Latest News

Tuesday, January 16, 2018

ကျဆုံးသူအပေါင်းရဲ့ အရိုး အထောင်အသောင်းနဲ့ ခေါင်းလောင်းကို ထိုးလိုက်ပါတယ်


ကျဆုံးသူအပေါင်းရဲ့
အရိုး အထောင်အသောင်းနဲ့
ခေါင်းလောင်းကို ထိုးလိုက်ပါတယ်
...................
မောင်နန်းဝေ(ဗန်းမော်)

ကျွန်တော်တို့ ချီတက်ခဲ့ရာလမ်းတစ်လျှောက်
ခင်းထားခဲ့ရတဲ့ အရိုးတွေကို
နောင်တစ်ချိန်မှာ ပြန်တူးဖော်မယ်။

ပြီးတော့
အရိုးတစ်ခုချင်းစီပေါ်မှာ
ဒီအရိုး ပိုင်ရှင်ရဲ့ 
အမည်နာမကိုရေးထိုးပြီး
သမိုင်းဝင်အရိုးပြတိုက်တစ်ခု ဖွင့်လှစ်ချင်တယ်။

အဲဒီအရိုးပြတိုက်မှာ
မန္တလေး နန်းတွင်းထောင်ထဲ
ကျဆုံးခဲ့သူ
ဦးကိုလေးရဲ့ အရိုးလည်းပါတယ်။

H.Cဘို့စ်(အိန္ဒိယနိုင်ငံရေးသမားချန်ဒရာဘို့စ်)နဲ့ဒေါ်ကြည်စိန်တို့ရဲ့
သားသမီး (၅)ယောက်အနက်၊
(၃)ယောက်မြောက်သားဖြစ်တဲ့
ဦးကိုလေး(ခ)ဦးကိုကိုလေးကို
(၁၉၄၇)သြဂုတ်လ(၁၉)ရက်နေ့
စလင်းမြို့မှာမွေးပါတယ်။

ဦးကိုလေးက
(B.Com)ဘွဲ့ရတစ်ယောက်။
စီမံကိန်းရေးရာဌာနမှာ
လုပ်သက်(၉)နှစ်ရှိတဲ့ဦးစီးမှူး။
ပြီးတော့
ရွှေကူမြို့သပိတ်ကော်မတီဝင်
တစ်ဦးလည်းဖြစ်တယ်။

သူ့ကို ရွေကူမြို့ ဘောဂဗလရပ်၊
အထက(၁)အနီးက သူ့နေအိမ်မှာ
(၁၉၈၈)စက်တင်ဘာ(၁၈)ရက်နေ့
စစ်တပ်နဲ့ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ပြီး
သစ်တောဝန်ထောက်ဦးအုန်းသန်း
(ရွှေကူ)၊ဦးတင်မြင့်(ဗန်းမော်)၊
ဦးရဲမြင့်(ရှေ့နေ့ဟုထင်)တို့နဲ့အတူ
နိုင်ငံရေးပုဒ်မ ပုဒ်မ ၅(ည)တပ်ပြီး ထောင်ဒဏ်(၇)နှစ်ချခဲ့တယ်။

ဇနီးဖြစ်သူ ဒေါ်နုနုဝင်း
(ကျောင်းဆရာမဟောင်း)ကတော့
ဥမမယ်စာမမြောက်
သားသမီး(၃)ဦးဖြစ်တဲ့
မောင်ကျော်လင်းဦး(၆ တန်း)၊မမေသန်းဦး(၄တန်း)၊မောင်မျိုးသန့်(၂ တန်း)
တို့နဲ့အတူ ကျန်နေခဲ့ရာက
ဦးကိုလေး
ထောင်ကျသွားပြီးနောက်ပိုင်း
ဗန်း​မော်​​မြို့မှာ
ပြောင်းရွှေ့ အခြေချနေထိုင်ပါတယ်။

ဗန်းမော်ထောင်မှာ(၁)နှစ်(၆)လ
နေခဲ့ရပြီး
(၁၉၉၀)ဧပြီလရောက်တော့
မန္တလေးနန်းတွင်းထောင်ကို
ဦးကိုလေး ပြောင်းရွှေ့ခံရတယ်။

"ဗန်းမော်ထောင်တုန်းက
သွားတွေ့နိုင်တယ်။
မန္တလေးအရွှေ့ ခံရတော့
အရွယ်မရောက်သေးတဲ့ ကလေးတွေနဲ့မို့
မလိုက်နိုင်တော့ဘူး။
မန္တလေးနန်းတွင်းထောင်မှာ
နေရတုန်းမှာလည်း
သူ့ညီမ ဒေါ်ခင်အုန်းမြင့်(ကွယ်လွန်)က
(၂)ကြိမ်ပဲ လိုက်တွေ့နိုင်တာ"လို့
ကျန်ရစ်သူ ဇနီးဒေါ်နုနုအေး(ယခုတောင်ကြီးနေသူ)ကပြောပြပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါအခံရှိနေတဲ့ ဦးကိုလေးခမျာ
ထောင်ထဲ ရောက်မလာခင်
လွန်ခဲ့တဲ့ ၁၂နှစ်၊
(၁၉၇၆)ခုနှစ် ကတည်းက
နှလုံးခွဲစိပ်ခံထားရတာမို့
ရေချိုးတဲ့အချိန် သူ့ရင်ဘတ်မှာ
ကင်းခြေများလို
ချုပ်ရိုးကြောင်းရာကြီးတစ်ခု
အထင်းသားပေါ်နေတယ်။

ညနေစောင်း ထောင်ပိတ်တန်းတင်
(အကျဉ်းသားတွေကို
အခန်းတွေထဲ ထည့်ပိတ်)
လူစစ်ပြီးတာနဲ့
ဦးကိုလေးက မတ်တပ်ရပ်လျက်သား
တရားမှတ်လေ့ရှိပါတယ်။
နေ့စဉ် အဲ့ဒီအချိန်ကနေ စပြီး
မနက်(၄)နာရီ(၅)နာရီအထိ
တောက်လျှောက်တရားရပ်မှတ်လိုက်တာတစ်ညလုံးနီးပါးပဲ။

သူ့ကျန်းမာရေးအခြေအနေသူသိလို့
သူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေအတွက်
ကြိုတင်ပြင်ဆင်ထားပုံရတယ်။

"တရားမှတ်တဲ့အခါ
သူခံစားရတဲ့ရောဂါဝေဒနာက
ပြင်းလို့ထင်တယ်။
သူ့တစ်ကိုယ်လုံး
တွန့်တက် ယိမ်းထိုးနေပြီး
တစ်ခါတရံဆို သွားရည်တွေတောင်ကျတတ်တယ်"လို့
ကိုမောင်မောင်ဦး(စိမ်းရောင်စို)(ထိုစဉ်က နန်းတွင်းထောင်မှာရှိခဲ့သူ)က
ပြောပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်ကတော့
သူ့ရောဂါနဲ့ပတ်သက်ပြီး
ကြပ်ကြပ်မတ်မတ် အလေးထား
ဆောင်ရွက်ပေးတာ မရှိသလို
လိုအပ်တဲ့ဆေးဝါးကုသခွင့်မပေးဘဲ
(လျစ်လျူရှုခဲ့ပြီး)
ဆေးရုံဆောင် အပေါ်ထပ်မှာ
သူ့ကိုထားပါတယ်။

ထောင်ဆေးရုံမှာက
ဦးသန်းညွှန့်(မန္တလေး)၊ကိုချိုကြီး(၁၉၉၂ ထောင်းတွင်းကျဆုံး)၊
ကိုသက်(ရန်ကုန် ဗကသ)၊ဒေါက်တာဆင်း(တန့်ဆည်သပိတ်)၊
ဦးဝင်းမောင်၊
ကိုနေမျိုးနိုင်(အထက၁၆ မန္တလေး)
သူတို့လည်း အတူရှိနေတယ်။

အဲ့ဒီအချိန်
ထောင်ပိုင်ကြီးက ဦးဝင်းမြင့်။
ထောင်းမှူးကြီးက ဦးချစ်။
ဆေးရုံထောင်မှူးက
နိုင်ငံရေးသမားတွေကို
နှိပ်ကွပ်ရေးစိတ်ဓာတ် အပြည့်ရှိသူ ဦးမောင်မောင်တင်။
ထောင်ဆရာဝန်ကတော့
ဒေါက်တာအေးချိုပါပဲ။

"ထောင်မှူး ဦးမောင်မောင်တင်က
ဘယ်လောက်ထိ ဆိုးသလဲဆိုရင်
တာဝန်မှူးအဖြစ် သူဂျူတီကျတဲ့ညဆို
ညအချိန်မတော် တရားမှတ်နေတဲ့
ဦးကိုလေးကိုတွေ့တဲ့အခါ
ဆဲဆိုကြိမ်းမောင်း
မာန်မဲတာမျိုးလုပ်တယ်"လို့
အဲ့ဒီအချိန်တုန်းက
ဆေးရုံဆောင်မှာ ရှိခဲ့သူ
ဦးခင်မောင်ဆွေ(ကလေး)ကပြောပါတယ်။

ဦးကိုလေးက
နေ့ခင်းဘက်မှာလည်း
အများအားဖြင့် စကြံင်္န်လျှောက်ပြီး
တရားမှတ်တတ်တယ်။
တခါတရံမှသာ
ဦးသန့်ညွှန့်နဲ့ စကားစမြည်
(ဘိုလို)ပြောတတ်တယ်။

မန္တလေးနန်းတွင်းထောင်ထဲ
(၂ )နှစ်နီးပါး
သူ့တရားကိုသာ သူအဖော်ပြုနေခဲ့တဲ့
ဦးကိုလေးတစ်ယောက်
(၁၉၉၂)ခုနှစ် မတ်လ(၂၅)ရက်နေ့မှာ
သူ့ညီမဒေါ်ခင်အုန်းမြင့်ကို
ထောင်ဝင်စာ ထွက်တွေ့အပြီး
နောက်တစ်ရက်။
(၁၉၉၂)မတ်လ(၂၆)ရက်နေ့။
အသက်(၄၆)နှစ်အရွယ်မှာ
ကွယ်လွန်ရှာပါတယ်။
(ဦးသိန်းသန်းဦးကတော့
မတ်လ ၂၃ ရက်လို့ပြောပါတယ်)

ထူးဆန်းတာက သူသေမှာ
သူ့ဘာသာ ကြိုတင်သိနေသလိုမျိုး
အတူနေမိတ်ဆွေရောင်းရင်းများကို
လိုက်လံနှုတ်ဆက်တာမျိုး၊
သူ့မှာရှိသမျှ ထောင်ဝင်စာပါတဲ့
ဟင်းနဲ့မုန့်အပါအဝင်
အိပ်ရာ၊စောင်အခင်းနဲ့ပစ္စည်းတွေကို
အခြားသူများအား
ဝေခြမ်းတာမျိုး ပြုလုပ်သွားခဲ့ခြင်းပါပဲ။

ပြီးတော့ လေးရက်ကြာထားပြီးမှ
ဦးကိုလေး အလောင်းကို
အခေါင်းထဲ ထည့်တဲ့အခါ
သူ့ခြေတွေလက်တွေဟာ
မာတောင့်မနေဘဲ
ပျော့ပျော့ပျောင်းပျောင်းရှိနေတာလည်း
တွေ့ကြရတယ်လို့ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်
ထောင်ဆိုတာက
နေထိုင်စားသောက်ရေး
အင်မတန် ညံ့ဖျင်းဆိုးရွားတဲ့နေရာ။
လုံလောက်တဲ့ အာဟာရထောက်ပံ့မှု ဘာဆိုဘာမှ မရှိ။
ရောဂါဖြစ်သူအတွက်
လိုအပ်တဲ့ဆေးဝါးနဲ့
ကျန်းမာရေးစောင့်ရှောက်မှုလည်း မပေးနိုင်။
သေလောက်တဲ့ရောဂါဖြစ်လာရင်
လည်စင်းခံရုံသာရှိပြီး
သားသတ်ကုန်းတစ်ခုနဲ့
ဘာဆိုဘာမှ မခြားနားတဲ့
အရပ်ဒေသတစ်ခုဟာ
အကျဉ်းထောင်ပါပဲ။

ဦးကိုလေးဆိုတာက
ယုံကြည်ချက်ကြောင့်အကျဉ်းကျတဲ့
ပညာတတ် နိုင်ငံရေးသမား။
ရောဂါကလည်း
နှလုံးခွဲစိပ်ထားရပြီး
သာမန်ကျန်းမာရေးတောင်
မရှိတော့တဲ့ အခြေအနေ။
ပြီးတော့
အိန္ဒိယနိုင်ငံရေးသမား
ဆူဘတ်ချန်ထရာဗို့စ်ရဲ့သားတော်စပ်သူ။

ဦးကိုလေးသာ အပြင်ရောက်သွားရင်
ခုလိုဆုံးပါးချင်မှ ဆုံးပါးရလိမ့်မယ်။

ဦးကိုလေး ဆုံးပါးတဲ့ကိစ္စနဲ့ပတ်သက်လို့
သူ့ရုပ်အလောင်းကို ကြည်ရှုမြင်တွေ့ခွင့်ရဖို့ဝေးလို့
ယနေ့အချိန်ထိ မိသားစုထံ
ဆက်သွယ်အကြောင်းကြားအသိပေးတာလုံးဝမရှိခဲ့ဘူးလို့
ဇနီး ဒေါ်နုနုအေးက မချိတင်ကဲ
ပြောဆိုပါတယ်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဖြစ်ရက်နဲ့
စာနာ၊ထောက်ထား ၊ငဲ့ညှာမှု
ဘာတစ်ခုမှမရှိဘဲ
သေတဲ့အခါ အလောင်းဆွဲချ
သချိုင်းပို့ရုံပဲ လုပ်တတ်တဲ့
လူယုတ်မာအစိုးရ
ဓားထက်ခဲ့တဲ့ခေတ်ကြီး။

ပြန်တွေးကြည့်ရင်
နာကျည်းဖို့ကောင်းလိုက်သမှ။

ဦးကိုလေးရဲ့အသက်ကို
ခေတ်ဆိုး၊စံနစ်ဆိုးက
နုတ်ယူသွားခဲ့ပေါ့။

သူ့ဘဝကို
အာဏာရူး လူယုတ်မာတစ်စုက
ဘွတ်ဖိနပ်နဲ့ နင်းခြေသွားခဲ့ပေါ့။

အို...အာဏာအရူး !!
အာဏာ ငမူးကောင်တို့ !!

ခင်ဗျားတို့ လူစိတ်မွေးစေချင်တယ်။
ခင်ဗျားတို့ ရင်ထဲမှာ
မြန်မာဆန်တာ ဘာတစ်ခုမှ မရှိဘူး။
ခင်ဗျားတို့ကို မြန်မာလူမျိုးလို့ပြောရတာ
ရှက်တယ်။

အရမ်းရှက်တယ်ဗျာ !!

ခင်ဗျားတို့ "ဓား"မိုးအုပ်စိုးမှုအောက်မှာ
အနုတ်ယူခံခဲ့ရတဲ့အသက်ဝိညဉ်တွေ။
အာဏာသံဖနောင့်နဲ့
နင်းခြေခံခဲ့ရတဲ့ ဘဝတွေ။

တစ်စစီ ခြေမွ၊စုတ်ဖြဲခံခဲ့ရတဲ့
မိသားစုအိပ်မက်တွေ။

သမိုင်းစာမျက်နှာတွေပေါ်
စွန်းထေး ပေကျံ ရစ်ခဲ့ပြီး
ခုတိုင် စိုစွတ်စေးထန်းနေဆဲ
သွေးနဲ့မျက်ရည်တွေ။

ထောင်နံရံနဲ့တောတောင်တွေကြားမှာ
ပဲ့တင်ရိုက်မြည်ဟိန်းနေတဲ့
တောက်ခေါက်၊နာကျည်း၊
ငိုညည်း၊ရှိုက်သံတွေ။

ပြီးတော့
အဆိပ်အခတ်ခံခဲ့ရတဲ့မနက်ဖြန်တွေ။

အဖျက်ဆီးခံခဲ့ရတဲ့ပညာရေးနဲ့
ခုတုံးအလုပ်ခံရတဲ့ဘာသာတရား။
ပြိုလဲသွားခဲ့ရတဲ့ ကိုယ်ကျင့်သီလနဲ့ စာရိတ္တ။

တော်သင့်ပြီ!
တော်လောက်ပါပြီ !!

ဒီမိုကရေစီ ခရီးရှည် ချီတက်ပွဲအတွင်း
ကျဆုံးခဲ့ရသူ အထောင်အသောင်းမကရှိခဲ့ပြီး
သူတို့ရဲ့ အရိုးအချောင်းချောင်းနဲ့
ဒီမိုကရေစီခေါင်းလောင်းကို
အဆက်မပြတ်ထိုးလိုက်ပါတယ်။

ဒီခေါင်းလောင်းသံကို
မိုးကုတ်စက်ဝိုင်းတင်မက
စကြဝဠာတံတိုင်းတိုင်အောင်
တုန်ဟည်း ရိုက်ခတ်စေချင်တယ်။

ဒီခေါင်းလောင်းသံကြားရာအရပ်
အရှေ့၊အနောက်၊တောင်၊မြောက်
အထက်၊အောက် တစ်ဝှမ်းမှာ
တရားမျှတမှု အလင်းရောင်တွေထွန်းလင်းတောက်ပ
စေချင်ပါရဲ့ ။
မောင်နန်းဝေ(ဗန်းမော်)
၁၆ ဇန်နဝါရီ ၂၀၁၈

မေးမြန်းခွင့်ပေးခဲ့တဲ့ဦးကိုလေးရဲ့ဇနီးနဲ့သမီးတို့ကိုလည်းကောင်း၊
ဗန်းမော်မြို့မှ ဦးခင်မောင်ဝင်း(ဖေဝင်း)နဲ့ဦးညီညီဖေတင်(ကိုညီထွေး)တို့အပါအဝင်
ဦးကိုလေးနဲ့မန္တလေးထောင်မှာဆုံခဲ့ဖူးသူကိုမောင်မောင်ဦး(စိမ်းရောင်စို)၊
ဦးခင်မောင်ဆွေ(ကလေး)နဲ့တကွ
"ငရဲမြေမှာကြွေတဲ့ပန်း"ဆောင်းပါးရေးသူဦးသိန်းသန်းဦး(မြန်မာနိုင်ငံရှေ့နေများကွန်ယက်)တို့ကို
လည်းကောင်းကျေးဇူးတင်ပါတယ်။




No comments:

Post a Comment