Latest News

Wednesday, January 17, 2018

၂ဝ၁၇ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း ယာဉ်မတော်တဆမှု ၁၈၁၇၁ မှု ဖြစ်ပွား၍ ၅၂၅ဝ ဦး သေဆုံးခဲ့

၂ဝ၁၇ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း ယာဉ်မတော်တဆမှု ၁၈၁၇၁ မှု ဖြစ်ပွား၍ ၅၂၅ဝ ဦး သေဆုံးခဲ့

နေပြည်တော်  ဇန်နဝါရီ  ၁၆

၂ဝ၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယာဉ်မတော်တဆထိခိုက်မှု စုစုပေါင်း ၁၈၁၇၁ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ၂၉၁၄၄ ဦးနှင့် သေဆုံးသူ ၅၂၅ဝ ဦးရှိခဲ့သည်။ ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆထိခိုက်မှု၊ ဒဏ်ရာရမှုနှင့် သေဆုံးမှုကို နှိုင်းယှဉ်ရာ ၂ဝ၁၇ ခုနှစ်တွင် ယာဉ်မတော်တဆထိခိုက်မှု ၇၈၇ မှု၊ ဒဏ်ရာရမှု ၁၃၈၁ ဦးနှင့် သေဆုံးမှု ၃၆၃ ဦးတို့ ပိုမိုဖြစ်ပွားခဲ့သည်ကို စိစစ်တွေ့ရှိရသည်။

၂ဝ၁၇ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း ယာဉ်မတော်တဆထိခိုက်မှုကြောင့် လူဦးရေ တစ်သိန်းလျှင် သေဆုံးမှုနှုန်း ၉ ဒသမ ၈၃၊ တစ်ရက်လျှင်ပျမ်းမျှ ၁၄ ဦးဖြစ်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်၌ လူဦးရေ တစ်သိန်းလျှင် သေဆုံးမှုနှုန်း ၉ ဒသမ ၂၄၊ တစ်ရက်လျှင် ပျမ်းမျှ ၁၃ ဦးနှုန်း သေဆုံးခဲ့သည်။ သို့သော် ယာဉ် မတော်တဆထိခိုက်မှုကြောင့် လူသေဆုံးမှုနှုန်းကို ယာဉ်စီးရေနှင့် နှိုင်းဆပါက ၂ဝ၁၆ ခုနှစ်၌ မော်တော်ယာဉ်စီးရေ တစ်သောင်းလျှင် သေဆုံးမှုနှုန်း ၇ ဒသမ ၉၈ ရှိခဲ့ရာမှ၂ဝ၁၇ ခုနှစ်တွင် သေဆုံးမှုနှုန်း ၇ ဒသမ ၇၄ သာ ရှိသည့် အတွက်  ၂ဝ၁၇ ခုနှစ်တွင် သေဆုံးမှုနှုန်း သုည ဒသမ ၂၄ လျော့ကျခဲ့ကြောင်း တွေ့ရှိရသည်။

နိုင်ငံတစ်ဝန်း မော်တော်ဆိုင်ကယ်စီးရေမှာလည်း နှစ်စဉ်တိုးတက်များပြားလျက်ရှိပြီး မော်တော်ဆိုင်ကယ်ကြောင့် ယာဉ်မတော်တဆမှုဖြစ်စဉ်မှာလည်း စုစုပေါင်း ယာဉ်တိုက်မှုတွင် ၄၉ ဒသမ ၄၄ ရာခိုင်နှုန်းအထိ ပါဝင်လျက်ရှိ သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာဉ်မတော်တဆမှုများ ပိုမိုလာသော် လည်း ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် အမြန်လမ်းမကြီးတို့တွင် ၂ဝ၁၇ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ် လျော့ကျလျက်ရှိသည်။

ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်စဉ်အကြောင်းရင်းအလိုက် ဖြစ်ပွားနှုန်း များကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါသည်-

 စဉ် ယာဉ်တိုက်မှုဖြစ်ပွားရခြင်းအကြောင်းအချက် ရာခိုင်နှုန်း

 (က) လူကြောင့်ဖြစ်ပွားသော ယာဉ်တိုက်မှု (၉၃. ၆၉ ရာခိုင်နှုန်း)
 (Human Factor)

 (ခ) ယာဉ်ကြောင့်ဖြစ်ပွားသော ယာဉ်တိုက်မှု ( ၁.၄၅ ရာခိုင်နှုန်း)
 (Vehicle Factor)

 ( ဂ ) လမ်းကူးပေါ့ဆမှု  ( ၄.၆၈ ရာခိုင်နှုန်း)
 (Pedestrian Factor)

 (ဃ) လမ်းကြောင့်ဖြစ်ပွားသော ယာဉ်တိုက်မှု (ဝ.၁၇ ရာခိုင်နှုန်း)
 (Road Factor)

 (င) ရာသီဥတုကြောင့်ဖြစ်ပွားသော ယာဉ်တိုက်မှု ( ဝ.ဝ၁ ရာခိုင်နှုန်း)
 (Weather Condition Factor)

မြန်မာနိုင်ငံ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ (National Road Safety Council) အနေဖြင့် ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးမှုနှုန်းကို ၂ဝ၂ဝ ခုနှစ်တွင် ထက်ဝက်လျှော့ချရန် ရည်မှန်းဆောင်ရွက်လျက်ရှိပြီး မော်တော်ယာဉ်မောင်းသူနှင့် ခရီးသည်များ အသက်ကယ်ထိုင်ခုံ ခါးပတ်ဝတ်ဆင်စေရေး၊ မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်စေရေး၊ အရက်သေစာ မူးယစ်သောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်း မရှိ စေရေး၊ မော်တော်ယာဉ် မောင်းနှင်သူများ လက်ကိုင်ဖုန်း အသုံးမပြုစေရေးနှင့် မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပို၍ မောင်းနှင်မှုမရှိစေရေး လုပ်ငန်းစီမံချက်(၅)ရပ်အား ဦးစားပေး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ယာဉ်မတော်တဆထိခိုက်မှု (Road Accident) အား သေဆုံးမှု၊ ထိခိုက် ဒဏ်ရာရမှုတို့ ပါဝင်သည့်ကျန်းမာရေးပြဿနာ (Health Issue)တစ်ခုသာဟု မရှုမြင်သင့်ဘဲ ယာဉ်မတော်တဆထိခိုက်မှုကြောင့် လူမှုဘဝဆုံးရှုံးနစ်နာမှု (Social Issue)နှင့် စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှု (Economic Issue)များ ပါဝင်သည့်ပြဿနာတစ်ရပ်ဟု ရှုမြင်ရမည်ဖြစ်ပြီး ပြည်သူတစ်ဦးချင်းစီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လေးစားလိုက်နာကျင့်သုံးခြင်း၊ လမ်း အသုံးပြုသူအချင်းချင်း မော်တော်ယာဉ်နှင့် လမ်းအသုံးပြုစဉ် အခိုက်အတန့်၌ စာနာလေးစားသော အပြုအမူကောင်းများ ကျင့်သုံးခြင်း (Good Practices and Attitudes of Consideration to other Road Users)ဖြင့် နိုင်ငံတစ်ဝန်း ယာဉ်မတော်တဆမှု အန္တရာယ်လျော့ပါးရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါရန် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ တိုက်တွန်း နှိုးဆော်ထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment