Latest News

Friday, January 26, 2018

အဆိုတော် နောနော် ဘယ်အကြောင်းအရာတွေကြောင့် ပြောင်းလဲသွားလဲ

အဆိုတော် နောနော် ဘယ်အကြောင်းအရာတွေကြောင့် ပြောင်းလဲသွားလဲ

''အတိုင်းထက်အလွန် ''၊ ''အကန့်သတ်မရှိ''၊ ''အိပ်မက်ထဲကလူ''၊ ''လေးလေးနက်နက်''၊ ''ဆရာကြီး နှင့် သူ၏ တပည့်များ'' စသည့် တေးစီးရီးခွေများနှင့်အတူ ယခုလ ၂၃ ရက်တွင်   The Sunmusic ကနေ ဖြန့်ချိခဲ့သည့်  သူ၏ နောက်ဆုံးတေးစီးရီးခွေဖြစ်သည့် '' အရှေ့ ၊ အနောက်၊ တောင်၊ မြောက်'' ဟုအမည်ပေးထားသော ခြောက်ခွေမြောက်စီးရီးကို ပရိသတ်တွေအတွက် အကောင်းဆုံးဖန်တီးကာ ထွက်ရှိခဲ့ကြောင်းသိရသည်။
မေး ။ အရှေ့ ၊ အနောက်၊ တောင်၊ မြောက် စီးရီးလေးနဲ့ပတ်သက်ပြီး ပြောပြပါလား။
ဖြေ  ။ ကျွန်တော် ဒီခွေလေးကို ဖန်တီးနေတာတော့ ငါးခွေမြောက် စီးရီးထွက်ကတည်းကပါ၊ ''အရှေ့၊ အနောက်၊ တောင်၊ မြောက်''ဆိုတာကတော့  ကျွန်တော် ပရိသတ်တွေကို တင်စားတဲ့အနေနဲ့ ပေးထားတာပါ၊ သီချင်းအားလုံးကိုယ်ပိုင်သံစဉ်တွေချည်းပါပဲ၊ ကျွန်တော်စိတ်ကြိုက်သီချင်းတွေ လည်းပါတယ်၊ အခြားတေးရေး ဆရာတွေရဲ့ ခံစားမှုတွေလည်း ပါပါတယ်၊ ''ပြန်တွေ့ရင်'' ဆိုတဲ့ သီချင်းလေးကတော့ ကျွန်တော့်ပရိသတ်အကြိုက်တွေ့မယ့် သီချင်းလေးလို့ ထင်ပါတယ်၊ ကောင်မလေး တစ်ယောက်ကို သိပ်ချစ်တဲ့ ကောင်လေးတစ်ယောက်နေရာကနေ ခံစားပြီး ဆိုထားတာပါ၊ သကြားလုံးလေးတစ်လုံး ငုံထားမိသလိုပဲပေါ့၊ ဒီအခွေမှာ   တေးသီချင်း ၁၂ ပုဒ် ပါဝင်ပါတယ်၊ တေးသီချင်း ကိုးပုဒ်ကို ကိုယ်တိုင်ရေးသား ထားပါတယ်၊ ကျန်တဲ့ သုံးပုဒ် ကိုတော့  တေးရေး ဒူးဒူ၊ သူရိန်၊ ညလင်းထယ်တို့က ရေးသား ထားကြပါတယ်။
မေး ။ အခု အချိန်မှာ နောနော်က အလွန်ကို နုသွားတယ်၊ ဂီတပိုင်း ရော ပြောင်းလဲမှုတွေရှိလား။
ဖြေ  ။ အဓိကကတော့ ကျွန်တော် အားလုံးကို ချိန်းချင်ခဲ့တာမို့ ကျွန်တော် အရင်ကပုံစံမျိုး မဟုတ်တော့ဘဲ၊ Up Date လုပ်လိုက်တာပါ၊  သီချင်းတွေကRock    ဖြစ်တုန်းပါပဲ၊ အရင်လိုပဲ ဆံပင်အရှည် ထားချင်ပါတယ်၊ နားကပ်တွေလည်း ဝတ်မှာပါ၊  ဒါပေမယ့်  သေချာပြန်စဉ်းစားကြည့်တော့ ကျွန်တော် အဆင်မပြေဘူးဗျာ့၊ ဘာလို့လဲဆို ခေါင်းလျှော် ရတာလဲမသက်သာဘူး၊ တစ်ကိုယ်ရေ သန့်ရှင်းမှုပိုင်းအရလည်း အဆင်မပြေဘူးပေါ့၊ ကျွန်တော် လူတင်ပြောင်းလဲသွားတာ မဟုတ်ပါဘူး၊ စိတ်ပါ ပြောင်းလဲသွားတာပါ၊ ကျွန်တော်ရဲ့ ဘုရားသခင်ပါပဲ၊ ဘာသာရေးနဲ့ပတ်သက်ပြီး ကျွန်တော် ပြောတာပါ၊ လူသားအားလုံးနဲ့ သက်ဆိုင်ပါတယ်၊ ကျွန်တော် ငယ်ငယ်ကတည်းက  အဖေနဲ့အမေက  ဘုရားသခင်ကို ကိုးကွယ်ကြတာပေါ့၊ သူတို့ကိုးကွယ်လို့ ကျွန်တော်က ကိုးကွယ်တာပါ၊ ဒါပေမယ့် ကျွန်တော် ၂ဝ၁၄ ခုနှစ်မှာမှ နဖူးတွေ့ ဒူးတွေ့ တွေ့လိုက်ရတာပါ၊  သူရဲ့ ကျမ်းစာတွေကို ဖတ်ရင်းနဲ့ အဲ့ဒီကတည်းကအတိုင်း နေထိုင်ရင်းနဲ့ ပြောင်းလဲ သွားတာပါ။
မေး ။ သီချင်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုခံစားချက်တွေနဲ့  ဖန်တီး ဖြစ်ခဲ့တာလဲ။
ဖြေ ။ ကျွန်တော်က  အချစ်ကို  ဦးစားပေးတဲ့သူထဲမှာ ပါတယ်၊ ချစ်ခြင်း မေတ္တာဆိုတာ  ကမ္ဘာပေါ်မှာရှိရင်  တကယ်ကို မင်္ဂလာရှိပါတယ်၊ အခု ဖြစ်နေကြတဲ့ အကြမ်းဖက်မှုတွေက အချစ်မရှိကြလို့ပါ၊ အဲ့တော့ ကျွန်တော်ဒီအခွေနဲ့ပတ်သက်ပြီး အချစ်နဲ့  ဆက်နွှယ်တာလေးတွေပဲ ထည့်ထားပါတယ်၊၊ နောက် အဖေဆိုတဲ့ သီချင်းလေး အဲ့သီချင်းလေးကတော့ မိဘနဲ့ပတ်သက်ပြီး ရေးထားတာပါ၊ မိဘဟာ ဘယ်လောက်ပင် ကိုယ့်အပေါ် မကောင်းပါစေ မိဘဟာ မိဘပါပဲ၊ မိဘဆိုတာ ရိုသေရတယ် ကိုယ့်မိဘက လွဲပြီး  ကိုယ့်အပေါ် ဘယ်သူကမှ မကောင်းနိုင်ဘူး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးခဲ့တာပါ၊ ဒီအခွေလေးက ပရိသတ်အတွက် ဂီတနဲ့ပတ်သက်ပြီး ရသတစ်မျိုးရစေမယ်လို့ မြင်ပါတယ်။ ကိုလင်း(မြန်​မာ့အလင်း)

No comments:

Post a Comment