Latest News

Friday, January 19, 2018

ပညာရေးတွင် ယခုရေတွင်းတူး၊ ယခုရေကြည်သောက်ချင်၍မရ၊ စီမံကိန်းရေးဆွဲပြီး အချိန်ယူဆောင်ရွက်

ပညာရေးတွင် ယခုရေတွင်းတူး၊ ယခုရေကြည်သောက်ချင်၍မရ၊ စီမံကိန်းရေးဆွဲပြီး အချိန်ယူဆောင်ရွက်

နေပြည်တော်   ဇန်နဝါရီ   ၁၈

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်သည် ဝန်ထမ်းအိမ်ရာများနှစ်ဟု သတ်မှတ်ထားကြောင်း၊ လက်ရှိဆောက်လုပ်နေသည့် အဆောက်အဦများကို ဘတ်ဂျက်တွင် ထည့်တောင်းမည်ဖြစ်ကြောင်း၊ ကျန်ရှိသည့် ဘတ်ဂျက်များကို ဝန်ထမ်းအိမ်ရာများ တည်ဆောက်ရန်အတွက် ရည်ရွယ်ထားပါ ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြားသည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့တွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလင်းတင်ဌေး၏ မွန်ပြည်နယ် ချောင်းဆုံ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ၌  လိုအပ် လျက်ရှိသော ဝန်ထမ်းအိမ်ရာများကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မွန်ပြည်နယ် ချောင်းဆုံမြို့နယ် သက္ကောကျေးလက် ကျန်းမာရေးဌာန၊ ကညှော်ကျေးလက်ကျန်းမာရေးဌာန၊ ကမာမိုကျေးလက်ကျန်းမာရေးဌာနခွဲ နှင့် ကလောကျေးလက်ကျန်းမာရေးဌာနခွဲတွင် လိုအပ်ချက်ရှိသော ဝန်ထမ်းအိမ်ရာများကို အဆောက်အဦ အသစ်ဆောက်လုပ်ပေးရန် မေးမြန်းထားသည်ကို တွေ့ရပါကြောင်း။

ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့်  ပြည်နယ် ၁၄ ခုကို ညွှန်ကြားထားပါ ကြောင်း၊ ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပြီးပါက ဝန်ထမ်းများ အပြောင်းအရွှေ့ လွယ်ကူ သွားမည်ဖြစ်ကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနရှိ ဝန်ထမ်းအိမ်ရာအတွက် ငွေကျပ် ၆၃ သန်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ဝန်ထမ်းအိမ်ရာအတွက် ငွေကျပ် ၃၁ သန်း လျာထား ပါကြောင်း၊ ၁၆ ခုတင်၊  ခုတင် ၅ဝ ဆိုလျှင် ပိုမိုများလာမည်ဖြစ်ကြောင်း၊ စာရင်းများအားလုံး ရရှိပြီးလျှင် ဦးစားပေးစနစ်ဖြင့်  ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်တွင် အကုန်ဆောက်လုပ်မည်ဖြစ်ပြီး ကျန်သည့် အဆောက်အအုံများကို ၂ဝ၁၉-၂ဝ၂ဝ ဘတ်ဂျက်တွင် ထည့်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာများကို    အမြန်ဆုံး တည်ဆောက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင် နှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍   ကျန်းမာရေးနှင့်   အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုပြီး ပေးပို့ လာသော  စည်ပင်သာယာရေးဥပဒေကို  ရုပ်သိမ်းသည့်  ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန်အတွက် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးကျော်ကျော်က  ဖတ်ကြား ရှင်းလင်းသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းဥပဒေကြမ်းနှင့်  စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဥပဒေ ကြမ်းကော်မတီ အဖွဲ့ဝင် ဦးလားလ်မင်းထန်က အမျိုးသားလွှတ်တော် ဥပဒေ ကြမ်းကော်မတီသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လေ့လာစိစစ်ရာတွင် အလုပ်အမှုဆောင်အဖွဲ့၊ တာဝန်ခံအဖွဲ့ များ ဖွဲ့စည်းခြင်းနှင့် တာဝန်သတ်မှတ်ခြင်းတို့ကို ပိုမိုပြည့်စုံမှုရှိစေရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ(ဍ)ကို ''တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊  ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊  မြို့နယ်၊  မြို့၊  တက္ကသိုလ်၊ ကောလိပ်အသင်းခွဲ အလုပ်အမှုဆောင်အဖွဲ့များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု၊ အခြေခံပညာကျောင်းအသင်းခွဲငယ် တာဝန်ခံအဖွဲ့များ ဖွဲ့စည်း ခြင်းနှင့်  တာဝန်သတ်မှတ်ပေးခြင်းတို့  ပြုနိုင်သည်'' ဆိုသည့်  စကားဖြင့် လည်းကောင်း၊ ပုဒ်မ ၂၆ ကို ပိုမိုပြည့်စုံမှုရှိစေရန်အတွက် ''အလုပ်အမှု ဆောင်အဖွဲ့သည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊  ကျေးရွာအုပ်စု၊ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများရှိ အသင်း၊  အသင်းခွဲနှင့် အသင်းခွဲငယ်များအတွက် နာယကများ တင်မြှောက်ခြင်းများကို အတည်ပြုနိုင်သည်'' ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း ပြင်ဆင်ဖြည့်စွက် သင့်သည်ကို လေ့လာတွေ့ရှိရပါကြောင်း။

 မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အပေါ် အကြံပြုဆွေးနွေးခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ချုပ်၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှ တာဝန်ရှိပုဂ္ဂိုလ် များနှင့် အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ပြီးဖြစ်ပါသဖြင့် ဥပဒေကြမ်းကော်မတီ ၏  မူလပြင်ဆင်ချက်များနှင့်အတူ  အမျိုးသားလွှတ်တော်က  အတည်ပြု ဆောင်ရွက်နိုင်ပါရန် ဖတ်ကြားရှင်းလင်းသည်။

ဆက်လက်၍ ယင်းဥပဒေကြမ်း၏ ပြင်ဆင်ချက်၊ ပြင်ဆင်ဖြည့်စွက်ချက် များအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုပေးနိုင်ရန် လွှတ်တော်၏ အဆုံး အဖြတ်ရယူရာ  လွှတ်တော်က  သဘောတူသဖြင့်  အတည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမြင့်ထွေးက  မြန်မာနိုင်ငံကြက်ခြေနီအသင်း  ဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်းသည်။ ယင်းအဆိုနှင့်စပ်လျဉ်း၍ ကရင်ပြည်နယ်  မဲဆန္ဒနယ်အမှတ် (၁၂)မှ စောယှားဖောင်အွာက ထောက်ခံတင်ပြပြီး အဆိုပါ ဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော် က သဘောတူသဖြင့် ဥပဒေအတည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ သည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေကြမ်း၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေကြမ်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကြမ်းနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းများကို လွှတ်တော်သို့ တင်သွင်းသည်။

ဆက်လက်ပြီး ယင်းဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ ၏ အစီရင်ခံစာကို ကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာမြတ်Óဏစိုးက ဖတ်ကြားရှင်းလင်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း  လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာသည်။

ယင်းနောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ မြန်မာနိုင်ငံတွင်  သူငယ်တန်းမှစ၍  တက္ကသိုလ်ဝင်တန်း (အထက်တန်း) အောင်မြင်ပြီးချိန်အထိ အင်္ဂလိပ်ဘာသာရပ်ကို မသင်မနေရ ဘာသာရပ်တစ်ခု အဖြစ် ပြဋ္ဌာန်းသင်ကြားပေးနေသော်လည်း အထက်တန်းအဆင့် ပညာရေး ပြီးဆုံးချိန်တွင် ကျောင်းသူ ကျောင်းသားအများစု၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသား၊ ပြောဆို ဆက်သွယ်နိုင်စွမ်းမှာ နိမ့်ကျနေဆဲဖြစ်ပါသည်။ ထို့ကြောင့်  အထက်တန်းပညာရေးပြီးဆုံးချိန်မှာ အင်္ဂလိပ်ဘာသာဖြင့် အတိုင်းအတာ တစ်ခုအထိ   ထိရောက်စွာ  ရေးသားပြောဆို  ဆက်သွယ်နိုင်ရန်အတွက် (Grade 9) အဋ္ဌမတန်းမှစတင်၍ အင်္ဂလိပ်စာဘာသာ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံနည်းစနစ်များ၊ အကဲဖြတ်စနစ်(စာမေးပွဲ)ကို ခေတ်နှင့်လျော်ညီစွာ စွမ်းရည် ၄ မျိုး(4 skills- Reading,Writing,Speaking,Listening) ပါဝင် သော  စနစ်သို့  ပြုပြင်ပြောင်းလဲသင်ကြားရန်  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဦးကျော်သောင်းက ယနေ့ ပညာရေးစနစ်သည် ၂ဝ၁၆-၂ဝ၂၁ အမျိုးသားပညာရေးမဟာဗျူဟာ  စီမံကိန်းအရ (KG+12)ကို သွားနေပြီဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားနည်းကို ပြုပြင်ပြောင်းလဲသင်ကြားနေသောကြောင့် သင်ကြားသည့် ကလေးများသည် နဂိုမှန်းထားသည်ထက်ပို၍ သွက်လက်စွာပြောဆိုနိုင်သည် ကို တွေ့ရပါကြောင်း၊  ကျောင်းသူ ကျောင်းသားများအနေဖြင့် Thinking Skill, Listening Skill, Reading Skill, Speaking Skill နှင့် Writing Skill တို့ကို ရရှိမည်ဖြစ်သည့်အတွက်Skills လေးမျိုးသာကမ Skills ငါးခု ရရှိသွားမည်ဖြစ်ပါကြောင်း၊ ပညာရေးတွင် ယခုရေတွင်းတူး၊ ယခု ရေကြည် သောက်ချင်၍ မရပါကြောင်း၊ စီမံကိန်းရေးဆွဲပြီး အကောင်းဆုံးဖြစ်အောင် အချိန်ယူဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

မိမိတို့ကလေးကို အင်္ဂလိပ်စာ ကောင်းကောင်းတတ်စေရန် မြန်မာနိုင်ငံ တွင်ရှိသည့် အင်္ဂလိပ်ကိုယ်ပိုင်ကျောင်းများတွင်ထားကြပြီး အင်္ဂလိပ်စာ တတ် မြောက်ပြီး မြန်မာစကားမပြောတတ်တော့သည်ကို တွေ့ရပါကြောင်း၊ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများ ပပျောက်လာသည်ကို တွေ့ရပါ  ကြောင်း၊ ကျောင်းများတွင် အင်္ဂလိပ်ဘာသာကို အင်္ဂလိပ်စာနှင့် အောင်မြင်ပြီး ကျွမ်းကျင်သည့် ဆရာ ဆရာမများကို အတန်းတိုင်းတွင် တာဝန်ချထားပြီး သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ အင်္ဂလိပ်စာ သင်ကြားပေးသည့် ဆရာ ဆရာမများသည် အတန်းထဲဝင်ကတည်းက Classroom Language ကိုသာ ပြောပြီး သင်ကြားပေးရန် လိုအပ်ကြောင်း ဆွေးနွေးသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာ ကျော်သန်းထွန်း(ကန်တုန်)၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာ စန်းမောင်မောင်နှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆)မှ ဒေါက်တာ ဦးကြွယ်ကြွယ်တို့က ဆွေးနွေးကြသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇန်နဝါရီ ၂၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။  အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment