Latest News

Wednesday, January 17, 2018

ရသေ့တောင်မြို့နယ် စာပေဟောပြောပွဲတွင် ဟောပြောသူ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့ နှစ်ဦးအား ရသေ့တောင် မြို့နယ်ရဲစခန်းက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်အရေးယူ

ရသေ့တောင်မြို့နယ် စာပေဟောပြောပွဲတွင် ဟောပြောသူ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့ နှစ်ဦးအား ရသေ့တောင် မြို့နယ်ရဲစခန်းက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်အရေးယူ

Photo Credit
နေပြည်တော် ဇန်န၀ါရီ ၁၇

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ဇန်န၀ါရီ ၁၅ ရက်က ပြုလုပ်သည့် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) နှစ်မြောက် ၀မ်းနည်းဖွယ်အထိမ်းအမှတ် စာပေဟောပြောပွဲ တွင် ဟောပြောသူဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့နှစ်ဦးအားရသေ့ တောင်မြို့နယ် ရဲစခန်းကမတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်းသိရှိရသည်။

အဆိုပါ စာပေဟောပြောပွဲကိုရသေ့တောင်မြို့နယ် တောင်ရင်းတိုင်းရပ်ကွက် စေတီယင်္ဂဏကျောင်းတိုက် ဓမ္မာရုံတွင် ဇန်န၀ါရီ ၁၅ ရက်မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီ ၁၅ မိနစ်အထိမေယုရင် သွီးလူမှုကူညီရေးအသင်းကဦးဆောင်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် နှင့် စာရေးဆရာဝေဟင်အောင် တို့ ပါဝင် ဟောပြောခဲ့ကြသည်။

စာပေဟောပြောပွဲတွင် စာရေးဆရာဝေဟင်အောင် (ခ) အောင်ကျော်ဝင်း က “ရခိုင်ပြည်နယ် အချုပ်အခြာအာဏာကျဆုံးသွားသည်မှာ နှစ်ပေါင်း ၂၃၃ နှစ် ရှိခဲ့ပြီးလူမျိုးဆက် (၅) ဆက် ခန့် ကင်းကွာခဲ့ကြောင်း၊ နိုင်ငံရေးတွင် လက်ဝါးဖြန့်တောင်း၍ မရသောကြောင့် လက်ညှိုးကွေးပြီး တောင်းသည့် အဖွဲ့ ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် ထွန်းမြတ်နိုင် ဦးဆောင်သော AA တပ်မတော်သည်လည်းရခိုင်နိုင်ငံတော် နှင့် အချုပ်အခြာ ပြန်လည် ရရှိရေး၊ ဗမာ့ ကျွန်အဖြစ်မှ လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်လျက် ရှိကြောင်း၊ ရသေ့တောင်မြို့နယ်သူ၊ မြို့နယ်သားများ အနေဖြင့်လည်းဗမာ့ ကျွန်အဖြစ်မှ လွတ်မြောက်ရန် အားလုံးတွင် တာဝန်ရှိကြောင်း၊ ယခုအချိန်သည် နိုင်ငံရေးအကျပ်အတည်း ဖြစ်နေသည့် အချိန်ကာလ ဖြစ်နေ၍ မိမိတို့အတွက် အခွင့်အရေးသာနေသောအချိန်ဖြစ်ကြောင်း၊ ဗမာ့ကျွန်ဘဝမှ လွတ်မြောက်နိုင်ရေးနှင့် လွတ်လပ်ရေးရရှိရေးအတွက် တော်လှန်တိုက်ခိုက်ရန် အချိန်ကောင်းဖြစ်ကြောင်း၊ အားလုံးပါဝင်ကြရန် လိုအပ်ကြောင်း” စသည်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့သည်။

ထို့နောက် ဒေါက်တာအေးမောင်ကလည်း “ဗမာများအနေဖြင့် ရခိုင်လူမျိုးများကိုဗမာ့ကျွန် အဖြစ်လောက်သာထားရှိပြီးတန်းတူအခွင့်အရေးမပေးကြောင်း၊ အချုပ်အခြာ အာဏာရရှိရေးအတွက် နည်းလမ်း ၂ ခုသာရှိကြောင်း၊ လက်နက်ကိုင် တော်လှန်ရေးနည်း နှင့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များရှိကြောင်း၊ မိမိမှာနောက် တစ်နည်းဖြစ်သော လူထုဗဟိုပြု နိုင်ငံရေးနည်းဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိ နိုင်ငံရေး အားနည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ နောက်နှစ်များစွာရောက်တိုင်းမှာ အချုပ်အခြာအာဏာပြန်လည် ရယူလိုရေးစိတ်ဓာတ်မွေးရန်၊ လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုဗဟိုပြု နိုင်ငံရေးအားလုံး၏ ပန်းတိုင်သည် အချုပ်အခြာအာဏာကို ပြန်လည် ရယူနိုင်ရေးသာ ဖြစ်ကြောင်း၊ လူထုကိုစည်းရုံးခြင်း၊ လက်နက်ကိုင် တော်လှန်ခြင်းတို့ ပြုလုပ်ပြီး အာဏာရယူရန် နည်းမျိုးစုံဖြင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကိုဆင်နွှဲပြီးရည်မှန်းချက် ပန်းတိုင်သို့ သွားနေခြင်း ဖြစ်ကြောင်း၊ ယခုလိုဟောပြောပွဲများကျင်းပခြင်းဖြင့် တစ်မျိုးသားလုံးထားရှိသင့်သည့် ရည်မှန်းချက်ပန်းတိုင်ကို သိရှိပြီးအမျိုးသားရေး တစ်ရပ်အနေဖြင့် ပါဝင်ကူညီဆောင်ရွက်ရန် လိုအပ်ကြောင်း”ပြောကြားခဲ့ သည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် (ခ) အောင်ကျော်ဝင်း တို့၏ ဟောပြောချက်များနှင့် ပတ်သက်၍   ဇန်န၀ါရီ ၁၆ ရက်တွင် ကျင်းပသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၁၈) မှ ၎င်းတို့နှစ်ဦးအား နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁ (ခ) (ဂ) ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ) ၊ မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇) (၁) (၂) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုသွားရန် ဆုံးဖြတ်ခဲ့ပြီးရသေ့ တောင်မြို့နယ် ရဲစခန်းက ဇန်န၀ါရီ ၁၆ ရက် ညနေပိုင်းတွင် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ ထို့နောက် ည ၈ နာရီမိနစ် ၂၀ ခန့်တွင် ဝေဟင်အောင် (ခ) အောင်ကျော်ဝင်းအား စစ်တွေမြို့နယ်ရဲစခန်းအချုပ်၌ အမှုဖြင့် ဖမ်းဆီးချုပ်နှောင် ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment