Latest News

Thursday, January 4, 2018

ရွှံ့ထဲနွံထဲကနေ ရုန်းထွက်ပြီး မယ်ဒလင်တစ်လက်နှင့် နိုင်ငံကျော် အဆိုတော်ဖြစ်လာသူ တွံတေးစိုးအောင်

ရွှံ့ထဲနွံထဲကနေ ရုန်းထွက်ပြီး မယ်ဒလင်တစ်လက်နှင့် နိုင်ငံကျော် အဆိုတော်ဖြစ်လာသူ တွံတေးစိုးအောင်

တွံတေးမြို့ ကျုံးကြီး ရပ်ကွက်မှာ  မွေးဖွားခဲ့ပြီး  တောင်ယာ လုပ်ငန်းနှင့် အသက်မွေး ဝမ်းကျောင်းနေသူ မိဘများမှမွေးဖွားခဲ့သူ၊ မြန်မာသံစဉ်တေးသီ ချင်းတွေကို  မယ်ဒလင် တစ်လက်နှင့် ဖန်တီးသီဆိုနိုင်ခဲ့ပြီး တစ်ကိုယ်တော်တေးစီးရီးပေါင်း ၁ဝဝ ကျော်ကို ထွက်ရှိခဲ့သူ အဆိုတော်တွံတေးစိုးအောင်နှင့် ယခုလို တွေ့ဆုံဖြစ်ခဲ့သည်။
မေး ။ အစ်ကိုရဲ့ ပရိသတ်တွေအတွက် ၂ဝ၁၈ မှာ ဂီတနဲ့ပတ်သက်ပြီး ဖန်တီးမှုတွေ သိပါရစေ၊ ပြီးတော့ ဂီတလောကမှာ အတွေ့နည်းလာတာကရော
ဖြေ  ။ ကျွန်တော် မြန်မာသံ စီးရီးလေးတစ်ခွေလုပ်နေပါတယ်။ 'ထိုင်းနိုင်ငံ ရောက် မြန်မာမလေး' ဆိုတဲ့ အခွေထွက်ဖို့ပြင်ဆင်နေပါတယ်၊ အဲဒီခွေလေး လုပ်ဖြစ် တာကလည်း ကိုယ့်မြေကိုယ့်ရေကို စွန့်လွှတ်ပြီး မိသားစုအတွက် မိန်းကလေး တစ်ယောက်ဖြစ်ပေမယ့် စွန့်စားပြီး အလုပ်တွေ လုပ်ကိုင်နေတာလေးကို လေးစားလို့ ဖန်တီးဖြစ်ခဲ့တာပါ၊  အဲဒီထဲမှာ သီချင်း ၁၃ ပုဒ်ထည့်ထားပါတယ်၊ အမြူးလေးတွေနဲ့ အအေးလေးတွေ ပေါင်းပြီး ဖန်တီးထားပါတယ်၊ ဂီတ လောကမှာ ကျွန်တော်ရှိပါတယ်၊ အခွေပဲမထွက်ဖြစ်တာပါ၊  အခွေမထွက် တာကလည်း ခိုးကူးတွေကြောက်လို့ပါ၊  ကျွန်တော်က ဘာမှမဖြစ်ပေမယ့် ထုတ်လုပ်ရေးတွေက ပြဿနာရှိလာလို့ပါ၊ နယ်ပွဲတွေလောက်ပဲဆိုဖြစ်တာများ ပါတယ်၊ အခုထွက်မယ့် အခွေကလည်း ကိုယ့်ဘာသာကိုယ်ပဲ ထွက်လိုက်တာပါ၊ ဂီတလောကမှာ ကိုယ့်ကိုပရိသတ်မေ့နေမှာ  စိုးလို့ပါ၊ တစ်နှစ်ကို တစ်ခွေတော့ ကျွန်တော် ထွက်ဖြစ်နေမှာပါ။
မေး ။ ဂီတဖန်တီးမှုပိုင်းရော  အားနည်းသွားတာမျိုး  ရှိလား၊ ဂီတ သမားတွေက ပြန်ဆို တေးနဲ့ သံသရာလည်နေတာဆိုတော့လေ။
ဖြေ ။   အဲဒီလိုမျိုးတော့မရှိပါဘူး၊ အခွေမထွက်နိုင်တာပဲရှိတာပါ၊ ကိုယ်ထပ်ပြီး ဖန်တီးတဲ့ ဂီတကတော့ မလျော့ပါဘူး၊ အခုထိုင်းနိုင်ငံရောက်မြန်မာမလေးဆိုတဲ့ အခွေ ဆိုလည်း မယ်ဒလင်တစ်ခုတည်း မဟုတ်တော့ပါဘူး၊ တခြားတူရိယာတွေလည်း ပါပါတယ်၊ ပုံစံတစ်မျိုးတော့ ပရိသတ်ခံစားရမယ်ထင်ပါတယ်၊ အခုအခွေမှာလည်း သီချင်းအသစ်တွေပဲပါမှာပါ၊  အဟောင်း တွေဆိုတာနည်းပါတယ်၊ ကျွန်တော့် အနေနဲ့ ပြောချင်တာလေးတစ်ခု ရှိပါတယ်၊   အဆိုတော်တွေ အနေနဲ့    များလာတာကို လက်ခံပါတယ်၊  ကျွန်တော် တို့      ဂီတလောကကြီး ပိုကျယ်ပြန့်လာတဲ့ သဘော ပါ၊ ဒါပေမယ့် ဂီတဖန်တီးမှု အပိုင်းကျတော့  ပြန်ဆိုတေး တွေချည်းပဲ    လုပ်နေကြတာ ကြောင့်၊ ဘယ်သူဆိုလို့ဆိုမှန်းတောင် မသိတော့တဲ့အဖြစ်မျိုး ဖြစ်နေတယ်၊ အရင် ကတော့ တစ်ပုဒ်ကောင်းကို တစ်ယောက်ကပဲ ပင်တိုင်ဆိုကြတာလေ၊  အခုတော့  တစ်ပုဒ်ကို  အဆိုတော်  ဆယ်ယောက်ရှိရင်  ဆယ်ယောက်လုံးက ဆိုတော့ သီချင်းတွေက ရိုးအီတဲ့ပုံဖြစ်နေတယ်၊ ပရိသတ်ကလည်း သီချင်းပဲသိတယ်  ဘယ်သူဆိုမှန်း မသိကြတော့တဲ့အဖြစ်မျိုးကြုံနေရတယ်။
မေး ။ သီချင်းအများစုက အောင်မြင်ပြီး ပရိသတ်အကြိုက်တွေ့ ခဲ့တာများတယ်ဆိုတော့၊ ရေးသားမှုပိုင်းမှာ ဘယ်လိုခံစားပြီး ဖနိတီးဖြစ်ခဲ့လဲ။
ဖြေ ။  အမှန်ကတော့ အပေါင်းအသင်းတွေရဲ့ အသိတွေက သူတို့ရဲ့ ခံစားမှုတွေကို ပြောကြတယ် ၊  အဲဒါလေးတွေကို   ကျွန်တော်က   ခံစားပြီးရေးဖြစ်ခဲ့တာပါ၊ နောက်တစ်ခုက လူတွေဖြစ်ပျက်နေတာလေးတွေကို တွေးပြီး ကိုယ်တိုင်ခံစား ရေးသားခဲ့တာပါ၊ သဘောတစ်ခုက လူတစ်ယောက်က မင်္ဂလာဆောင်မှာ သူ့ရဲ့ ရည်စားအတွက် ခံစားနေရတယ်ဆို အဲ့လူဘက်ကကြည့်ပြီး ရေးလိုက်တာပါ၊ လူတွေဖြစ်နေတဲ့အပေါ်ကို ခံစားရေးသားတာများပါတယ်၊ နောက်တစ်ခုက ငွေကြေး ပြည့်စုံသူနဲ့ မပြည့်စုံတဲ့သူတွေ  ကြိုက်ကြတဲ့အခါ ခံစားရတဲ့ ခံစားမှုလေး တွေကို ကျွန်တော်က ဆင်းရဲတဲ့သူဘက်ကနေ ခံစားပြီးရေးပါတယ်။
မေး  ။ တွံတေးစိုးအောင်ဆိုပြီး ဖြစ်လာစေတဲ့ တွန်းအားတွေက ဘယ်လိုအကြောင်း အရာတွေကြောင့်လဲ။
ဖြေ ။   အစ်ကိုတို့ မိဘတွေက တောင်ယာသမားတွေပါပဲ၊ ကျွန်တော်က မယ်ဒလင်နဲ့ အမြဲ သီချင်းတွေဆိုတယ်၊ မိဘတွေက သဘောမကျဘူး၊ ကျွန်တော်ကလည်း ဒါပဲ ဝါသနာပါတော့ မိဘတွေအလုပ်ကို မကြည့်နိုင်ခဲ့ဘူး၊ အဲဒီတော့ သူတို့က သဘော မကျကြဘူး၊ ကိုယ်တိုင်က ဂီတမှ ဂီတဆိုတော့ သဘောမတူတဲ့ကြားကနေ ရအောင်လုပ်ခဲ့တယ်၊ သူတို့သဘောမတူဘူးဆိုတာကလည်း တခြားမဟုတ်ပါဘူး၊ ဒီအလုပ်က လူတစ်ရာမှာ တစ်ယောက်က အောင်မြင်ချင်မှ အောင်မြင်တာ ဆိုတော့ အားမပေးကြတာပါ၊  အဲဒါနဲ့ ကျွန်တော်ကလည်း ဝါသနာပါတော့ ပထမဆုံး ဆိုင်းဝိုင်းတွေမှာ လိုက်ဆိုဖြစ်ခဲ့တယ်၊ တွံတေးမြို့က ဆိုင်းဝိုင်းတွေမှာ ဒီဘက်ခေတ်ကြိုက် မြန်မာသံလေးတွေကို သီဆိုခဲ့ပါတယ်၊ အဲဒီနောက်ပိုင်း ဆိုင်းဝိုင်းတွေမှာ မကတော့ဘဲ  မင်္ဂလာဆောင်တွေမှာ မယ်ဒလင် တစ်လက်နဲ့  ဆိုရတယ်၊  နောက်ကျွန်တော် ကက်စက်ခွေဖွင့်တဲ့စက်ကလေးနဲ့ ကျွန်တော် ဆိုသမျှ ကူးယူထားလိုက်တယ်၊ အလှူတွေရှိရင် ကျွန်တော့်အသံဖမ်းထားတဲ့ အခွေလေးကိုပေးပြီး ဖွင့်ခိုင်းတယ်၊ ပြီးတော့ အသားကောင်းတဲ့ခွေနဲ့ ထပ်ကူး ရင်းကနေ နယ်မှာ အလှူတွေလုပ်ရင် ကျွန်တော့်သီချင်းကို အမြဲဖွင့်တော့တာပါပဲ၊ အဲဒီကနေစပြီး တွံတေးစိုးအောင်ဆိုပြီး ပရိသတ်က သိလာတယ်၊ တေးထုတ်လုပ် ရေးတစ်ခုကနေ ကျွန်တော့်ကို ရန်ကုန်ကထင်ပြီး သီချင်းခွေတွေကို ရန်ကုန်မှာ ရှိတဲ့ တေးသံသွင်းတွေမှာ သွားဝယ်တော့မရှိဘူး၊ အဲဒါနဲ့ ကျွန်တော်နေတဲ့ တွံတေးကို စုံစမ်းပြီး သူတို့ရောက်လာကြတယ်၊ ရောက်လာပြီးမကြာဘူး ရွှေမင်းဂံတေး ထုတ်လုပ်ရေးကနေ ပထမဆုံးစီးရီးကို ကျွန်တော်ထုတ်ဖြစ်ခဲ့ပါတယ်၊ 'ကိုကိုလို့ ခေါ်ပါ' စီးရီးက ပထမဆုံးမှတ်တိုင်ပါပဲ၊ နောက်ကျက္ဘာကျော်ကနေ စီးရီးတွေ ဆက်တိုက်ထုတ်တော့တာပါပဲ။                                                      ကိုလင်း(မြန်​မာ့အလင်း)

No comments:

Post a Comment