Latest News

Monday, January 29, 2018

ဘားအံ-မြ၀တီလမ်း အရှိန်မထိန်းနိုင်သည့် ယာဉ်တစ်စီး လမ်းဘေး ထန်းပင်ဝင်တိုက် သုံးဦးဒဏ်ရာရ

ဘားအံ-မြ၀တီလမ်း အရှိန်မထိန်းနိုင်သည့် ယာဉ်တစ်စီး လမ်းဘေး ထန်းပင်ဝင်တိုက် သုံးဦးဒဏ်ရာရ

ဘားအံ ဇန်န၀ါရီ ၂၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-မြ၀တီကားလမ်းတွင် ဇန်န၀ါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ဘားအံ ဘက်မှ မြ၀တီဘက်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးမှာ အရှိန်မထိန်းနိုင်သဖြင့် လမ်းဘေးရှိ ထန်းပင်အား ၀င်ရောက်တိုက်မိရာ ယာဉ်မောင်းအပါအ၀င် ယာဉ်ပေါ်လိုက်ပါလာသူ (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိ သည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီလ ၂၈ ရက်နေ့ နံနက် ၂နာရီအချိန်ခန့်ဘားအံ-မြ၀တီ ကားလမ်း၊ ဘားအံမြို့နယ်၊ ကျားကလေးကျေးရွာအနီး ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဂျိုင်းနယ်မြေရဲစခန်းနယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် သန်းနိုင်ဝင်းဦးစီးအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဘားအံ-မြ၀တီ ကားလမ်းအတိုင်း ဘားအံဘက်မှ မြ၀တီဘက်သို့ ဦးဝင်းရှိန်၊၄၈နှစ်မောင်းနှင်သည် 3N/----- နံပါတ်တပ် Mazada Bongo အဖြူရောင်ယာဉ်သည် မိုင်တိုင်အမှတ် ၃၄/၇နှင့်၃၄/၈ကြားတွင် တစ်ဘက်ယာဉ်ကြောမှ မောင်းနှင်ဘာသည့် ယာဉ်အားရှောင်တိမ်း ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ထန်းပင်အား ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် ဦးဝင်းရှိန်တွင် ရင်ဘတ်အောင့်နာကျင် ဒဏ်ရာ၊ယာခြေသလုံး၊ ယာခြေဖမိုး ပေါက်ပြဲဒဏ်ရာ၊ ယာဉ်ပေါ်လိုက် ပါလာသူ ကျော်သက်အောင်တွင် ဇက်ပိုးနာကျင်ဒဏ်ရာ၊ ခန္ဓာကိုယ်နာကျင် ဒဏ်ရာ၊ ဦးစံဖေ၊၅၇နှစ်တွင် ခန္ဓာကိုယ်နာကျင်ဒဏ်ရာများ အဦးသီးရရှိခဲ့ပြီး ယာဉ်တွင် ရှေ့လေကာမှန်ကွဲ၊ ရှေ့ ဦးခေါင်းကြေ၊ယာဘက်ခြမ်းတံခါး ပျက်စီးသွားခဲ့ကြောင်း သိရပြီး ယာဉ်မောင်း ၀င်းရှိန်အား  ဂျိုင်းနယ်မြေရဲ စခန်းက ဥပဒေနှင့်အညီအမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း ၂၀၁၆ ခုနှစ်တွင် ယာဉ်တိုက်မှု ၄၃၃မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၆၆၁ဦးနှင့် သေဆုံးသူ ၁၃၃ ဦးရှိကြောင်း ၂၀၁၇ခုနှစ်တွင် ယာဉ်တိုက်မှု ၄၈၆ မှုဖြစ်ပွားခဲ့ရာ ၂၀၄၈ ဦးဒဏ်ရာ ရရှိခဲ့ပြီး ၄၃၂ ဦးသေဆုံးခဲ့၍ ယာဉ်တိုက်မှုလျော့နည်းကျဆင်းရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ကရင်ပြည်နယ်အတွင် မြို့နယ်များအလိုက် ပူးပေါင်းအဖွဲ့များဖြင့်စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက် လျှက်ရှိကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)မြန်​မာ့အလင်း

No comments:

Post a Comment