Latest News

Monday, January 1, 2018

လူမှုကွန်ယက်ပေါ်တွင် ဘုရားပေါ် မဖွယ်မရာ ဓာတ်ပုံတင်သူကို အရေးယူ


မြစ်ကြီးနား ဒီဇင်ဘာ ၃၁

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊မိုင်းနားကျေးရွာရှိ ရွှေမိုးတောင်ပေါ်မှ ဗုဒ္ဓဆင်းတုတော်များအား မဖွယ်မရာ ခြေထောက်ဖြင့် ခွထိုင်ကန်သည့်ပုံနှင့် လည်ပင်းဖက်ထားသည့်ပုံများကို ၎င်း၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တင်ထား သူအား ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊မြို့မရဲစခန်းတွင် အရေးယူထားကြောင်းသိရသည်။
အဆိုပါဘုရား၏ ဂေါပကဥက္ကဌ ဦးဒီးဒုတ်မှ ဝိုင်းမော်မြို့နယ် မြို့မရဲစခန်းတွင် အမှုရေးဖွင့်တိုင်ကြားထားခြင်းဖြစ်ပြီး မဖွယ်မရာပြုလုပ်သူနှစ်ဦးအနက် တစ်ဦးကိုသာ ဖမ်းဆီးရမိထားကြောင်း သိရသည်။

``ဘာသာရေးကို ညိုးနွမ်းအောင်လုပ်တဲ့ပုဒ်မနဲ့၊အားပေးကူညီတဲ့ပုဒ်မ၊ပုဒ်မနှစ်ခုနဲ့ ဖမ်းထားတာပါ မုန်ဒန်အောင်ကို ဖမ်းမိထားပြီး၊ ဂွန်ဆန်အောင်က နေအိမ်မှာမရှိဘဲခရီးထွက်နေလို့ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပါတယ်´´ ဟု ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကျော်စိုးကပြောသည်။

လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာတွင် Aung Hkasha အကောင့်ဖြင့် ဒီဇင်ဘာ၂၅ရက် ညနေတွင် ကချင်ပြည် နယ် ၊ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ရွှေမိုးတောင်ပေါ်တွင်တည်ထားကိုးကွယ်လျှက်ရှိသော ``ရဟန္တာ တစ်ထောင် ရှင်ပင်မြတ်စွာဘုရား ဆုတောင်းပြည့်စေတီတော်ကြီး´´ရင်ပြင်တော်ရှိ ဂြိုလ်ပြေ၊ နာမ်ပြေဗုဒ္ဓဆင်းတုတော်များအား မဖွယ်မရာ ခြေထောက်ဖြင့် ခွထိုင်ကန်သည့်ပုံနှင့် လည်ပင်းဖက်ထားသည့် ဓာတ်ပုံများကို တင်ထားခဲ့ခြင်းဖြစ်ကြောင်း ဝိုင်းမော်မြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါအကောင့်ပိုင်ရှင် မုန်ဒန်အောင်နှင့် ဂွမ်ဆန်အောင်မှာ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာ၊နယ်မြေ(၁) တွင် နေထိုင်သူဖြစ်ပြီး အသက်၁၈နှစ် အဝေးသင်တက္ကသိုလ် လျှောက်ထားဆဲသူများဖြစ်ကြောင်း သိရသည်။
Aung Hkasha အကောင့်ဖြင့် ဒီဇင်ဘာ၂၉ရက်နံနက်တွင် ဗုဒ္ဓဘာသာအားလုံးကိုတောင်းပန်ကြောင်း ပို့စ်တင်ထား ပြီး မုန်ဒန်အောင်ကို ၂၉ရက်ညနေတွင်ဖမ်းမိခဲ့ကြောင်း ရဲမှူးကျော်စိုးကပြောသည်။

အဆိုပါ မုန်ဒန်အောင်နှင့် ဂွမ်ဆန်အောင်ကို ဝိုင်းမော်မြို့နယ်၊ မြို့မရဲစခန်းတွင် အမှုအမှတ် (ပ)အမှတ်၁၀၂/၂၀၁၇ ပုဒ်မ ၂၉၅/၁၁၄ (ဘာသာသာသနာကိုးကွယ်ဝတ်ပြုသော နေရာကိုဖျက်ဆီးခြင်း၊ ယုတ်ညံ့စေခြင်း၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီခြင်း) စသည့် ပုဒ်မများနှင့် အမှုရေးဖွင့် ထားကြောင်း သိရသည်။

မီးမီး / EPN

No comments:

Post a Comment