Latest News

Saturday, January 13, 2018

ဗိုလ်ချုပ်အောင်ဆန်း၊ ဖထီး(ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ) နှင့် မိုက်ကယ် အိုဝင်


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

လွတ်လပ်ရေး အရုဏ်ဦး ကာလတွင် အမျိုးသားခေါင်းဆောင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပြုမူနေထိုင်ပုံတွေက မြန်မာနိုင်ငံသားအများစု၏ နှလုံးသားတွင် စွဲထင်ကျန်ရစ်နေမည်ဟုယုံကြည်မိသည်။

လမ်းဘေးတွင်ဈေးရောင်းသည့် အကြော်သည်အမျိုးသားကြီး ကို ဗိုလ်ချုပ်အောင်ဆန်းက သူ့အနွေးထည်ချွတ်ပေးသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ငါးမူးတန်းက ရုပ်ရှင်ကြည့်သူလည်းဖြစ်သည်။ ကားပျက်လျှင် အိမ်မှ ၀န်ကြီးများရုံးထိလမ်းလျှောက်သည်။ ကားပေါ်လိုက်ပါရင်းကား ပျက်လျှင် လည်း ခပ်တည်တည် ဖြင့် ပင် ဆင်းတွန်းတတ်သည်။ သို့သော် ကာတွန်းနေရင်း ယာဉ်ထိန်းရဲလာဖမ်းမှာကိုတော့ဗိုလ်ချုပ်ကကြောက်သည်။

ရှမ်းအဖိုးအို တစ်ဦး က ဗိုလ်ချုပ်အောင်ဆန်းသုံးဖို့ လာပေးသည့်ရွှေချောင်းတွေကို လက်ဖျားဖြင့် မထိဘဲ
ဖဆပလ ပါတီ ရန်ပုံငွေ အဖြစ် လွဲပေးသည်။ ခြံထဲမှာကိုယ်တိုင် ဟင်းသီးဟင်းရွတ်စိုက်သည်။ လွတ်လပ်ရေး ရပြီး လျှင် နိုင်ငံရေးမှ အနားယူမည်၊ စာရေးပြီး စာရေးဆရာလုပ်မည်ဟုလည်း ဗိုလ်ချုပ်အောင်ဆန်းကပြောဖူးသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ပြုမူနေထိုင်ပုံတွေကို စာအုပ်၊ စာပေ တွေကတစ်ဆင့်လေ့လာဖတ်ရှုရသည်။ သို့အတွက် ဗိုလ်ချုပ်ကိုပို၍ပင်လေးစားကြည်ညိုမိသည်။

ကျောင်းဆရာ ဖထီး (သို့မဟုတ်) ၀န်ကြီးချုပ် မန်းဂျော်နီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( NLD ) အစိုးရလက်ထက်တွင် ထူးခြားဆန်းကြယ်သည့် ၀န်ကြီးချုပ် တစ်ဦးကို ကျွန်တော်တို့ တွေ့ရသည်။ သူက ကျွန်တော်တို့ သတင်းသမားတွေ ဖထီး ဟု ချစ်ခင်လေးစားစွာခေါ်ကြသည့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ၊ ကရင်တိုင်းရင်းသား မန်းဂျော်နီဖြစ်သည်။

ဝန်ကြီး ချုပ်ဖြစ်စက ဖထီးပုံတွေကို Facebook မှာတွေ့ရသည်။ကျောင်းဆရာအဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့ဖူးသော ဖထီးသည် ရိုးသားလွန်းသော နိုင်ငံရေးသမားကြီး ဟုသိရသည်။ ဖထီးအကြောင်းကိုလည်း သတင်းမီဒီယာတွေမှာဖတ်ရသည်။ ဖထီး အင်တာဗျူးတွေကိုနားထောင်ရသည်။ စစ် အစိုးရလက်ထက်မှာ ထောက်လှမ်းရေးက ဖထီး နိုင်ငံ ရေး ဆက် မလုပ်လျှင် လိုအပ်သလောက်ငွေကြေး အရင်း အနှီးထုတ်ပေးမည်ဟု ကမ်းလှမ်းဖူးသည်။ ဒါကို ဖထီးက ငြင်းဆန်ပြီး၊ နိုင်ငံရေး ဆက်လုပ်သည်။ သို့ အတွက် အကြိမ်ကြိမ် ထောင်ကျသည်။

ဖထီး ၀န်ကြီးချုပ်ဖြစ်ပြီး နောက်Facebookတွင်မြင်ရသည့် ဗီဒီယိုဖိုင်တစ်ခုက ကျွန်တော့်ရင်ကို ထိသည်။ ၀န်ကြီးချုပ် ဖထီး ရုံး အပြန် မှာ ဆိုင်ကယ်နောက်က လိုက်ပါသွားသည့် ဗီဒီယိုဖိုင်လေးဖြစ်သည်။ ရဲဖမ်းမည်စိုး၍ထင်သည်။ ဆိုင်ကယ်ဦးထုပ်လေးကို ပင် အသေအချာ ဆောင်းထားလိုက်သေးသည်။. ပုဆိုးဝတ်၊ လွယ် အိတ်လွယ်ပြီး ဆိုင်ကယ်ဦးထုပ်ကို အကျအနဆောင်းကာ ဆိုင်ကယ်နောက် ကုပ်ကုပ်လေးလိုက်ပါသွားသူမှာ (လူချင်း မရင်းနှီးသော်လည်း )ကျွန်တော်တို့ချစ်ခင် ရသည့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဖြစ်သည်။

ဖထီး ဆိုင်ကယ်စီးခြင်း နှင့်ပတ်သက်ပြီး သူငယ်ချင်းတွေက ဂုဏ်ယူသည်၊ ၀မ်းသာသည်၊ ဖထီးကို ချီးကျူး ဂုဏ်ပြုကြသည်။ ဖထီးကိုလေးစားသော်လည်း ကျွန်တော်ကတော့ ၀မ်းမသာ နိုင်ခဲ့ပါ။ ဖထီးသည် ရိုးသားသူ၊ ပွင့်လင်းသူဖြစ်သည်။ ဂုဏ်ပကာသနာကိုလည်း မက်မောသူမဟုတ်။ ဖထီးလို စိတ်ဓာတ်မျိုးဖြင့် ၀န်ကြီး ချုပ်တာဝန်ကိုရေရှည် ထမ်းဆောင် နိုင်ပါမည်လား ဟုကျွန်တော်တွေး ပူမိသည်။

ဝန်ကြီးချုပ်တာဝန်ဆိုသည်ကား မသေး။ အရင် အစိုးရ အဆက်ဆက် ၏ ဆိုးမွေတွေကိုလည်း ရှင်းရဦးမည်၊ မချစ်သော်လည်း အောင့်ကာ နမ်း ဆိုသလို၊ မပြောချင်လည်းပြောရမည်၊ မလုပ်ချင်လည်းလုပ်ရဦးမည်။ စိတ်ထဲရှိသည့်အတိုင်းပြောလျှင်လည်း အလုပ်ဖြစ်မည် မဟုတ်။ ဒီလိုသဘော၊ သဘာဝတွေရှိသည့်ကြား မှာ ရိုးသား၊ ပွင့်လင်းလွန်းသူ ဖထီးတစ်ယောက် အဆင်ပြေနိုင်ပါ့မလား ဟု ကျွန်တော်တွေးပူခဲ့ဖူးသည်။

ဖထီး ကားမတော်တဆဖြစ်သည့်သတင်းကြားတော့ ကျွန်တော်တို့တွေစိတ် ပူခဲ့ကြသည်။ ဆေးရုံကဆင်းပြီး လက်တစ်ဖက် ပတ်တီး စီးလျက်သား နှင့် ရန်ကုန် NLDရုံးချုပ် အစည်းအဝေးမှာ ဖထီးကို ကျွန်တော်တို့ မြင်ရတော့ အံ့သြ ရ ပြန်သည်။ လက်တစ်ဖက်ကိုတား ရင်း “ အိုး…..နောက်မှ.. နောက်မှ…” ဟုဆိုကာ သတင်းသမားတွေကိုရှောင်ပြေးသည့် ဖထီး ၏ ပုံစံက ပီဘိ ကလေးငယ်တစ်ယောက်ကဲ့သို့ပင်။

ဖထီးသည် မပြီးသေးသည့် တိုက်ပွဲကို တိုက်ဖို့ သူလုပ်နိုင်သလောက် အစွမ်းကုန်လုပ်သည့်နိုင်ငံရေးသမားတစ်ယောက်ဖြစ်သည်။ အသက် ၇၆ နှစ် အရွယ် ရှိ ပြီဖြစ်သော အဖိုးအို ဖထီးက ကျွန်တော်တို့ လူငယ်တွေကို အဖိုးတန် အမွေ အနှစ်တွေ ပေးခဲ့ပြီ ဟု ကျွန်ခံယူမိသည်။
ဖထီး ၀န်ကြီးချုပ်တာဝန်က အနားယူခြင်းကို ကျွန်တော် ကတော့ကြိုဆိုသည်။ ဖထီးကို ၀န်ကြီး ချုပ် မလုပ်စေချင်ပါ။ပင်ပန်းလွန်း၍ဖြစ်သည်။ ဖြစ်နိုင်လျှင်ဖထီး အတွေ့အကြုံတွေကို စာအုပ်တစ်အုပ်ရေးစေချင်သည်။

ဖထီးသည် မြန်မာ နိုင်ငံ အတွက် ဘ၀ နှင့် ရင်းကာပေးဆပ်ခဲ့ပြီးဖြစ်သည်။ ယခုလည်းပေးဆပ်နေဆဲဖြစ်သည်။ ဘောလုံးစကားနှင့်ပြောရလျှင် ပွဲထွက် ၁၁ ယောက်လူစာရင်းမှာဖထီးပါသည်။ အားကြိုးမာန်တက်ကစားရင်း ယခုတော့ ဖထီး ဒဏ်ရာရသည်။ ဒဏ်ရာရသည် နှင့်တစ်ပြိုင်နက်ဖထီး က အချိန်မဆွဲဘဲ ကွင်းပြင်ထွက်သည်။ ဒဏ်ရာရပြီး ကွင်းထဲ မှာ လှဲနေတာမျိုးလည်း မလုပ်။ သူ့ကြောင့် အားကြိုးမာန်တက် ကစားနေသည့် တခြား ကစားဖော်တွေကို လည်း အနှောက် အယှက်မဖြစ်စေချင်။ စိတ်ကောင်း ၊ စိတ်မြတ်ရှိသူတစ်ဦး၏ အမူအကျင့်ပင်ဖြစ်သည်။



မိုက်ကယ်အိုဝင်
အင်္ဂလန်ဘောလုံးအသင်း၏ လက်ရွေးစင်ကစားသမားဖြစ်ခဲ့ဖူးသူ မိုက်ကယ် အိုဝင် Michael Owen သည် မြန်မာတို့ နှင့်ရင်းနှီးသူဖြစ်သည်။ မိုက်ကယ် အိုဝင်သည် လီပါ ဗူး ၊ နယူးကာဆယ်၊ မန်ယူ၊ ရီးရဲ စသည့် ဥရောပ ကလပ် အသင်းများတွင်လည်းကစားဖူးသည်။

၂၀၀၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ဂျာမနီ တွင် ကျင်းပသည်။ ယင်းပြိုင်ပွဲတွင် အင်္ဂလန် နှင့်ဆွီဒင်တို့ကစားသည့်ပွဲလည်းပါသည်။ ၂၀-၆-၂၀၀၆ တွင် ကစားခြင်းဖြစ်သည်။ အင်္ဂလန် အသင်းတွင်တိုက်စစ်မှူး မိုင်ကယ်အိုဝင်လည်းပါဝင်ကစားသည်။

ပွဲချိန် အနည်းငယ် ကစားပြီး ချိန်မှာ မိုက်ကယ်အိုဝင် ဒဏ်ရာရသည်။ ဘောလုံးကိုမိမိအသင်း ကစားဖော်ထံ အရောက်ပို့ပေးပြီးနောက် ဒဏ်ရာရခြင်းဖြစ်သည်။ ဒဏ်ရာရပြီး ကွင်း ထဲမှာ လဲသည်။ သူလဲသည့်နေရာက ဘေးစည်း နှင့်လည်း နီးသည်။
ဒဏ်ရာပြင်းထန်သော်လည်း ကွင်းထဲ မှာ ခွေ မနေ။ သူ့ကြောင့် ဘောလုံးပွဲ အနှောက်အယှက်ဖြစ်မည်စိုး၍ ဒဏ်ရာ ကိုဂရုမစိုက်ဘဲ ကွင်းပြင်ကို ကြိုးစားထွက်သည်။ ကုန်း ကုန်းကွကွ ဖြင့် တစ်ဦးတည်းထွက်ရခြင်းဖြစ်သည်။

မိုက်ကယ်အိုဝင်သည် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသော်လည်း ဒဏ်ရာကို အလေးမထား၊ သူ ကွင်း ပြင်ထွက်နိုင်ရေးကိုသာ အလေးထားခဲ့သည်။ ယင်းပွဲတွင် နှစ်ဂိုးစီဖြင့်သရေကျခဲ့သည်။

မြင့်မြတ်သူတို့ နှလုံးသား
=====

သမ္မတ၊ ၀န်ကြီးချုပ်စသည့် ရာထူးနေရာများမှာ မြင့်မြတ် စင်ကြယ်လှသည့်ရာထူးနေရာများဖြစ်သည်။ ကမ္ဘာပေါ်တွင် ထင်းရှားကျော်ကြားပြီး ပြည်သူအများ ချစ်ခင်လေးစားရသည့် သမ္မတများ၊ ၀န်ကြီးချုပ်များလည်း များစွာ ရှိသည်။ သို့သော်၊ သမ္မတ၀န်ကြီးချုပ် စသောရာထူးများမှာ မိမိ ပင်ကိုယ်သဘာဝ အရည် အချင်း နှင့် အံဝင် ခွင်ကျ ဖြစ်လိမ့်မည် မဟုတ်ဟု ဗိုလ်ချုပ်အောင်ဆန်းကတွေးထင်ခဲ့ပုံရသည်။ သို့အတွက် လွတ်လပ်ရေး ရလျှင် နိုင်ငံရေးမှ အနားယူမည်၊ စာရေးဆရာလုပ်မည် ဟု အကြိမ်ကြိမ်ပြောခဲ့ခြင်းဖြစ်မည်ဟုယူဆမိသည်။

ဖထီးသည် အမှောင် လွှမ်းသော မြန်မာပြည်အတွက် အသက်ကိုရင်း၍ ပေးဆပ်ခဲ့သူတစ်ဦးဖြစ်သည်။ လိုအပ်၍ ၀န်ကြီးချုပ်တာဝန်ယူခဲ့ရသည်။ မိမိ၏ပင်ကိုစရိုက်၊ မိမိကျန်းမာရေးအခြေအနေတို့ကြောင့် ၀န်ကြီးချုပ်တာဝန်ကိုဆက်လက်ထမ်းဆောင်ရန် မသင့်ဟု ယူဆသောအခါတွင် ရာထူးတာဝန်ကို စွန့်လွှတ်ခြင်းဖြစ်သည်။ သို့သော် ဖြစ်သလို စွန့်လွှတ်ခြင်းတော့ မဟုတ်။ မိုင်ကယ်အိုဝင်ကဲ့သို့ မိမိကစားဖော်ထံ ဘောလုံးရောက်အောင်ပို့ပြီးမှသာ ရာထူးစွန့်လွှတ်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာတို့အတွက် ဂုဏ်ယူလေးစားဖွယ် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်သည်။ စာအုပ်စာပေတွေကတစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းလေ့လာလျှင် ပိုမို၍ မြတ်နိုး လေးစားဖွယ်ကောင်းသော ဗိုလ်ချုပ်အောင်ဆန်း၏ အမူအကျင့်တွေကို မြင်တွေ့ရမည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည်မြန်မာတို့အတွက် ထာဝစဉ်တောက်ပနေသည့် လမ်းပြကြယ် တစ်လုံးဖြစ်သည်။

ဖထီး ( ခေါ်) မန်းဂျော်နီသည် အခြေအနေ၊ အချိန်အခါကို တွက်ဆ နိုင်သော၊ အရည် အချင်းရှိသည့် နိုင်ငံရေးသမား တစ်ယောက်ဖြစ်သည်။ ရိုးသားဖြောင့်မတ်သူလည်းဖြစ်သည်။ တိုင်းပြည် အတွက် ပေးဆပ်ခဲ့၊ ပေးဆပ်ဆဲ သူတစ်ဦးလည်းဖြစ်သည်။ ဖထီးသည် ကျွန်တော် တို့ နှင့် မရင်းနှီး။ သို့သော် ကျွန်တော်တို့ ကို စကားများစွာပြောသည်။ ဖထီးစကားတွေက တန်ဖိုးရှိသည်။

မိုက်ကယ်အိုဝင် လို PROFESSIOANL ပီသသော အားကစားသမားများသည်လည်း ကျွန်တော်တို့ကို လွှမ်းမိုးနိုင်စွမ်းသည်။ နယ်ပယ်တိုင်းမှာ မိုက်ကယ်အိုဝင်လို PROFESSIOANL ပီသသူများ များများရှိဖို့လိုအပ်မည်ဟုထင်မြင်ယူဆမိသည်။ ။

စိုင်းမင်း ( ရှမ်းပြည်နယ်မြောက်ပိုင်း)
The Asia Heart News ညနေခင်းသတင်းစာမှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။


No comments:

Post a Comment