Latest News

Friday, January 19, 2018

၁၉၄၈ ခုနှစ်၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ်စီစဉ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း အစီရင်ခံစာတင်သွင်း

၁၉၄၈ ခုနှစ်၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ်စီစဉ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း အစီရင်ခံစာတင်သွင်း

နေပြည်တော်   ဇန်နဝါရီ   ၁၈

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင်ကျင်းပရာ မေးခွန်း ၆ ခုမေးမြန်းဖြေကြားခြင်းနှင့် ၁၉၄၈ ခုနှစ်၊ ဆိပ်ကမ်းအလုပ် သမားများ အလုပ်စီစဉ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစီရင် ခံစာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၏ ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ သာစည်-စပါးရင်းတွင်း လမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်း အဖြစ် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ  သာစည်-စပါးရင်းတွင်း  လမ်းအရှည်(၁၆)မိုင်(၂)ဖာလုံသည် ကိုးပင်-သာဂရလမ်းနှင့် ခရိုင်ချင်းဆက်လမ်းတို့ကို ဆက်သွယ်ထားသည့် ဆောက်လုပ်ရေးဝန်ကြီး ဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း။

အဆိုပါ  ကျေးရွာချင်းဆက်လမ်း၏  လက်ရှိအခြေအနေမှာ  အမာခံမြေနီလမ်းဖြစ်ပြီး ရေမြောင်းများတည်ဆောက်ရန်လိုအပ်ခြင်း၊ လမ်းဘေးဝဲယာစိုက်ခင်းများရှိ ရေများသည် လမ်းသားအတွင်းသို့ စိမ့်ဝင်ခြင်းတို့ကြောင့် လမ်းနိမ့်ကျပျက်စီးလျက်ရှိပါကြောင်း၊ ဆင်ပေါင်ဝဲ မြို့နယ်အတွင်းရှိ သာစည်-စပါရင်းတွင်းလမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရClass(C)တွင် ပါဝင်ပါသဖြင့် လတ်တလော ၃ နှစ်တာကာလအတွင်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း၊  ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်  နောက်ပိုင်းကာလများတွင် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

သို့သော်လည်း အဆိုပါကျေးရွာချင်းဆက်လမ်းသည် ဆိုးရွားပြီး မြေသားနိမ့်ကျပျက်စီး မှုများရှိနေသဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့်  ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာဦးလင်းလင်းကျော်၏ မြစ်သားမြို့နယ်ရှိ အမှတ်(၂) ခရိုင်ပတ်လမ်းအား ကတ္တရာလမ်းအဖြစ်        
အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက  အမှတ်(၂)ခရိုင်ပတ်လမ်းသည် မြစ်သား-တံတားဦး-ကျောက်ဆည် မြို့နယ်တို့ကိုဖြတ်၍ ဖောက်လုပ်ထားသော လမ်းဖြစ်ပြီး မြစ်သားမြို့နယ်အတွင်း (၈)မိုင်နှင့် တံတားဦးမြို့နယ်အတွင်း (၂)မိုင်(၄)ဖာလုံရှိပါကြောင်း၊ မြစ်သားမြို့နယ်အတွင်း (၈)မိုင်အား ၁၉၉၆- ၁၉၉၇ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်းဖောက်လုပ်ခဲ့ပြီး ဂဝံခင်းခြင်းလုပ်ငန်း များ ဆောင်ရွက်ထားရှိပါကြောင်း၊ တံတားဦးမြို့နယ်အပိုင်း (၂) မိုင် (၄)ဖာလုံမှာလည်း မြေသားလမ်းအဆင့်ဖြစ်ပါကြောင်း။

မြစ်သားမြို့နယ်အပိုင်း (၈)မိုင်နှင့် တံတားဦးမြို့နယ်အပိုင်း (၂)မိုင် (၄)ဖာလုံအား ကတ္တရာလမ်းအဖြစ် ဆောင်ရွက်မှသာ တစ်ဆက်တည်းသွားလာ နိုင်မည်ဖြစ်ပါကြောင်း၊ ကတ္တရာလမ်းအဖြစ်ဆောင်ရွက်ပါက ခန့်မှန်းကုန်ကျ ငွေကျပ် ၁၉၁၄ ဒသမ ၈ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ အဆိုပါလမ်းပေါ်တွင် Box Culvert (၆)စင်း၊ တံတား(၂)စင်းနှင့် ရေကျော်တံတား(၂)စင်းတို့ကို ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါကုန်ကျငွေကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

တန့်ဆည်မဲဆန္ဒနယ်မှ  ဦးမြင့်ထွန်း၏ တန့်ဆည်မြို့နယ် သပြေရင်း- ရွာမ-ရွှေကူလမ်းပေါ်ရှိ ညောင်ဇီးကုန်းတံတားကို ကွန်ကရစ်တံတားတစ်စင်း အဖြစ်  ဆောက်လုပ်ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တန့်ဆည်မြို့နယ် အတွင်းရှိ သပြေရင်း-ရွာမ-ရွှေကူလမ်းသည် ကလေးဝ-ရေဦးလမ်းမကြီးနှင့်  ဆက်သွယ်သောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းပေါ်ရှိ ညောင်ဇီးကုန်းတံတား သည် ရွှေကူချောင်းပေါ်တွင် တည်ရှိပြီး ၂ဝဝ၅ ခုနှစ်တွင် ကျေးရွာမှ ကိုယ်ထူ ကိုယ်ထတည်ဆောက်ခဲ့သည့် သစ်သားတံတားဖြစ်ပါကြောင်း၊ ၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေမျောပါသွားခဲ့သဖြင့် ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်ပေးရန်လိုအပ်ပါကြောင်း။

ညောင်ဇီးကုန်းတံတားသည် လမ်းအဆင့်သတ်မှတ်ချက်အရClass (A)  ဦးစားပေးအဆင့်(၁)တွင် ပါရှိသည့်အတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထည့်သွင်းလျာထားပြီး    ဘဏ္ဍာငွေရရှိမှုအပေါ်   မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင် တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ မကွေးမြို့နယ် အတွင်းရှိ သမိုင်းဝင် ကွေ့ချောင်းခံတပ်သို့ အဆင်ပြေချောမွေ့စွာ သွားရောက် လေ့လာနိုင်ရန် ရာသီမရွေး သွားလာနိုင်သော ကတ္တရာလမ်းခင်းပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၏ ပင်လုံမြို့မှ  ပန်မုန့်ကျေးရွာအုပ်စု နောင်ဟိုင်းရွာသွားလမ်း ဝမ်အင်ဘုန်းတော်ကြီးကျောင်း အထိ မြေသားလမ်း(၂)မိုင်ခန့်အား ကတ္တရာလမ်း သို့မဟုတ် ကျောက်အမာခံ  ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်း၏ ရေဂလုပ်၊ ကျားကိုက်ချောင်း၊ ချောင်ကြီး၊ ဘုရားကြီးကုန်း၊ ဆင်ကူးကျေးလက်မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ်  အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့ကိုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ဖြေကြားခဲ့သည်။

ယနေ့အစည်းအဝေးတွင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော ''၁၉၄၈ ခုနှစ်၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ်စီစဉ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း'' လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးခြင်း၊ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင် ခံစာတင်သွင်းခြင်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များ အမည် စာရင်းတင်သွင်းရန် အသိပေးကြေညာခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
ကျော်သူထက်၊ မွှေးကြူဇင်(သတင်းစဉ်)

No comments:

Post a Comment