Latest News

Friday, January 19, 2018

မန်ယူအသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန်မော်ရင်ညိုသဘောတူညီခဲ့

မန်ယူအသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန်မော်ရင်ညိုသဘောတူညီခဲ့

မန်ယူအသင်း မန်နေဂျာ မော်ရင်ညိုသည် မန်ယူအသင်းနှင့် ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း သတင်းများ တွင် ရေးသားဖော်ပြထားသည်။ မန်ယူအသင်းအနေဖြင့် လာမည့် သီတင်းပတ်အတွင်း မန်နေဂျာ မော်ရင်ညိုနှင့် စာချုပ်သစ်ချုပ်ဆိုခြင်းကို တရားဝင် သတင်း ထုတ်ပြန်သွားနိုင်ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

ပေါ်တူဂီလူမျိုး မန်နေဂျာ မော်ရင်ညိုသည်  ၂ဝ၁၆ ခုနှစ် မေလ ၂၇ ရက်တွင် မန်ယူမန်နေဂျာအဖြစ်  သုံးနှစ်သက်တမ်းရှိ စာချုပ်ဖြင့် စတင်တာဝန်ယူ ခဲ့သူဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုပြီးပါက မော်ရင်ညိုသည် မန်ယူအသင်းတွင် ၂ဝ၂၃ ခုနှစ်အထိ ရှိနေမည် ဖြစ်သည်။ မန်နေဂျာ မော်ရင်ညို (၅၄နှစ်)သည် လက်ရှိအချိန်၌ မန်ယူအသင်းထံမှ တစ်ပတ်လုပ်ခငွေအဖြစ် ပေါင် ၂၅ဝဝဝဝ ရရှိနေပြီး မန်စီးတီး မန်နေဂျာ ဂွါဒီယိုလာနှင့်အတူ ပရီမီယာလိဂ် မန်နေဂျာများ အနက် လုပ်ခငွေအများဆုံး ရရှိသည့် မန်နေဂျာအဖြစ် ရပ်တည်နေသူဖြစ်သည်။ မန်ယူအသင်းတာဝန်ရှိသူများက  မန်နေဂျာ မော်ရင်ညို၏ လက်အောက် တွင် အသင်း၏ တိုးတက်မှုအပေါ် ကျေနပ်မှုရှိနေပြီး မော်ရင်ညိုသည် မန်ယူကစားသမားများထံသို့ အောင်မြင်လိုစိတ်ကို ပြန်လည်ယူဆောင်ပေးနိုင်မည့် မန်နေဂျာအဖြစ် ယူဆထားသည်။ မန်နေဂျာ မော်ရင်ညိုကလည်း မန်ယူမန်နေဂျာဘဝ အနာဂတ်နှင့်ပတ်သက်၍ ''မန်ယူအသင်းအနေနဲ့ ကျွန်တော့်ကို အလိုမရှိတော့တဲ့  အချိန်မှသာ မန်ယူကနေ ကျွန်တော် ထွက်ခွာသွားမှာပါ၊ ဒါကို မန်ယူမန်နေဂျာအဖြစ် စတင်တာဝန်ယူချိန်ကတည်းက ပြောခဲ့ပြီးပါပြီ၊ ဘာကြောင့်လဲဆိုတော့  ကျွန်တော့်အနေနဲ့  မန်ယူအသင်းကို  စွန့်ခွာသွားဖို့ ဆန္ဒမရှိလို့ပါ၊ ကျွန်တော့်ရည်မှန်းချက်က မန်ယူအသင်းမှာ ဆက်နေပြီး အသင်းကို တိုးတက်လာအောင် ပြုလုပ်သွားဖို့ပါ''ဟု ပြောဆိုခဲ့ဖူးသည်။ မန်ယူအသင်းသည် ယခုနှစ် ပရီမီယာလိဂ်ပြိုင်ပွဲတွင် ပွဲစဉ် ၂၃ ကစားပြီးချိန်၌ ရမှတ် ၅ဝ ဖြင့် အမှတ်ပေးဇယား၏ ဒုတိယနေရာတွင် ရပ်တည်နေကာ ထိပ်ဆုံးမှ မန်စီးတီးအသင်းထက် ရှစ်မှတ် လျော့နည်းနေသည်။ ထက်အောင်(မြန်​မာ့အလင်း)

No comments:

Post a Comment