သက်သေများအားလုံးစစ်ဆေးပြီးဖြစ်
ရန်ကုန် ဇန်နဝါရီ ၂၆
တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လုပ်ကြံ ခံရမှုနှင့်ပတ်သက်ပြီး သေနတ်သမားကြည်လင်းနှင့် ပါဝင်ပတ်သက်သူ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့ကို ရန်ကုန်မြောက်ပိုင်းခရိုင် အထူးတရားရုံးသို့ဇန်နဝါရီ ၂၆ရက် နံနက် ၁ဝ နာရီခွဲက ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ ရဲမှူးတင်မောင်ဆွေ နှင့် ဒုတိယရဲမှူး တင်ဝင်းမောင်တို့နှစ်ဦးကို နောက်ဆုံးစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်းနှင့် သက်သေများအားလုံးစစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး သတင်းနှင့် ပြန်ကြား ရေး တာဝန်ခံအရာရှိ ဦးရဲလွင်က ''ဒီကနေ့မှာ မြောက်ပိုင်းခရိုင်တရားရုံး ရာဇဝတ်ကြီး အမှုအမှတ် ၄၆/၂ဝ၁၇ တရားလို ဒုတိယရဲမှူး မြတ်ထွန်းကျော်နဲ့ တရားခံ ကြည်လင်း (ခ) ဖိုးထူးပါ- ၂ နှင့် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(ဃ) (စ) အရ စွဲဆိုမှုဟာ လိုပြ သက်သေ အမှုစစ်ရဲအရာရှိ ရဲမှူး တင်မောင်ဆွေနဲ့ ဒုတိယရဲမှူး တင်ဝင်းမောင်တို့ကိုစစ်ဆေးခဲ့ပါတယ်၊ ဒီအမှုမှာ လိုပြသက်သေရှစ်ဦးရှိတဲ့အနက် တရားလိုဘက်က တင်ပြ တဲ့ခုနစ်ဦးကိုစစ်ဆေးပြီး ဖြစ်ပါတယ်၊ ကျန်သက်သေ ဦးရူပကို အမှုလိုက်ဥပဒေအရာရှိက ပယ်လိုက်တဲ့အတွက် လိုပြသက်သေအားလုံးစစ်ပြီးသွားတာဖြစ်ပါတယ်၊ အဲ့ဒီ မြောက်ပိုင်းခရိုင် ရာဇဝတ်ကြီးအမှုအမှတ် ၄၅/၂ဝ၁၇ တရားလိုရဲအုပ် မိုးနိုင်၊ တရားခံ ကြည်လင်း(ခ)ဖိုးထူး ပါ-၄ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/၃၄/၂၁၂ အရ စွဲဆိုမှုဟာလည်း တရားလိုပြသက်သေ ၈ဝ တင်ပြထားရာမှာ ယခင်အပတ်က လေးဦးပယ်ထားတယ်၊ ဒါကြောင့် ၇၆ ဦးမြောက် မနေ့က စစ်ဆေးပြီးဆုံးသွားတာဖြစ်လို့ ရာကြီးအမှု ၄၅ /၂ဝ၁၇ - ၄၆/၂ဝ၁၇ နဲ့ပတ်သက်ပြီး စွဲချက်တင်သင့်မတင်သင့်ကို နှစ်ဖက်ရှေ့နေ များ လျှောက်လွှဲချက်ကြားနာဖို့ ဖေဖော်ဝါရီ ၂ ရက်နေ့ကို ချိန်းဆိုထားပါတယ်'' ဟု ပြောကြားသည်။ မျိုးမင်းသိန်း(မရမ်းကုန်း)မြန်မာ့အလင်း
No comments:
Post a Comment