Latest News

Monday, January 29, 2018

အောင်ဆန်း – အက်တလီ စာချုပ် အတွင်းရေး

အောင်ဆန်း – အက်တလီ စာချုပ် အတွင်းရေး


( သခင်တင်ဦး )

ရှေးမီ နောက်မီ နိုင်ငံရေးသမား စာရေးဆရာကြီး တစ်ဦးဖြစ်သော သခင်တင်ဦးသည် ဗိုလ်ချုပ်အောင်ဆန်း နှင့် လက်ပွန်း တတီး နေခဲ့သူ ဖြစ်သည့် အတွက် ဗိုလ်ချုပ်အောင်ဆန်း ချုပ်ဆိုခဲ့သော အောင်ဆန်း - အက်တလီစာချုပ်၊ ပင်လုံနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ –

ပင်လုံစာချုပ် နဲ့ ပတ်သက်လို့ မှတ်မိ သလောက် ဆိုရင် ပင်လုံစာချုပ် ချုပ်တုန်း ကတော့ အဘ မပါဘူး။ အဲ့ဒီတုန်းက အဘတို့က ရန်ကုန်မှာ နေတာ။ အဲ့ဒါနဲ့ ပတ်သက်ပြီး ပြောရရင် မြန်မာပြည်မှာ တိုင်းပြည်ကို တစ်တိုင်းပြည်လုံး စည်းရုံးတဲ့ ခေါင်းဆောင်တွေ ပေါ်ခဲ့တယ်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား။ အဲ့လို ပုဂ္ဂိုလ်တွေ ပေါ်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက် တိုင်းပြည် စည်းရုံးဖို့ အတွက် ပေါ်လာတယ်။ ရာဇ၀င်ကို ကြည့်လိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းဟာ ရှေးရှေးက ခေါင်းဆောင်တွေထက် ပင်ပင်ပန်းပန်း နဲ့ ရှေ့ရေး မြင်ပြီးတော့ ဆောင်ရွက်နိုင်တယ် ဆိုတာ ထင်ရှားတာ တော်တော်ကို ချီးကျူး စရာ ကောင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းပါ။

ဒီ့ပြင် ပုဂ္ဂိုလ်တွေတုန်းက အခုလို တစ်တိုင်း တစ်ပြည်လုံး သူများ လက်အောက်ကနေ ပြီးတော့ ကယ်တင်ဖို့ တိုက်ခိုက်ဖို့ မပါခဲ့ဘူး။ ဗိုလ်ချုပ်အောင်ဆန်း လက်ထက် ရောက်တော့မှ တစ်တိုင်းပြည်လုံး အင်္ဂလိပ်ရဲ့ ကျွန်ဖြစ်နေတာကို ကယ်တင်ဖို့ ပေါ်လာတယ်။ ပြီးလည်း ပြီးရော တစ်တိုင်း တစ်ပြည်လုံး လူမျိုးစုတွေ ကွဲပြီးတော့ နေတာကို ဗိုလ်ချုပ်အောင်ဆန်းက အကုန်လုံးကို ညီညွတ်အောင် လိုက်ပြီး စည်းရုံးနိုင်တာ သိပ်အံ့သြစရာ ကောင်းတယ်။ သူ့ အသက်အရွယ်နဲ့ ယှဉ်လိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းက အဲ့ဒီတုန်းက အသက် (၃၀) ကျော် အရွယ်ပဲ ရှိသေးတာ။ အဲဒီအရွယ်နဲ့ တစ်တိုင်းပြည်လုံးမှာ ရှိနေတဲ့ လူမျိုးစုတွေ အားလုံးကို ညီညီညွတ်ညွတ်နဲ့ အကုန်လုံး ညီညွတ်အောင် လုပ်တာ တကယ် ချီးကျူးစရာ ကောင်းတယ်။ အဲ့လို ချီးကျူးစရာ ကောင်းအောင် ဗိုလ်ချုပ်အောင်ဆန်း လုပ်နေတုန်းကို အင်္ဂလိပ်အစိုးရက ပြည်ထောင်စုသားတွေကို အကုန်လုံး ခွဲထုတ်ဖို့အတွက် နောက်ကလိုက်ပြီး နှောင့်ယှက်သေးတယ်။

ဒါကြောင့် တကယ် ချီးကျူးဖို့ ကောင်းတယ်။ နောက်ပြီး အဲဒီအချိန်တုန်းက လုပ်တာ၊ ဗိုလ်ချုပ်အောင်ဆန်း အပြင် ဘယ်ခေါင်းဆောင်မှ မပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တည်း ကပဲ ခေါင်းဆောင်ပြီး တိုင်းရင်းသားတွေ အားလုံး စည်းလုံးအောင် လုပ်နေတဲ့အတွက် တကယ်တော်တဲ့ ပုဂ္ဂိုလ်ပါ။ အဲဒါကြောင့်လည်း ဗိုလ်ချုပ်ကို ပြည်ထောင်စုသားတွေက ကြည်ညိုပြီး ဗိုလ်ချုပ် အကြိုက် ပြည်ထောင်စုကြီး ညီညီညွတ်ညွတ် ဖြစ်အောင် လုပ်ကြပါမယ်လို့ ၀န်ခံပြီး ဗိုလ်ချုပ်နဲ့အတူ ပေါင်းပြီး လုပ်တာ။

ဒါကြောင့် အရင်တုန်းက ဘုရင်နောင်တို့၊ အလောင်းဘုရား တို့ထက် ဗိုလ်ချုပ်က ပိုပြီး ခက်ခက်ခဲခဲ လုပ်ခဲ့ရတာ ရာဇ၀င်မှာ ထင်ရှားပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရတာသာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့အောင်ဆန်း - အက်တလီ စာချုပ်ကြောင့် လို့ ပြောလို့ရလား ဆိုတော့ မဟုတ်သေးဘူး။ အောင်ဆန်း - အက်တလီ အကြောင်း ပြောရရင် အောင်ဆန်း – အက်တလီ မအောင်မြင် တာပါ ပြောရမယ်။ ပင်လုံစာချုပ်က အောင်ဆန်း – အက်တလီ စာချုပ်ဖို့ လုပ်ရင်း ဟိုကနေပြီး အက်တလီ တို့က တိုင်းပြည် လွတ်လပ်ရေး လိုချင်ရင် တိုင်းပြည်တွင်းမှာ ရှိတဲ့ တိုင်းရင်းသား ဟူသမျှ အကုန်လုံး စည်းလုံးအောင် လုပ်ပေးပါ။ အဲ့သလို ပြောလိုက်တာနဲ့ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်မှာရှိနေတဲ့ တိုင်းရင်းသားတွေ အားလုံး စည်းလုံးအောင် လုပ်မယ် ဆိုပြီးတော့ ကြိုးစားတာ။ အဲ့သလို ကြိုးစားတာကို ရှမ်းစော်ဘွားတွေ သိလည်းသိရော မြန်မာပြည်မှာ ရှိတဲ့ တိုင်းရင်းသားတွေဟာ အောင်ဆန်း – အက်တလီ စာချုပ် ချုပ်မှာကို မထောက်ခံပါဘူးလို့ စည်းဝေးပြီး ဆုံးဖြတ်ချက် ချတာကို အက်တလီ၊ အင်္ဂလိပ် အစိုးရနဲ့ ဗိုလ်ချုပ်အောင်ဆန်းဆီကို လှမ်းပြီး သံကြိုးရိုက်လိုက်တော့ ဗိုလ်ချုပ်အောင်ဆန်းက “ဟာ ဘယ်နှယ့် ဒီလိုတွေဖြစ်နေလဲ”ဆိုပြီး ဘာလုပ်ရမှန်း မသိဘူး။ သခင်မြ တို့၊ သခင်နု တို့က ဒီကနေ ဘာလုပ် ကြမလဲပေါ့။ အင်းလေးသားတွေ၊ ရှမ်းလူမျိုးတွေ ခေါင်းဆောင် ပြီးတော့ စည်းဝေးပြီးတော့ သူတို့ ကိုယ်တိုင်က ဗိုလ်ချုပ်အောင်ဆန်း နဲ့ အက်တလီ နဲ့ စာချုပ်တာကို တိုင်းရင်းသားတွေ အားလုံးက ထောက်ခံပါတယ်လို့ လှမ်းပြီးတော့ သံကြိုးရိုက်လိုက်တော့ ပထမစော်ဘွားတွေ လုပ်တာ အကုန် ပျက်ကုန်တော့မှ ဗိုလ်ချုပ်အောင်ဆန်းက ဆက်ပြီး စည်းဝေးရတာ။

ဗိုလ်ချုပ်အောင်ဆန်း နဲ့ ပတ်သက်ပြီး ပြောရရင် ဗိုလ်ချုပ်က ဒီမိုကရေစီနဲ့ ပတ်သက်ပြီး အင်္ဂလိပ်အစိုးရ လုပ်တာကို သူမယုံဘူး။ မယုံလို့ တိုင်းပြည် ရွေးကောက်ပွဲ လုပ်တော့ သူလှည့်ပြီး ဟောတဲ့နေရာ မှာကို “ခင်ဗျားတို့ ဖဆပလ အဖွဲ့ကြီး ခေါင်းဆောင်တာကို လိုက်ပြီး မဲထဲ ထည့်ပါ။ ကျုပ်တို့တွေကမှ ခင်ဗျားတို့ကို လွတ်လပ်ရေး ရအောင် လုပ်ပေးမှာ” လို့ကို ဟောတာ။ ဗိုလ်ချုပ်အောင်ဆန်းက “အင်္ဂလိပ်အစိုးရက တို့နိုင်ငံကို လက်နက်နဲ့ ဆက်ပြီး အုပ်ချုပ်ထားဦးမှာပဲ။ အဲ့ဒါကို တို့ပြန်ပြီး တိုက်ရမယ်။ တိုင်းပြည် ရွေးကောက်ပွဲ လုပ်ရင် ဟိုတုန်းက တကယ့်ကို ရဲဘော်စိတ်နဲ့ တိုက်ခိုက်ပြီး လာခဲ့တဲ့ ရဲဘော်တွေကို ရွေးကြပါ” လို့ကို ပြောတာ။ ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်ရဲ့ ဒီမိုကရေစီ ကို မယုံဘူး။ ပြန်ပြီး တိုက်ရလိမ့်မယ် လို့ကို ထင်တာ။

အဲ့သလို ထင်တဲ့ အတိုင်းပဲ အောင်ဆန်း-အက်တလီ စာချုပ်ဖို့ စည်းဝေးတဲ့ အခါ “တိုင်းပြည်ကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးပါ။ ကျုပ်ကို တိုင်းရင်းသားတွေနဲ့ တိုင်းသူပြည်သားတွေက ဒီအတိုင်းပဲ မှာလိုက်တယ်။ အဲ့ဒါကြောင့် မစ္စတာ အက်တလီက တိုင်းရင်းသားတွေနဲ့ တိုင်းသူ ပြည်သားတွေ အလိုကျ တစ်နှစ်အတွင်း နိုင်ငံကို လွတ်လပ်ရေး ပေးပါ့မယ်လို့ စာချုပ်မှာ ချက်ချင်းတည့်ပါ” လို့ ပြောတာ။ အဲလိုပြောတော့ အက်တလီက“ ခင်ဗျားတို့ နိုင်ငံ တစ်နှစ်အတွင်း လွတ်လပ်ရေး ရအောင် လုပ်ပါ့မယ်။ တစ်နှစ်အတွင်း လွတ်လပ်ရေး ရဖို့အတွက် ကျွန်တော် အင်္ဂလန် လွတ်တော်ကို ဒီအတိုင်းပဲ တင်ပြပါ့မယ်” ဆိုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက ဒီမိုကရေစီကို သူနားလည်တာက “ ဒါကို မလိုဘူး။ ဒီစာချုပ်ထဲမှာကိုက တိုင်းပြည်ကို တစ်နှစ်အတွင်း လွတ်လပ်ရေး ပေးပါမယ်လို့ စာချုပ်မှာ ရေးမှတ်ရမယ်” ဆိုတော့ အက်တလီက “ကျွန်တော့်သဘောနဲ့ ရေးလို့ မရဘူး။ လွှတ်တော်ကို တင်ပြီးမှ ခင်ဗျားတို့ မြန်မာပြည်ကို တစ်နှစ်အတွင်း လွတ်လပ်ရေး ပေးပါ့မယ်လို့ ထုတ်ပြန်နိုင်မယ်” ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းက “ခင်ဗျား ဒီလိုလုပ်ရင်တော့ လက်မှတ်မထိုးနိုင်ဘူး။ ဒီမှာကို ချက်ချင်း ကတိပြုရမယ်။ ကတိပြုရမှာက တစ်နှစ်အတွင်း လွတ်လပ်ရေး ပေးပါ့မယ် ဆိုတာ အဲ့ဒါကို ခင်ဗျား စာချုပ်ထဲမှာကို ထည့်ရမယ်” ဆိုတော့ အက်တလီက “အခုကိစ္စအတွက် လွှတ်တော်ကို ကျွန်တော် တင်ပြပါ့မယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ကျွန်တော် မြန်မာပြည်ကို တစ်နှစ်အတွင်း လွတ်လပ်ရေး ပေးပါ့မယ်” ဆိုတာကို ဗိုလ်ချုပ်အောင်ဆန်းက မလိုချင်ပါဘူး ဆိုတော့ အဲဒီနေ့က စာချုပ် မဖြစ်ဘဲနဲ့ အက်တလီနဲ့ အောင်ဆန်းရဲ့ ဆွေးနွေးပွဲဟာ (၃) ရက် ရွှေ့လိုက်တယ်။

(၃) ရက် ရွှေ့ထားတုန်းမှာ ဗိုလ်ချုပ်အောင်ဆန်းက ဒီအတိုင်းသာဆို စာချုပ် မဖြစ်ဘူး၊ စာချုပ် ဖြစ်ဖို့အတွက် မြန်မာပြည်မှာ ကျန်ရစ်ခဲ့တဲ့ ဘကြီးဘဖေကို လေယာဉ်ပျံ လွှတ်ပြီး “အမြန်လိုက်ခဲ့ပါ။ ဒီမှာ စာချုပ်က သိပ်ပြီး အခြေအနေ မကောင်းလို့ ဘကြီးဘဖေ ဝင်ပြီးတော့ ဆုံးဖြတ်ဖို့ အတွက် လိုက်ခဲ့ပါ” လို့ ခေါ်တယ်။ ဦးဘဖေ ကလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ အက်တလီနဲ့ စာချုပ်ဖို့ ထွက်လာတုန်းက သူ့မိန်းမ ဒေါ်ဖွားမျှင် အသည်းအသန် မကောင်းလို့ မလိုက်နိုင်ဘဲ “အောင်ဆန်း မင်းတို့ပဲ သွားကြတော့။ ဒီမှာ ငါ့မိန်းမ အသည်းအသန် ဖြစ်နေလို့။ ငါလိုက်လို့ မဖြစ်ဘူး” ဆိုပြီး မလိုက်ဘဲ နေခဲ့တယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက လေယာဉ်ပျံ လွှတ်ပြီး အမြန်ဆုံး လိုက်ခဲ့ပါလို့ ခေါ်တော့ ဦးဘဖေက “ဟ ဘယ့်နှယ် လုပ်မလဲ၊ ဒီမှာ ငါ့မိန်းမ အသည်းအသန် ဖြစ်နေလို့ မလိုက်နိုင်ဘူး ဆိုတာ ငါ ပြောလိုက်သားပဲ” ဆိုတော့ သူ့မိန်းမ ဒေါ်ဖွားမျှင်က ကြားတယ်။ ကြားတော့

“ကို ဘဖေ ဘာဖြစ်တာလဲ”

“ဟ ဒီလိုပဲ ၊ ငါက မင်းနေမကောင်းလို့ သူတို့ နဲ့ အတူတူ လွှတ်တော် စည်းဝေးပွဲကို ငါမလိုက်ဘူး။ ခု ငါ့ကို လိုက်လာပါလို့ လေယာဉ်ပျံ လွှတ်ပြီး ခေါ်တယ်။ ငါက ဒါကြောင့် မလိုက်နိုင်ဘူးလို့ ပြောမလို့” ဆိုတော့ သူ့မိန်းမ ဒေါ်ဖွားမျှင်က

“တော် လိုက်သွား”

“ဟ ငါက မင်းနေမကောင်းနေလို့ ဟာ ဘယ့်နှယ် လုပ်မလဲ”

“ဗိုလ်ချုပ်အောင်ဆန်းက လေယာဉ်ပျံ လွှတ်ပြီး ခေါ်လို့ ကျွန်မနေကောင်းသွားပြီ။ ရှင်လိုက်ဖြစ်အောင်လိုက်။ ဟိုက မျှော်နေလိမ့်မယ်။ ရှင် ကျွန်မကြောင့် နေရတယ် ဆိုတာ မဖြစ်စေချင်ဘူး။ လိုက်သွား” ဆိုတော့ ဦးဘဖေက နောက်တစ်နေ့ ဗိုလ်ချုပ် အောင်ဆန်း လွှတ်တဲ့ လေယာဉ်ပျံနဲ့ လိုက်သွားပြီး လန်ဒန်လည်း ရောက်ရော ဦးဘဖေက

“ဟ နေပါဦး၊ မင်းတို့ အစည်းအဝေး ပျက်ပြီး စာချုပ်မချုပ် ဖြစ်တာ ဘာကြောင့်လဲ ၊ ငါ့ပြစမ်း” ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းက အစည်းအဝေး ပျက်တဲ့ အကြောင်းကို ပြောတဲ့အခါ ဦးဘဖေက ဖတ်တော့

“ဟ အခုအတိုင်းဆို အက်တလီ ပြောတာ မှန်တာပေါ့၊ မင်းမှားတယ်” လို့ ပြောတော့ ဗိုလ်ချုပ်အောင်ဆန်း က

“ကျွန်တော်က တစ်နှစ်အတွင်း လွတ်လပ်ရေး တောင်းတယ်။ သူက လွှတ်တော်ကို တင်ပြပြီးမှ ဆုံးဖြတ်ပါ့မယ်လို့ ပြောတယ်။ ကျွန်တော်က အဲ့ဒါကို လက်မခံနိုင်ဘူး ။ အစည်းအဝေး မှာပဲ အပြီးဆုံးဖြတ်ပါ လို့ ပြောတယ်” ဆိုတော့

“မင်း.. သူတို့ပြောတာ မှန်တယ်။ မင်း မှားတာ။ ဒီမိုကရေစီကို မင်းနားမလည်တာ။ ဒီမိုကရေစီ ( စနစ် ) ဆိုတာ ဝန်ကြီးချုပ်က သူလုပ်ချင်သလို လုပ်လို့ မရဘူး။ လွှတ်တော်က အတည်ပြုမှ သူလုပ်ချင်တာကို လုပ်လို့ ရတယ်။ လွှတ်တော်ကို မတင်ဘဲနဲ့ ဘာမှ မလုပ်နိုင်ဘူး။ အဲ့ဒါ ဒီမိုကရေစီ ( စနစ် ) ကွ။ မင်းက နားမလည်လို့ အစည်းအဝေး ပျက်ရတာ” လို့ ဦးဘဖေက ပြောတော့ ဗိုလ်ချုပ် အောင်ဆန်းက

“ဒီလို ဆိုတော့လည်း ကျွန်တော် မှားတာပေါ့။ ကျွန်တော်က လွှတ်တော်ကို မတင်ဘဲနဲ့ တိုင်းပြည်ကို တစ်နှစ်အတွင်း လွတ်လပ်ရေး ပေးပါ့မယ်လို့ အောင်ဆန်း - အက်တလီ စာချုပ်ထဲမှာ ချက်ချင်းထည့်ရမယ်လို့ ပြောတာ”

“မဟုတ်ဘူးကွ၊ ဒီမိုကရေစီရဲ့ ထုံးစံက ဝန်ကြီးချုပ်မှာ အာဏာ အပြည့်အဝ မရှိဘူး။ သူလုပ်ချင်တာကို လွှတ်တော်ကို တင်ရတယ်။ လွှတ်တော်က ဒါကို အတည်ပြုမှ ဝန်ကြီးချုပ်က လုပ်ပိုင်ခွင့် ရှိတယ်”

“ဒါဆိုရင် လွှတ်တော်တင်လို့ လွှတ်တော်က ခွင့်မပြုရင် ဘယ့်နှယ့်လုပ်မလဲ”

“ဟ ခွင့်မပြုလို့ မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လွှတ်တော်အမတ်တွေက စုပြီးတော့တင်လို့ သူက ဝန်ကြီးချုပ် ဖြစ်တာ။ လွှတ်တော်အမတ်တွေက အကုန်လုံး သူ့လူ၊ သူကနေ ပြီးတော့ ငါ ဒီလိုလုပ်ချင်တယ်လို့ လွှတ်တော်မှာ တင်လိုက်ရင် လွှတ်တော်အမတ် အကုန်လုံးက သူ့အလိုအတိုင်း ထောက်ခံပါတယ်လို့ လုပ်ရတာ။ သူ့ကို မထောက်ခံရင် ဝန်ကြီးချုပ် ပြုတ်တာပေါ့။ ဝန်ကြီးချုပ် ပြုတ်ရင် လွှတ်တော်အမတ်တွေ အကုန်လုံးလည်း ရှိနေတဲ့ ရာထူးတွေ မရှိတော့တဲ့ အတွက် လွှတ်တော်က အရေးကြီးတယ်။ သူ့ဝန်ကြီးချုပ် လိုချင်တဲ့အတိုင်း ဖြစ်ရမယ်။ ဝန်ကြီးချုပ် ခန့်တာကိုက လွှတ်တော်က ခန့်တာ။ အဲ့ဒါက ဒီမိုကရေစီပဲ”

နောက်နေ့ အစည်းအဝးကျတော့ ဦးဘဖေက “စာချုပ်ချုပ်ဖို့ ပျက်သွားတာက ခေါင်းဆောင်ကြီး အက်တလီ ပြောတာ မှားလို့ မဟုတ်ပါဘူး။ ဗိုလ်ချုပ်က အယူအဆ မှားပြီး ပျက်သွားတာပါ။ အခု ကျွန်တော် ပြောချင်တာက မစ္စတာအက်တလီ လိုချင်တဲ့အတိုင်း လွှတ်တော်တင်ပြီး တစ်နှစ်အတွင်း ကျွန်တော်တို့ကို လွတ်လပ်ရေး ပေးပါ။” ဆိုပြီး စာချုပ် ချုပ်ဖြစ်သွားတယ်။ အဲ့လိုဖြစ်တဲ့ အကြောင်းကို ဘကြီးဘဖေရဲ့ အတွင်းဝန် ဦးစံမြက စာအုပ်ထုတ်ရေးတယ်။ ဒါကို မြန်မာပြည်က နိုင်ငံရေးသမားတွေက မဖတ်ကြဘူး။ အဲ့ဒီအတွက် မြန်မာပြည်က နိုင်ငံရေးသမားတွေမှာ ချို့ယွင်းချက်တွေ ရှိခဲ့တယ်။

အောင်ဆန်းစုကြည် လွတ်မြောက် လာတဲ့အပေါ် ဘယ်လိုမြင်လဲ ဆိုတော့ သူ့ဥပဒေအရ လွတ်တာပဲ။ ဥပဒေအတိုင်း ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ် ကျခံရတယ်။ သူလွတ်ရက်စေ့တော့ လွတ်တယ်။ ဒါပဲ။

ဘဘကို အစိုးရက ပါတီထောင်ပြီး နိုင်ငံရေးလုပ်ပါ လို့ ပြောတယ်။ ဘဘက ပါတီ မထောင်ဘူး။ နိုင်ငံရေးပဲ လုပ်မယ် လို့ ပြောလိုက်တယ်။ အဘ အဖမ်းခံရတာ နှစ်တွေ တွက်ကြည့်ရင် (၁၂) နှစ် ရှိတယ်။ အဘ နိုင်ငံခြားမှာ (၇) နှစ် ကြာတယ်။ ဟိုမှာလည်း အဘကို BBC တို့၊ VOA တို့က အစိုးရနဲ့ ပတ်သက်ပြီး အဘရဲ့ ထင်မြင်ချက်ကို မေးတော့ အဘက ငါ မင်းတို့ကို မယုံဘူး။ မင်းတို့က အစိုးရ မကောင်းတာပဲ လွှင့်တာ။ ဒါကြောင့် သူတို့ကို မပြောဘဲ နေတဲ့အတွက် အဘ ဒီကို ပြန်လာတော့ ခွင့်ပြုတာ။

ဗိုလ်ချုပ်အောင်ဆန်းက သူ့ရဲ့ ဖဆပလ ကို မဲထည့်ဖို့ မဲဆွယ်ခဲ့တဲ့ အပေါ်မှာ အဘရဲ့ အမြင်ကို ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းက ရာဇ၀င်မှာ ဘေးလူတွေ နောက်က လိုက်အောင် လုပ်သွားတာ (၂) ခု ရှိတယ်။ တက္ကသိုလ်သမဂ္ဂ နဲ့ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဘ၀ကနေ ငါ ဒီမှာသာ ဆက်လုပ်နေရင် တစ်ပြည်လုံးအတွက် မလုပ်နိုင်ဘူး။ အဲဒီတော့ ငါဒီက ထွက်တယ်။ တို့ဗမာအစည်းအရုံး သခင်အဖွဲ့ထဲဝင်ပြီး နိုင်ငံရေးလုပ်မယ် ဆိုပြီး တို့ဗမာအစည်းအရုံးထဲ ၀င်ခဲ့တယ်။ ပြီးတော့ စစ်တပ်ထဲမှာ မောင့်ဘက်တန်က စစ်တပ်ကို ခင်ဗျားပဲ အုပ်ချုပ်ပါ။ ခင်ဗျားအထက်မှာ အင်္ဂလိပ် စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်ပဲ ထားမယ်ဆိုတာကို ဗိုလ်ချုပ်အောင်ဆန်းက လက်မခံဘူး။ စစ်တပ်ကထွက်ပြီး စစ်တပ်နဲ့ ကင်းကင်း ရှင်းရှင်း ပြတ်ပြတ် သားသား နဲ့ နိုင်ငံရေးပဲ လုပ်ခဲ့တဲ့အတွက် သိပ်ပြီး ချီးကျူးစရာ ကောင်းတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကြိုးပမ်းခဲ့တဲ့ ပင်လုံစာချုပ်က လွတ်လပ်ရေး အတွက် အဓိကကျတယ် ဆိုတာ ဟုတ်တာပေါ့။ အက်တလီ ကိုယ်တိုင် လွှတ်တော်ကိုတင်ပြီး မြန်မာပြည်ကို တစ်နှစ်အတွင်း လွတ်လပ်ရေး ပေးခဲ့တာ အောင်ဆန်း – အက်တလီ ရဲ့ အကျိုးကျေးဇူး ပေါ့။ အဲ့ဒီ စာချုပ်က သိပ်အရေးပါတဲ့ စာချုပ်ပါ။ ဒီ စာချုပ်ကြောင့် တိုင်းပြည်က လွတ်လပ်ရေး ရတာပေါ့။ ဒီ စာချုပ်ထဲမှာ မြန်မာပြည်ကို တိုက်ရတဲ့အတွက် နစ်နာကြေး ပေးပါလို့ အက်တလီက တောင်းတာကို ဗိုလ်ချုပ်အောင်ဆန်းက အကုန်ပေးတယ်။ တိုင်းပြည် လွတ်လပ်ရေးအတွက် ဒါတွေကို လိုက်ပြီး ပြောနေရင် လွတ်လပ်ရေးရတာ နှောင့်နှေးမှာစိုးလို့ မပြောခဲ့ဘဲ သူတို့တောင်းတဲ့အတိုင်း အကုန်ပေးခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှား ရှိဦးမယ် ဆိုရင် သူ ခဏခဏ ကြွေးကြော်တယ်။

(၁) လွတ်လပ်ရေးရရမယ်။

(၂) ဒီမိုကရေစီစနစ်အရ တိုင်းပြည်ထူထောင်မယ်။

(၃) ဆိုရှယ်လစ်စနစ် တည်ဆောက်မယ်။

အဲ့ဒါ ဗိုလ်ချုပ်အောင်းဆန်းရဲ့ ကြွေးကြော်ချက်ပဲ။

ကမ္ဘာမှာ ဆိုရှယ်လစ် တိုင်းပြည်တွေ ဒုက္ခရောက်တာ မဟုတ်ဘူး။ ဆိုရှယ်လစ်နိုင်ငံ ထူထောင်ပြီး ဆိုရှယ်လစ်စနစ် လုံးလုံး မလုပ်ကြလို့ ဒုက္ခရောက်ကြတာ။

အဘက ဒီအရွယ် အထိ ကျန်းကျန်းမာမာ နေနိုင်တာက အဘက မနက်စာနဲ့ နေ့လယ်စာက လွဲလို့ မစားဘူး။ သွားတွေ ကတော့ အကုန် အတုတွေချည်းပဲ။ အဘ ထောင်ကျတုန်းက သူတို့က နိုင်ငံရေး အကျဉ်းသားတွေ ဆိုရင် နှိပ်စက်တာမရှိဘူး။ ဒါပေမဲ့ ညှဉ်းတာ ရှိတယ်။ ထမင်းကျွေးရင် ချိုးတွေ၊ ထမင်းကြမ်းတွေ၊ ဟင်းဆိုရင် အရိုးတွေ ကျွေးတာကြောင့် အဘ သွားတွေ မကောင်းတော့တာ " ဟု စိတ်ရှည် လက်ရှည်နှင့် ဖြေကြားပေးခဲ့သည်။

ကေတူးအိတ်ခ်ျ

မော်နီတာ ( ၁ ) မှ ( ၅၀ ) အထိ ဖော်ပြခဲ့သော နိုင်ငံရေးအထူးဆောင်းပါးများ မှ ကူးယူဖော်ပြပါသည်။

Photo - Internet

မူရင်းပိုစ့်တင်သူ - Chan Mon Htoo

No comments:

Post a Comment