမည့် ကြေးမောင်းမှာ ၁ဝ ပေ ပတ်လည် အချင်းရှိကာ ကြေးမောင်း နှစ်လုံးမှာ ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၄ဝ ကျော်ရှိကြောင်း သိရသည်။
သက်ဦး(သထုံ)မြန်မာ့အလင်း
No comments:
Post a Comment