Latest News

Thursday, January 4, 2018

မြန်မာ့အကြီးဆုံး ရေချိုအိုင်များ

မြန်မာ့အကြီးဆုံး ရေချိုအိုင်များ

မြန်မာနိုင်ငံအတွင်း၌ တည်ရှိနေကြသည့်  အင်းအိုင်ကြီးများအနက်  သဘာဝ အလျောက်ဖြစ်တည်ခဲ့သည့် ရေချိုအိုင်ကြီးနှစ်ခုမှာ တောင်ပေါ်ရေကန်ကြီးအဖြစ် ထင်ရှားသည့် အင်းလေးကန်နှင့် အင်းတော်ကြီးတို့ ဖြစ်ကြသည်။ အင်းလေးကန်သည် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်း ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉ဝဝ တွင် တည်ရှိကာ အင်းတော်ကြီးသည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အတွင်း  ပင်လယ်ရေမျက်နှာပြင်အထက်  ၅၄၆  ပေအမြင့်တွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ သဘာဝရေချိုအိုင်များအနက် အင်းတော်ကြီးက အကြီးဆုံးနှင့် အင်းလေးကန်က ဒုတိယအကြီးဆုံးဖြစ်သည်။
တောင်ပေါ် အင်းလေးကန်
အင်းလေးဟူသည့်အမည်သည်  ကန်အနီးတွင်တည်ရှိခဲ့သည့်  နောင်တော၊ နန်းပန်၊ ရွာကြီးနှင့် ရွာမဟူသည့် ရွာလေးရွာကိုပေါင်း၍ ခေါ်ဆိုသည့်အမည်ဖြစ်သည်။ အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း ပထမတွဲတွင် ရေးသားထားချက်များအရ လွန်ခဲ့ သည့် နှစ် ၁ဝဝဝဝ က မိုးကောင်း၊ ညောင်ရွှေ၊ ဟဲဟိုး၊ လားရှိုး၊ မိုးကုတ်၊ ကျိုင်းတုံ စသောဒေသများတွင် အလွန်ကြီးမားသော အင်းအိုင်ကြီးများရှိခဲ့သည်။ ယင်းတို့ အနက် ရှမ်းကုန်းပြင်မြင့်ရှိ ညောင်ရွှေချိုင့်ဝှမ်းရေအိုင်မကြီးသည် နှစ် ၁ဝဝဝဝ မှနှစ် ၇ဝဝဝ အကြား ကျောက်ခေတ်လယ်(Mesolithic Age)ကာလတွင် ဆုတ်ယုတ် လျော့ပါးလာပြီးနောက် အင်းလေးကန်နှင့် အင်းတော်ကြီးအပါအဝင် အိုင်များ ကျန် ရှိခဲ့သည်။ မူလရေအိုင်ကြီးသည် စတုရန်းမိုင် ၁၉ဝ အထိ ကျယ်ဝန်းခဲ့ကြောင်း ခန့် မှန်းခဲ့သည်။
အင်းလေးကန်သည် တောင်မြောက်အလျား ကိုးမိုင်နှင့် အရှေ့အနောက် အကျယ် ဆုံးနေရာတွင် သုံးမိုင်ခွဲ ကျယ်ဝန်းသည်။ အင်းလေးကန်၏ ရေပြင်ဧရိယာသည်  ၂၅ ဒသမ ၈ စတုရန်းမိုင်ရှိပြီး ကန်ရေအနက်သည် ခြောက်သွေ့ရာသီတွင် ပျမ်းမျှ ခုနစ် ပေနှင့် မုတ်သုံရာသီတွင် ၁၂ ပေ ဖြစ်ကာ မိုးရာသီတွင် ပေ ၂ဝ ဖြစ်သည်။ ရေတိမ် အင်းဖြစ်သည့် အင်းလေးကို အင်းတိမ်ဟု ခေါ်ဆိုခဲ့ကြသော်လည်း အင်းလေးဟုသာ ထင်ရှားခဲ့သည်။
အရှေ့၊ အနောက်နှင့်  မြောက်ဘက်မှ  မြစ်ချောင်းများ  စီးဝင်လျက်ရှိသည့် အင်းလေးသည် ဘီလူးချောင်းအတွင်း ဝင်သွားကာ လွိုင်ကော်မြို့နယ်တွင် နမ့်ပေါင် မြစ်နှင့်ပေါင်းဆုံပြီး သံလွင်မြစ်အတွင်းသို့ စီးဆင်းသွားသည်။
ဇီဝဝန်းကျင်နယ်မြေ
အင်းလေးသည် ၄၅ ဒီဂရီ ဖာရင်ဟိုက်နှင့် ၉ဝ ဒီဂရီ ဖာရင်ဟိုက်အကြား မျှတ သော အပူချိန်ရှိကာ မိုးရေချိန် လက်မ ၆ဝ ရှိ သည်။ အင်းလေးကန်တွင် ငှက်မျိုးစိတ် ၂၇ဝ၊ ငါးမျိုးစိတ် ၄၃ မျိုး၊ ကုန်းနေရေနေသတ္တဝါ  ၃၄ မျိုး၊ လိပ်သုံးမျိုး၊ လိပ်ပြာ ၃၄ မျိုးနှင့်  က္ဘာပေါ်၌ အခြားနေရာများတွင်မရှိသည့် ခရုမျိုးစိတ် ၂ဝ နှင့် ငါးမျိုးစိတ် ကိုးမျိုး ကျက်စားနေထိုင်ကြသည်။ နိုဝင်ဘာလမှ ဇန်နဝါရီလအတွင်း ဆောင်းရာသီ တွင် ဆောင်းခိုငှက်များသည် အင်းလေးကန်ဝန်းကျင်သို့ ရောက်လာလေ့ရှိကြပြီး ဒေသနေ   အညိုရောင်  ဦးခေါင်းမည်းစင်ရော် ကောင်ရေ  ၂ဝဝဝဝ  ကျော်ကို အင်းလေးကန်အတွင်း မြင်တွေ့နိုင်ကြသည်။ ငါးဖိန်း(Cyprinus intha)ငါးမျိုးစိတ် သည် အင်းလေးကန်အတွင်း အများဆုံးရှိနေပြီး ဒေသနေသူများသည် ငါးဖိန်းကို အများဆုံး စားသုံးကြသည်။
အင်းလေးကန်သည် လူဦးရေ တိုးပွားလာမှု၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း တိုးတက်လာမှုတို့ကြောင့် သဘာဝဝန်းကျင်အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ သည်။ အင်းလေးကန်အနောက်ပိုင်းတွင် ကျွန်းမျောစိုက်ခင်းများ တိုးပွားလာခြင်း ကြောင့် ၁၉၃၅ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ ၆၅ နှစ်အတွင်း ကန်ရေမျက်နှာပြင် ဧရိယာသည် ၆၉ ဒသမ ၁ စတုရန်းကီလိုမီတာမှ ၄၆ ဒသမ ၆ စတုရန်း ကီလိုမီတာသို့ လျော့ကျခဲ့ကာ ကန်ဧရိယာ ၃၂ ရာခိုင်နှုန်း သေးငယ်သွားခဲ့သည်။
အင်းလေးကန်၏ ကြွယ်ဝသည့် ငါးသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲ၊ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို ထိန်းသိမ်းနိုင်ရေးအတွက် မြန်မာနိုင်ငံက ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)သို့ အင်းလေးကန်ဒေသအား လူသားနှင့်ဇီဝအဝန်းနယ်မြေ(Man and Biosphere-MAB) အဖြစ်သတ်မှတ် နိုင်ရန် ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် အဆိုပြုခဲ့သည်။ ယူနက်စ်ကိုအဖွဲ့သည် လူသားနှင့် ဇီဝအဝန်းနယ်မြေအစီအစဉ်ကို ၁၉၇၁ ခုနှစ်တွင် စတင်အကောင် အထည်ဖော်ခဲ့ပြီး က္ဘာတစ်ဝန်းရှိ နယ်မြေ ၆၅၁ ခုကို လူသားနှင့် ဇီဝအဝန်းနယ်မြေ အဖြစ် သတ်မှတ်နိုင်ခဲ့ရာ  အင်းလေးကန်ဒေသကိုလည်း  မြန်မာနိုင်ငံ၏ ပထမ ဆုံးသော လူသားနှင့်ဇီဝအဝန်းနယ်မြေအဖြစ်  ၂ဝ၁၅  ခုနှစ် ဇွန်လ ၉  ရက်တွင် အတည်ပြုခဲ့သည်။
ဇီဝအဝန်းနယ်မြေ အစီအစဉ်၏ အဓိကရည်ရွယ်ချက်သည် ဇီဝမျိုးစုံမျိုးကွဲ ထိန်း သိမ်းခြင်း၊ ဒေသခံပြည်သူတို့၏ လူမှုစီးပွားရေးမြှင့်တင်ခြင်း၊ ဒေသတွင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းခြင်း၊ လူသားနှင့် သဘာဝပတ်ဝန်းကျင်အကြား ဆက် နွှယ်မှု ညီညွတ်မျှတစွာ တိုးတက်လာစေရန် ထိန်းညှိစီမံမည့် စနစ်တစ်ရပ် ချမှတ် ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။
အင်းလေးကန်ဝန်းကျင်နှင့် အင်းလေးကန်အတွင်း အင်းသားလူမျိုး ၇ဝဝဝဝ နှင့် ရှမ်း၊ တောင်ရိုး၊ ဓနု၊ ပအိုဝ်း၊ ကယားနှင့် ဗမာလူမျိုးများ နေထိုင်ကြသည်။ အင်းလေး ဒေသနေသူများသည် အဓိကအားဖြင့် လယ်ယာလုပ်ငန်း၊ ပန်းထိမ်၊ ပန်းပဲ၊ ပန်းတဉ်း၊ ရက်ကန်း၊  ငါးဖမ်းလုပ်ငန်းနှင့်  ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး လုပ်ငန်းများဖြင့် အသက်မွေးမြူကြသည်။
အင်းသားတို့သည် အင်းလေးကန်အတွင်း ငါးဖမ်းကြသည့်အပြင် ဟင်းသီးဟင်း ရွက်နှင့် အသီးအနှံများကို ကန်ရေပြင်ရှိ ကျွန်းမျောများပေါ်တွင် စိုက်ပျိုးကြသည်။ အင်းလေးကန်အတွင်း၌ သဘာဝအတိုင်းဖြစ်ပေါ်လာသည့် ကျွန်းမျောများရှိသကဲ့ သို့ လူလုပ်ကျွန်းမျောများလည်းရှိသည်။ လူလုပ်ရေမျောစိုက်ခင်းများကို ပြုလုပ်ရာ တွင် အင်းလေးကန် ရေနက်ပိုင်းအောက်ခြေမှ ရေမှော်ပင်များကို ရေပြင်ပေါ်သို့ ဆွဲတင်၍  မိမိတို့စိုက်ပျိုးလိုသည့်နေရာများတွင် ဝါးတိုင်များဖြင့်ဖွဲ့နှောင်ကာ ပြုလုပ် ကြသည်။ ထိုစိုက်ခင်းများသည် ရေပြင်အနိမ့်အမြင့်အတိုင်း ရေပေါ်တွင် အတက် အကျဖြစ်နေသဖြင့် ရေလျှံမှုမရှိဘဲ စိုက်ခင်းများပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ကြပေသည်။
အင်းလေးကန်အတွင်း လှေများဖြင့် အဓိကသွားလာကြကာ အနည်းငယ်ကြီးမား သောလှေများကို အင်ဂျင်စက်များတပ်ဆင်ပြီး မောင်းနှင်ကြသည်။ အင်းလေး ကန်အတွင်း လှေလှော်သူများက လှေများကို ခြေထောက်ဖြင့် လှော်ခတ်သွား လာကြခြင်းသည် က္ဘာကျော်ဓလေ့တစ်ခုဖြစ်ပေသည်။ လှေပေါ်တွင် မတ်တတ် ရပ်လျက် လှော်တက်ရှည်ကို ခြေထောက်တစ်ဖက်ဖြင့်ညှပ်ကာ လှော်တက်အဖျားကို လက်ဖြင့်ထိန်းလျက် ခြေထောက်ကိုအားပြု၍ လှော်ခတ်ကြပုံကို အင်းလေးဒေသတွင် ထူးခြားစွာ မြင်တွေ့ကြရသည်။
ရှေးယခင်က အင်းလေးကန်အတွင်း လှေများကို ထိုင်၍လှော်ခတ်ခဲ့ကြရာတွင် လှေလှော်သူသည် လှေရှေ့ရှိရေပြင်တွင် မျောပါနေသည့်မှော်ပင်များကို မမြင်ရ သဖြင့် မတ်တတ်ရပ်ကာ လှော်ခတ်ကြရာမှ ခြေဖြင့်လှေလှော်သည့်ဓလေ့ ဖြစ်လာခဲ့ သည်ဟု ဆိုကြသည်။ အများအားဖြင့် အမျိုးသားများကသာ မတ်တတ်လှေလှော် လေ့ရှိကြပြီး အမျိုးသမီးများကမူ လှေအတွင်း ထိုင်လျက်ပင် လှော်ခတ်ကြသည်။ သို့သော် လှေလှော်ပြိုင်ပွဲများတွင် အမျိုးသမီးများသည်လည်း အမျိုးသားများကဲ့သို့ မတ်တတ်ရပ်လျက် လှော်ခတ် ပြိုင်ပွဲဝင်လေ့ရှိကြသည်။
အင်းလေးဒေသတွင် တောင်ကြီးဈေး၊ ရွာမရေပေါ်ဈေး၊ အောင်ပန်းဈေး၊ မိုင်းပျိုး ဈေး၊ ဆတ်သေဈေး၊ နမ့်ခုတ်ဈေး၊ ပင်ခွန်ဈေး စသည်ဖြင့် ငါးရက်ဈေးများရှိသည်။ ထိုဈေးရက်များတွင် ဒေသမှ အင်းသားများ ဆုံစည်းလေ့ရှိကြသည်။ ငါးရက်ဈေး များသည် တောင်ကြီးတွင် ၁ဝ နေရာ၊ ညောင်ရွှေတွင် ၁၃ နေရာ၊ မိုင်းသောက်တွင် ၁ဝ နေရာ၊ ဟဲဟိုးတွင် ၁၁ နေရာနှင့် ရွှေညောင်တွင် ၁၁ နေရာရှိကာ ဒေသထွက် ကုန်များနှင့် ခေတ်မီအသုံးအဆောင်များကို ရောင်းချလေ့ရှိကြပေသည်။
အင်းလေးဒေသထွက် လက်မှုပစ္စည်းများသည် အထူးထင်ရှားပြီး ဆေးပေါ့လိပ် များမှသည် အင်းလေးတွင်ရက်လုပ်သော အဝတ်အထည်များ၊ လွယ်အိတ်များ၊ ပိုးခြည်ဖြင့်ရက်လုပ်သည့် အင်းလေးလုံခြည်များ၊ ငွေထည်ပစ္စည်းများ၊ လက်ဝတ် တန်ဆာများကို အင်းလေးကန်အတွင်း၌ပင် ဝယ်ယူနိုင်ကြသည်။ အင်းလေးကန် အတွင်း လှေငယ်များဖြင့် လှည့်လည်ရောင်းချကြသည့် လှေပေါ်ဈေးများကိုလည်း ခရီးသွားများ စိတ်ဝင်စားကြသည်။ ထို့အတူပင် အင်းလေးဒေသတွင်သာ ထုတ်လုပ် သည့် ကြာသင်္ကန်းသည် နာမည်ကြီးသကဲ့သို့ တန်ဖိုးလည်း ကြီးမားလှပေသည်။ ကြာရိုးကြာနွယ်များကို အဆစ်များဆစ်ကာ ဖြတ်တောက်ဆွဲငင်၍ ထွက်ရှိလာသည့် ကြာမျှင်များကို ချည်ဖြစ်အောင်ကျစ်ပြီးမှ ရက်လုပ်ရသော  သင်္ကန်းဖြစ်သဖြင့် လူအင်အားများများ အချိန်များများ အသုံးပြုကြရသည်။
အင်းတော်ကြီး
ဘူမိဖွဲ့စည်းမှုများအရဖြစ်ပေါ်လာသည့် အရှေ့တောင်အာရှဒေသ ကုန်းတွင်းရေချို အိုင်များတွင် အင်းတော်ကြီးသည် အကြီးဆုံးဖြစ်သည်။ အင်းတော်ကြီးအိုင်ရေပြင် သည် အရှေ့မှအနောက်သို့ ၈ ဒသမ ၁ မိုင်၊ တောင်မှမြောက်သို့ ၁၅ မိုင် ကျယ်ဝန်းကာ ဧရိယာစတုရန်းမိုင် ၁ဝဝ ရှိသည်။ အင်းတော်ကြီးရေပြင်သည် အင်းလေးကန်ထက် ပိုမိုနက်ရှိုင်းကာ  အနောက်ဘက်ဆုံးနေရာများသည်  ရေအနက်ဆုံးဖြစ်သည်။ အင်းတော်ကြီးအိုင် ဝန်းကျင်၌ ကျေးရွာပေါင်း ၂ဝ ရှိသည့်အနက် အိုင်ပတ်လည်တွင် ကျေးရွာ ၁၃ ရွာရှိကာ ရှမ်းနှင့်  ကချင်လူမျိုးများ  အများဆုံးနေထိုင်ကြသည်။ အင်းတော်ကြီးအိုင်သည် အင်းတော်ကြီး တောရိုင်းတိရ္ဆာန်ဘေးမဲ့တော၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
အင်းတော်ကြီးဒေသကို အရှေ့ဘက်တွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အထိ၊ အရှေ့တောင်ဘက်တွင် ဟိုပင်နှင့် မိုးညှင်းအကြားရှိ ကကျော်တောင်ကြားအထိ၊ တောင်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အထိ၊ အနောက်ဘက်နှင့် မြောက်ဘက်တွင် ကချင်ပြည်နယ် ကာမိုင်းမြို့နယ်အထိ အကျယ်အဝန်း စတုရန်း ၃၁၄ ဒသမ ၆၇ မိုင်ဟု သတ်မှတ်ထားသည်။    
အင်းတော်ကြီးဒေသကို ပေ ၁ဝဝဝ မှ ၄ဝဝဝ ကျော်အထိမြင့်သော ကျောက် တောင်များက ဝန်းရံနေကာ တောင်တန်းများတွင်မြစ်ဖျားခံသော ချောင်းငယ်ပေါင်း ၁၂ ခုက အင်းတော်ကြီးကန်သို့ အရပ်လေးမျက်နှာမှ စီးဝင်လျက်ရှိပြီး မိုးကောင်း တွင်မြစ်ဖျားခံခဲ့သော အင်းတော်ကြီးချောင်းမှ ရေများ ပြန်လည်စီးထွက်သည်။
အင်းတော်ကြီးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး
အင်းတော်ကြီးကန်အတွင်း ငါးမျိုးပွားမှု မထိခိုက်စေရန်အတွက် ရွှေမဉ္ဇူရေ လယ်ဘုရား တစ်မိုင်ပတ်လည်ဧရိယာကို ငါးမဖမ်းရနယ်မြေအဖြစ် သတ်မှတ်ထား သည်။ အင်းတော်ကြီးပတ်ဝန်းကျင်တွင် နေထိုင်ကြသူများသည် ငါးဖမ်းလုပ်ငန်းဖြင့် အဓိက အသက်မွေးကြသဖြင့် ကန့်သတ်နယ်မြေပြင်ပတွင် သာမန်ငါးဖမ်းမှုကို ခွင့်ပြု ထားသည်။
အင်းတော်ကြီးဒေသကို တောရိုင်းတိရ္ဆိာန်ဘေးမဲ့တောအဖြစ် သတ်မှတ်ထား သည်။ အင်းတော်ကြီး တောရိုင်းတိရ္ဆာန် ဘေးမဲ့တော၊ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်၊ အင်းလေး တောရိုင်းတိရ္ဆာန်ဘေးမဲ့တော၊ ဝက်သည်းကန် ငှက်ဘေးမဲ့ တော၊ မိုးယွန်းကြီးအင်း တောရိုင်းတိရ္ဆာန်ဘေးမဲ့တော၊ လှော်ကား သဘာဝ ဥယျာဉ်၊ မိန်းမလှကျွန်း တောရိုင်းတိရ္ဆာန်ဘေးမဲ့တော၊ သမီးလှကျွန်း တောရိုင်း တိရ္ဆာန်ဘေးမဲ့တော၊ မော့စကော့ကျွန်း တောရိုင်းတိရ္ဆာန်ဘေးမဲ့တောနှင့် လန်ပိ အ္ဏဝါအမျိုးသားဥယျာဉ်တို့သည် မြန်မာနိုင်ငံ၏ ထင်ရှားသော ရေတိမ်ဒေသများ ဖြစ်ကြသည်။
၁၉၇၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် အီရန်နိုင်ငံ ကက်စပီယန်ပင်လယ်အနီးရှိ ရမ်ဆာမြို့၌ ရေတိမ်ဒေသများဆိုင်ရာ ကွန်ဗင်းရှင်းကို ပထမဆုံးကျင်းပခဲ့ပြီး ယင်းနေ့ ကို က္ဘာ့ရေတိမ်ဒေသများနေ့အဖြစ် သတ်မှတ်၍ နိုင်ငံတကာတွင် နှစ်စဉ်ကျင်းပခဲ့ သည်။ မြန်မာနိုင်ငံသည် ၂ဝဝ၅ ခုနှစ် မတ်လ ၁၇ ရက်တွင် အဖွဲ့ဝင် ၁၆၉ နိုင်ငံရှိသည့် ရမ်ဆာရေတိမ်ဒေသထိန်းသိမ်းရေး ကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်အဖြစ် လက်မှတ် ရေးထိုးခဲ့သည်။
၂ဝဝ၄ ခုနှစ်တွင် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းလေ့လာချက်များအရ မြန်မာနိုင်ငံတွင် အရေးပါသည့် ရေတိမ်ဒေသ ၉၉ ခုကို မှတ်တမ်းတင်နိုင်ခဲ့ရာ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသတွင် ၈၅ ခု၊ သံလွင် မြစ်ဝှမ်းဒေသတွင် ခြောက်ခု၊ စစ်တောင်းမြစ်ဝှမ်းဒေသတွင် ငါးခုနှင့် ရခိုင် ကမ်းရိုး တန်းဒေသတွင် သုံးခုဖြစ်သည်။ ယင်းတို့ကို  ပင်လယ်ကမ်းခြေဒေသများဆိုင်ရာ ရေတိမ်ဒေသ၊ အင်းအိုင်နှင့် ရေကန်များဆိုင်ရာ ရေတိမ်ဒေသ၊ နွံနစ် သစ်ဆွေး ဒေသများဆိုင်ရာ ရေတိမ်ဒေသ၊ စိမ့်တော စိမ့်မြေများဆိုင်ရာ ရေတိမ်ဒေသ၊ မြစ်ဝ ကျွန်းပေါ်ဒေသဆိုင်ရာ ရေတိမ်ဒေသဟူ၍ ခွဲခြားသတ်မှတ်ထားသည်။

ရမ်ဆာရေတိမ်ဒေသ စံနှုန်းသတ်မှတ်ချက် ကိုးချက်တွင် အင်းတော်ကြီးသည် ဇီဝဘူမိထူးခြားသည့် ဒေသအတွင်း၌ သဘာဝအတိုင်း (သို့မဟုတ်) သဘာဝနီးပါး အတိုင်း ရှိနေခြင်း၊ ထိခိုက်ပျက်စီးလွယ်သော မျိုးသုဉ်းရန်အ္တရာယ်ရှိသော (သို့ မဟုတ်) မျိုးသုဉ်းလုနီးပါးဖြစ်နေသော မျိုးစိတ်များနှင့် ခြိမ်းခြောက်ခြင်းခံနေရသော ဂေဟအဖွဲ့အစည်းများ ရှိနေခြင်း၊ ရေပျော်ငှက်ပေါင်း ၂ဝဝဝဝ နှင့်အထက် ပုံမှန် ကျက်စားနေနိုင်ခြင်း၊ ရေပျော်ငှက်မျိုးစိတ် (သို့မဟုတ်) တစ်ဆင့်ခံမျိုးစိတ်တစ်ခု ချင်းစီ၏ အကောင်ရေပေါင်း တစ်ရာခိုင်နှုန်း ပုံမှန်ထောက်ပံ့နိုင်ခြင်းဟူသော အချက် များတွင် အကျုံးဝင်သဖြင့် ရမ်ဆာရေတိမ်ဒေသအဖြစ် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ တွင် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။
ရမ်ဆာရေတိမ်ဒေသ ဖြစ်လာသဖြင့်  အင်းတော်ကြီးဒေသရှိ  အပင်များနှင့် ဇီဝမျိုးစုံမျိုးကွဲများကို  ပိုမိုထိန်းသိမ်းလာနိုင်သည့်အပြင်  အင်းတော်ကြီးဒေသ သဘာဝအခြေခံခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ အင်းတော်ကြီး ဒေသရှိ တောရိုင်းတိရ္ဆာန်ဘေးမဲ့တောသည် အမြဲစိမ်းတော ရေတိမ်ဂေဟစနစ် တစ်ခုဖြစ်ပြီး ဆင်၊ သမင်၊ စိုင်၊ ဆတ်၊ တောဆိတ်၊ တောင်ဆိတ်၊ ရေပျော်ငှက်များ လာရောက်ကျက်စားသော ဒေသတစ်ခုဖြစ်သည်။
ရမ်ဆာရေတိမ်ဒေသအဖြစ် သတ်မှတ်ခံရသော ဒေသများသည်  နိုင်ငံတကာ အလေးထားမှုများ တိုးမြင့်ရရှိလေ့ရှိပြီး ရေတိမ်ဒေသထိန်းသိမ်းရေး လုပ်ငန်းများကို လည်း ထိရောက်စွာ လုပ်ဆောင်လာနိုင်ကြသည်။ ယနေ့ က္ဘာ့နေရာအနှံ့တွင် ကြုံတွေ့နေကြရသည့် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအ္တရာယ် ကျ ရောက်ခြင်းများကို လျှော့ချနိုင်မည့် နည်းလမ်းများတွင် ရေတိမ်ဒေသများအား စနစ်တကျ ထိန်းသိမ်းကာကွယ်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထို့အတူ ရေတိမ်ဒေသများတွင် ဇီဝမျိုးစုံ၊ မျိုးကွဲများ၊ ရေပျော်ငှက်များ၊ ဆောင်းခိုငှက်များ လာရောက်ကျက်စားလေ့ရှိသဖြင့် ဂေဟစနစ်မပျက်စီးရန် လိုအပ်သည်။
အင်းတော်ကြီးသည် နို့တိုက်သတ္တဝါနှင့်  ငှက်များအပါအဝင် သတ္တဝါမျိုးစိတ် များ မှီခိုရှင်သန်နေကြသည့် နေရာတစ်ခုဖြစ်ပြီး တောရိုင်းတိရ္ဆာန်ဘေးမဲ့တော အဖြစ် ၁၉၉၉ ခုနှစ်တွင် ထူထောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် မျိုးတုံးလုနီးပါးဖြစ်နေသည့် ငှက်မျိုးစိတ် ၁ဝ မျိုးကို အင်းတော်ကြီးတွင် တွေ့ရှိရသည်။ အင်းတော်ကြီးအတွင်း မော်တော်ဖြင့် လှည့်လည်ကြည့်ရှုပါက ရေတိမ်ဒေသနေ သတ္တဝါများကို မြင်တွေ့ နိုင်ကြသည်။ နှစ်စဉ် ဆောင်းခိုငှက်များ လာရောက်နားခိုလေ့ရှိသည့် အင်းတော်ကြီး ရေပြင်သည် မိုးရာသီကုန်ဆုံးပြီးတိုင်း  ကြည်လင်သန့်ရှင်းနေပေသည်။
အင်းလေးနှင့် အင်းတော်ကြီးတို့သည် လှပသာယာသော သဘာဝပတ်ဝန်းကျင် ရှုခင်းနှင့် ဇီဝတိရ္ဆာန်မျိုးကွဲများကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများ နှစ်စဉ် လာရောက်လည်ပတ်လျက်ရှိသည်။ အင်းလေးကန်အတွင်းရှိ ဖောင်တော်ဦး ဗုဒ္ဓ ရုပ်ပွားတော်များနှင့် အင်းတော်ကြီးရှိ ရွှေမဉ္ဇူဘုရားတို့သည် မြန်မာလူမျိုးများ သွားရောက်ဖူးမြော်မှုများပြားသော ဘုရားများဖြစ်ကြသည်။ သဘာဝ ရေချိုအိုင်ကြီး များသို့ ပြည်တွင်းပြည်ပမှ လည်ပတ်သူများ များပြားလာသည်နှင့်အမျှ ရေကန်ကြီး များ ရေရှည်တည်တံ့စေရန်ကိုလည်း အားလုံးက စည်းကမ်းတကျ ဝိုင်းဝန်းစောင့် ရှောက်ကြရမည်ဖြစ်ပေသည်။      ။
မောင်သာ(ရှေးဟောင်းသုတေသန)မြန်​မာ့အလင်း
ကိုးကား
(၁) အခြေပြ မြန်မာ့နိုင်ငံရေးသမိုင်း (ပထမတွဲ)
(၂) မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၅)
(၃)Ramsar Convention (Wikipedia)

No comments:

Post a Comment