နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ ဧရာဝတီဘဏ်၌ ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် အမေရိကန်ဒေါ်လာ ၁ဝဝ တန် ငွေစက္ကူအတုကို မြန်မာငွေဖြင့် လာရောက် လဲလှယ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ညောင်ကုန်းကျေးရွာ ကြာပင်အုပ်စု ဒက္ခိဏသီရိမြို့နယ်နေ မောင်နန်းဦးသည် ဧရာဝတီဘဏ် လီမိတက်သို့ ဒေါ်လာ ၁ဝဝ တန်ငွေစက္ကူအတု သုံးရွက်ကို မြန်မာငွေဖြင့် လာရောက်လဲလှယ်ခဲ့သည်။
၎င်းငွေစက္ကူကို မသင်္ကာ၍ စစ်ဆေးကြည့်ရာ ငွေစက္ကူ သုံးရွက်စလုံးမှာ နံပါတ်တစ်ခုတည်း ဖြစ်နေပြီး အတုများဖြစ်ကြောင်း သိရှိခဲ့သည်။ ငွေစက္ကူလာရောက် လဲလှယ်သူ နန်းဦးကို မေးမြန်းရာ တစ်ရွာတည်းနေ အောင်ခိုင်မင်းက လဲလှယ်ခိုင်းကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အောင်ခိုင်မင်းအား စစ်ဆေးမေးမြန်းရာ ၎င်း၏ညီအရင်းဖြစ်သူ အောင်မျိုးလှိုင် ရန်ကုန်မှ ပြန်လာစဉ် ပါရှိခဲ့သည့် ငွေဖြစ်ကြောင်း၊ ငွေစက္ကူများကို ၎င်း၏မိခင်က သေတ္တာထဲတွင် သိမ်းဆည်းထားခဲ့ကြောင်း၊ ၎င်း၏မိခင် ဆေးရုံတက်ရောက်၍ ဆေးကုသမှု ခံယူနေရာမှ ငွေလိုသဖြင့် သွားရောက်လဲလှယ်ခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒက္ခိဏခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်လက် တင်ပြထားကြောင်း သိရသည်။(MWD)
No comments:
Post a Comment