ရန်ကုန် ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် တွင် နေထိုင်သူ ဒေါ်သန်းသန်း ၇၇ နှစ်အား သတ်ပြီး ရွှေထည်ပစ္စည်းများ လုယက် ယူဆောင်သွားသည့်အမှုမှ ပြစ်မှုကျူးလွန်သူ သန်းထွန်းနိုင်အား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ဝ ရက် နံနက် ၈ နာရီခန့်က သာကေတမြို့နယ် ၄/မြောက် ရပ်ကွက် တိုက်(၁၆၆၊ ၄)လွှာနေ ဦးဖုန်းမြင့်နိုင် (ခ)ကိုဖုန်းသည် မိခင်နေထိုင်သည့် သုံးလွှာ တိုက်ခန်းသို့ ရောက်ရှိစဉ် မိခင်ဖြစ်သူမှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာ များဖြင့် သေဆုံးနေပြီး မိခင်ဝတ်ဆင်ထားသော ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေလက်ကောက် နှစ်ကွင်း နှင့် ခြယ်နားကပ် တစ်ရံ စုစုပေါင်းတန်ဖိုး ငွေကျပ် ရှစ်သိန်းခန့် ပျောက်ဆုံးနေသဖြင့် သာကေတမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်း ခဲ့သည်။
အထူးအမှုစစ်အဖွဲ့မှ အခင်းဖြစ်ရပ်တွင် တွေ့ရှိသည့် အပြာရောင်အစင်းပါ ရှပ်အင်္ကျီ နှင့် စပ်လျဉ်း၍ စုံစမ်းခဲ့ရာ သာကေတမြို့နယ် အမှတ်(၃) ဈေးအနီးတွင် ဂိတ်ထိုးသည့် ဆိုက်ကားနင်းသူ သန်းထွန်းနိုင်(ခ)ကျောင်းသား ၏ အင်္ကျီဖြစ်ကြောင်း၊ သေဆုံးသူအား ဈေးသွား၊ ဈေးပြန်တွင် ဆိုက်ကားဖြင့် လိုက်ပို့ လေ့ရှိကြောင်း သိရသည့်အပြင် အခင်းဖြစ် ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ CCTV မှတ်တမ်းတွင်လည်း အခင်းဖြစ်နေ့က သန်းထွန်းနိုင်(ခ)ကျောင်းသားမှာ အဆိုပါ အင်္ကျီကိုဝတ်ဆင်၍ ဆိုက်ကားနင်းနေသည့် မှတ်တမ်းရရှိခဲ့သည်။
အထူးအမှုစစ်အဖွဲ့မှ သန်းထွန်းနိုင်(ခ) ကျောင်းသားအား ဖမ်းဆီးရမိရေး ဆောင်ရွက် ခဲ့ရာ ဇန်နဝါရီ ၁၄ ရက် နံနက် ၁ဝ နာရီတွင် အမှတ်(၃)ဈေးအနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ဈေးထိပ်တွင် ဆိုက်ကားနင်းသည့် အလုပ်လုပ်ကိုင်နေစဉ် လွန်ခဲ့သော တစ်လခန့်က သေဆုံးသူ ဒေါ်သန်းသန်းက ဆိုက်ကားငှားစီးရာမှ ရင်းနှီးခဲ့ကြောင်း၊ ဒေါ်သန်းသန်းနေထိုင်သည့် တိုက်ခန်းကိုလည်း ပြောပြသိရှိခဲ့ကြောင်း၊ ဒေါ်သန်းသန်းနေအိမ်သို့ သွားရောက်ခဲ့ရာ ဒေါ်သန်းသန်းမှာ အိပ်ပျော်နေသဖြင့် မီးဖိုချောင်ထဲမှ ပန်းကန်စင်ပေါ်ရှိ စတီးဓားကို ယူကာ ဒေါ်သန်းသန်း၏ လည်ပင်း၊ ဦးခေါင်း နှင့် မျက်နှာတို့ကို ဓားဖြင့်ထိုးခဲ့ပြီး ဒေါ်သန်းသန်းဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး ကို ချွတ်ယူခဲ့ကြောင်း၊ ၎င်းဝတ်ဆင်ထားသည့် အင်္ကျီတွင် သွေးများပေကျံနေသဖြင့် အခင်းဖြစ်နေရာရှိ ရေပုန်းထဲတွင် ထည့်ထား ခဲ့ကြောင်း၊ လုယက်ယူလာသည့် ရွှေဆွဲကြိုး တစ်ကုံးကို နဝလီအပေါင်ဆိုင်၌ ရောင်းချ ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
လုယက်ယူဆောင်သွားသည့် ရွှေဆွဲကြိုး ကို ပြန်လည်သိမ်းဆည်းရရှိခဲ့ပြီး တိုင်တန်းစဉ် က လက်ကောက်နှင့် နားကပ်မှာ လုယက် ယူခဲ့ခြင်းမရှိဘဲ အခင်းဖြစ်နေအိမ်ရှိ သေတ္တာ အတွင်းမှ ပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် ပြစ်မှု ကျူးလွန်သူအား ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
No comments:
Post a Comment