Latest News

Sunday, January 14, 2018

ဟင်္သာတမြို့ဝင်ဂိတ်အနီး၌ လိုက်ထရပ်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ ၁၃ ဦး ဒဏ်ရာရ

ဟင်္သာတမြို့ဝင်ဂိတ်အနီး၌ လိုက်ထရပ်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး                                ယာဉ်ပေါ်ပါ ၁၃ ဦး ဒဏ်ရာရ

 ဟင်္သာတ ဇန်န၀ါရီ ၁၃

ဟင်္သာတမြို့ဝင်ဂိတ်အနီး၌ လိုက်ထရပ်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး                     ယာဉ်ပေါ်ပါ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

 အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှာ ဇန်န၀ါရီလ ၁၃ ရက်၊ မွန်းလွဲ ၂ နာရီကျော်အချိန်က ဟင်္သာတမြို့ဝင်ဂိတ်အနီး ဟင်္သာတ-ဇလွန်ကားလမ်းပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “ဇလွန်ဘက်ကနေ ဟင်္သာတကို ပြန်လာတဲ့ လိုက်ထရပ်ကားက မြို့ဝင်ကြေးဂိတ်အနီးမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ  ကားက လမ်းပေါ်မှာ ကန့်လန့်ဖြတ်အနေအထား တိမ်းမှောက်ခဲ့ပါတယ်။ ကားထဲမှာရှိနေတဲ့ လူတွေကိုတော့ ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေက ၀ိုင်းဝန်းကူညီဆွဲထုတ်ပေးခဲ့တယ်။ ဒဏ်ရာရသူက ၁၃ ဦးရှိပါတယ်။ သေဆုံးသူမရှိပါဘူး”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် မောင်မောင်အေးခိုင်က ဖြေကြားသည်။

 ယင်းဖြစ်စဉ်၌ ယာဉ်ပေါ်ပါ ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာအဖြစ် ၁၂ ဦး၊ အတွင်းလူနာအဖြစ် တစ်ဦး ဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။

 “ဟင်္သာတမြို့ဝင်ကြေးဂိတ်နားမှာ လိုက်ထရပ်တစ်စီးမှောက်တယ်။ ကားကလဲသွားတော့ ပိနေ တဲ့ ဒဏ်ရာရသူတွေများတယ်လို့ ယာဉ်ထိန်းရဲက အကြောင်းကြားလာတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ လိုက်ထရပ်ကိုတော့ ဘေးပတ်ဝန်းကျင်ကလူတွေ ၀ိုင်းထောင်ပြီးသွားပြီ။ ဒဏ်ရာရသူ လူနာများတဲ့အတွက် ဟင်္သာတခရိုင်ကွန်ရက်က Ambulance နှစ်စီးနဲ့ ဒဏ်ရာရလူနာ ၁၁ ဦးကို ဟင်္သာတဆေးရုံအရေးပေါ်ဌာနကို ပို့ပေးခဲ့ပါတယ်။ အဲဒီ့အနားပတ်ဝန်းကျင်မှာရှိတဲ့ ပြည်တော်အေးတို့၊ နှလုံးလှတို့ အသင်းတွေလာရောက်ကူညီတာလည်း တွေ့ခဲ့ပါတယ်”ဟု ဟင်္သာတ ခရိုင်ကွန်ရက် Ambulance တာဝန်ကျစီမံ ကိုဝင်းမင်းသန်းက ပြောကြားသည်။

 ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်မှူး တပ်ကြပ်ကြီး ရဲကျော်နိုင်က တရားလို ပြုလုပ်ကာ ဟင်္သာတမြို့မရဲစခန်း၌ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment