Latest News

Friday, January 5, 2018

သာသနာ့ အာဇာနည် ဘဒ္ဒန္တ ဣန္ဒာစရိယ ​တွေဆုံ​မေးမြန်းမူ

သာသနာ့ အာဇာနည် ဘဒ္ဒန္တ ဣန္ဒာစရိယ ​တွေဆုံ​မေးမြန်းမူ


ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းလေ့ရှိရာ ယခု ၂ဝ၁၈ ခုနှစ်တွင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသည့် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီး စံပြကျေးရွာရှိ တိပိဋက စိန်ရွှေဖူးကျောင်းတိုက်မှ ဆရာတော် တိပိဋကဓရ တိပိဋက ကောဝိဒ ဘဒ္ဒန္တ ဣန္ဒာစရိယအား ဘွဲ့တံဆိပ်တော်နှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ လက်ရှိအချိန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် သာသနာပြုလုပ်ငန်းများအပေါ် မြန်မာ့သတင်းစဉ်က တွေ့ဆုံ မေးမြန်းမှုများကိုဖော်ပြပေးလိုက်ပါသည်။

မေး။ ။ နိုင်ငံတော်အစိုးရက   ဆရာတော်ကို   လွတ်လပ်ရေးနေ့မှာ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ကြောင်း သိရပါတယ်ဘုရား။  ဘွဲ့တံဆိပ်တော်နဲ့ပတ်သက်ပြီး  မိန့်ကြားပေးတော်မူပါ ဘုရား။

ဖြေ။ ။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော် တယ်ဆိုတာက တိပိဋကကောဝိဒဘွဲ့ရပြီး ငါးနှစ်ပြည့်မြောက်လို့ ဆက်ကပ်ခံ ရတာဖြစ်ပါတယ်။ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံ ရတာ မင်းကွန်းဆရာတော်ဘုရားကြီးကစပြီး အခုအချိန်အထိ ၁၃ ပါး ရှိပါပြီ။ ဆရာတော်ကတော့ ၁၃ ပါးမြောက် ဖြစ်ပါတယ်။ တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိကဆိုတာ ပိဋကတ်သုံးပုံ အာဂုံဆောင်တဲ့ တရားဘဏ္ဍာစိုးလို့ အဓိပ္ပာယ်ရပါတယ်။   တပေါင်းလပြည့်နေ့မှာ   ဒီဘွဲ့တံဆိပ်တော်ကို နေပြည်တော်မှာ ဆက်ကပ်မယ်လို့  သိရပါတယ်။ ဒီဘွဲ့တံဆိပ်တော်ကို တိပိဋကကောဝိဒ   အောင်မြင်ပြီး  ငါးနှစ်ကြာရင်  ဆက်ကပ်လေ့ရှိတာ ဖြစ်ပါတယ်။

မေး။ ။ တိပိဋကကောဝိဒဘွဲ့ရရှိအောင် ဆရာတော့်အနေနဲ့ ဘယ်လိုများ ကြိုးစားအားထုတ်ခဲ့ရပါသလဲ ဘုရား။

ဖြေ။ ။ တိပိဋကကောဝိဒဘွဲ့ရရှိအောင်ဆိုရင် နှစ်ပေါင်းများစွာ အချိန်ယူပြီး ကြိုးစားကြရတာဖြစ်ပါတယ်။  ဆရာတော်ဆိုရင် နှစ်ပေါင်း ၂၅ နှစ်ကြာ ကြိုးစားခဲ့ရပါတယ်။ အာဂုံ ငါးဆင့်၊ ရေးဖြေ ငါးဆင့်ကို ၂၅ နှစ်ကြာ ဖြေဆိုခဲ့ပါ တယ်၊ တချို့ဆရာတော်တွေဆိုရင် ၄၊ ၅ နှစ်၊ တချို့ဆိုရင် ၁၃ နှစ် ၁၄ နှစ်လောက်ပဲ ကြာတာမျိုးလည်းရှိပါတယ်၊ တချို့ဆိုရင် ၂၅ နှစ်ကြာပြီးတာ တောင် မအောင်သေးတာမျိုးတွေလည်းရှိကြတယ်၊   ဘာကြောင့်လဲဆိုတော့ ဒီစာမေးပွဲဖြေဆိုတဲ့အချိန် အာဂုံပြန်တဲ့အခါ တစ်ရက်ကို ၂၅ မိနစ် ကိုးကြိမ် ပြန်ဆိုရတယ်၊ အနည်းဆုံးအဆင့်ဆိုရင် အချိန်ကာလအားဖြင့် ခြောက်ရက်၊ အများဆုံးအဆင့်ဆိုရင် ၁၈ ရက်အထိ ကြာမြင့်တဲ့အတွက် ကျန်းမာရေးကောင်း ဖို့နဲ့ အသံအားကောင်းဖို့လည်း လိုအပ်ပါတယ်၊ ဒါ့အပြင် ကံ၊ ဥာဏ်၊ ဝီရိယ လည်း ပြည့်စုံဖို့လိုပါတယ်၊ ကံဆိုတာကတော့ စာမေးပွဲအောင်မြင်ပြီး ပူဇော်ခံ ထိုက်တဲ့ ကံ၊ ဥာဏ်ဆိုတာ ကျက်မှတ်နိုင်တဲ့ ဥာဏ်ပညာ၊ ဝီရိယဆိုတဲ့ ကြိုးစား အားထုတ်မှုလည်းလိုအပ်ပါတယ်၊ ရေးဖြေဖြေတဲ့အခါမှာလည်း ၁၂ ပုဒ် မေးတာကို ၁ဝ ပုဒ်ဖြေဆိုရပြီး အမှတ် ၁ဝဝ ပေးတဲ့အထဲက ၇၅  မှတ်ရမှ အောင်တာပါ၊ ဒါကြောင့် နှစ်ပေါင်း ၇ဝ အတွင်းမှာ ၁၄ ပါးပဲ အောင်မြင်ပါ သေးတယ်။ (ကျန်တဲ့ တိပိဋကကောဝိဒအောင်မြင်ထားတဲ့ တစ်ပါးကတော့ ငါးနှစ် မပြည့်သေးတဲ့အတွက် ဘွဲ့တံဆိပ်တော်  ဆက်ကပ်ခြင်းမခံရသေး ပါဘူး)။ ဆရာတော်ဆိုရင် ၁၃၇၃ ခုနစ် (၂ဝ၁၂ ခုနှစ်) ကတည်းက တိပိဋက ကောဝိဒ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒီဘွဲ့တံဆိပ်တော်ကလည်း စာမေးပွဲ အောင်မြင်ပြီး သာသနာပြုလုပ်ငန်းတွေဖြစ်တဲ့ စာသင်၊ စာချ၊ တရားဟော စတာတွေ ပြုလုပ်နေမှ ဆက်ကပ်တာဖြစ်ပါတယ်။

မေး။ ။ ဆရာတော်အနေနဲ့ လက်ရှိအချိန်မှာ ဘယ်လိုသာသနာပြုလုပ်ငန်း တွေကို ဆောင်ရွက်နေပါသလဲ ဘုရား။

ဖြေ။ ။ ဆရာတော်ဆိုရင် လက်ရှိမှာ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး တည်ထောင်တော်မူထားတဲ့ မင်းကွန်းတိပိဋကနိကာယ ကျောင်း တိုက်ကြီးတွေရဲ့ စီမံအုပ်ချုပ်မှု မဟာနာယကအဖြစ်လည်း ဆောင်ရွက်နေပါ တယ်။ ဒါ့အပြင် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီး စံပြကျေးရွာမှာရှိတဲ့ တိပိဋက စိန်ရွှေဖူးကျောင်းတိုက်၊ စစ်ကိုင်းမြို့မှာရှိတဲ့ တိပိဋက ဓနုဖြူချောင်  နဲ့ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်အတွင်းရှိ တိပိဋကကျော်ဇမ္ဗူကျောင်းတို့ မှာ စာသင်သားတွေကို စာသင်၊ စာချပြုလုပ်နေပါတယ်။ နယ်လှည့်တရား ဟောခြင်းနဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း ထိုက်သင့်သည့်အားလျော်စွာ  ပြုလုပ်ပေးနေပါတယ်။ လက်ရှိမှာဆိုရင် ဆရာတော်အများဆုံးသီတင်းသုံးတဲ့  မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီး စံပြကျေးရွာ  တိပိဋက စိန်ရွှေဖူးကျောင်း တိုက်မှာဆိုရင် ဓမ္မာစရိယစာသင်သားတွေကို လက်ခံပြီး ဓမ္မာစရိယစာဝါနဲ့ အင်္ဂလိပ်ဘာသာအခြေခံကိုလည်း သင်ကြားပေးနိုင်အောင် စီမံဆောင်ရွက် ပေးထားပါတယ်။

မေး။ ။ တိပိဋကကောဝိဒနဲ့ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘွဲ့ရဆရာတော် တွေကို နိုင်ငံတော်အစိုးရက  ဘွဲ့တံဆိပ်အပြင် အခြားဘာတွေဆက်ကပ် လှူဒါန်းပါသေးလဲဘုရား။

ဖြေ။ ။ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရဆရာတော်တွေကို နိုင်ငံတော်အစိုးရက ဆင်စွယ်ယပ်ဝန်း ဆက်ကပ်ပါတယ်။ တိပိဋကကောဝိဒ အောင်မြင်ထားတဲ့ ဆရာတော်တွေကိုတော့ နိုင်ငံတော်အစိုးရက ဆွမ်းဆန်တော် စရိတ်အပြင် သာသနာပြုလုပ်ငန်းတွေဆောင်ရွက်ဖို့ ခရီးသွားလာရာမှာ လွယ်ကူ အဆင်ပြေစေရန် ကုန်း၊ ရေ၊ လေ သုံးဌာန အခမဲ့အထက်တန်းခရီးသွားလက်မှတ် (ကပ္ပိယ နှစ်ဦးအပါအဝင်)၊ အဲပုဂံ၊ အဲအေးရှားဝင်း၊ ရွှေမြန်မာလေကြောင်း လိုင်းတို့ကလည်း တစ်ပါးစာ ရာသက်ပန် အခမဲ့လေယာဉ်စီးခွင့် လက်မှတ်တွေ ကို လှူဒါန်းထားပါတယ်။

မေး။ ။ဆရာတော်အနေနဲ့ ရှေ့ဆက်လက်ဆောင်ရွက်သွားမယ့် သာသနာပြု လုပ်ငန်းတွေကိုလည်း မိန့်ကြားပေးပါဘုရား။

ဖြေ။ ။ ရှေ့ဆက်ပြီးတော့လည်း အခုလို နိုင်ငံ့အကျိုး၊ သာသနာ့အကျိုးတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီကျောင်းတိုက်ကြီးမှာ တိပိဋကစာမေးပွဲဖြေဆိုကျက်မှတ်မယ့် သံဃာတော်တွေသီတင်းသုံးနေထိုင်နိုင်ဖို့နဲ့ ပြည်ပ နိုင်ငံတွေမှာ ဘွဲ့တွေသွားယူမယ့် သံဃာတော်တွေအတွက် ပညာပါရမီဖြည့်ပေး နိုင်အောင်လည်း  ဆက်လက်ပြုလုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။

မေး။ ။ ဆရာတော်ကဲ့သို့ နောက်ထပ် ဆရာတော်၊ သံဃာတော်တွေ တိပိဋက ကောဝိဒ စာမေးပွဲကို အောင်မြင်နိုင်ဖို့ ဆရာတော်အနေနဲ့  မေတ္တာ စကား လက်ဆောင် မိန့်ကြား ချီးမြှင့်ပေးပါဘုရား။

ဖြေ။ ။ မိမိယုံကြည်မှုကို ခိုင်ခိုင်မာမာထားပြီး ကျန်းမာရေးကို ဂရုစိုက်မယ်၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လနဲ့ ကြိုးစားအားထုတ်ကြမယ်ဆိုရင် တိပိဋကကောဝိဒ စာမေးပွဲကို အောင်မြင်နိုင်ပါတယ်။

မေး။ ။ နိုင်ငံနဲ့ ပြည်သူတွေအတွက် ဆရာတော်အနေနဲ့ မေတ္တာ စကား လက်ဆောင် ချီးမြှင့်ပေးပါဘုရား။

ဖြေ။ ။ ပျင်းရိမှုနဲ့ ကွဲပြားခြင်းကို ဘေးအန္တရာယ်ဖြစ်ခြင်းရဲ့ အကြောင်းလို့ ရှုမြင်ပြီး၊ ကြိုးစားခြင်းနဲ့ ညီညွတ်ခြင်းကိုတော့ ငြိမ်းချမ်းခြင်း၊ တိုးတက်ခြင်းရဲ့ အကြောင်းလို့ ရှုမြင်ပြီး နိုင်ငံတော်ကြီး ငြိမ်းချမ်းပြီး တိုးတက်စည်ပင်အောင် ညီညီညွတ်ညွတ်နဲ့ ကြိုးစားအားထုတ်ကြပါလို့ တိုက်တွန်းလိုပါတယ်။     ။
တွေ့ဆုံမေးမြန်း-ဇော်ကြီး(ပဏီတ)၊ နန္ဒာဝင်း
ဓာတ်ပုံ-ဖေဇော်(​ကြေးမှုံ)

No comments:

Post a Comment