ဟင်္သာတမြို့နယ်တွင် စကားများရန်ဖြစ်ရာမှ ၁ဦးသေ ၁ဦးပြင်းထန်ဒဏ်ရာရ
ဟင်္သာတ၊ ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် တလုတ္ထော် ရဲစခန်းပိုင်နယ်မြေအတွင်းရှိ ဘုရားကုန်းကျေးရွာအုပ်စု ဘုရားကုန်းဈေးပိုင်းရပ်ကွက်တွင် ယနေ့နေ့လည် ၁၂ နာရီဝန်းကျင်ခန့်က စကားများ ရန်ဖြစ်ရာမှ လူသေဆုံးမှုနှင့် အပြင်းအထန် ဒဏ်ရာရ ရှိခဲ့မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့နေ့လည်းပိုင်းက သေဆုံးသူ၏သားဖြစ်သူ တရားလို ကိုရဲလင်းစိုးသည် ဘုရားကုန်းအုပ်စု ဈေးပိုင်းရပ်ကွက်နေ ကိုသက်ထွန်းဦး၏ နေအိမ်တွင်ထိုင်နေစဉ် ညီဖြစ်သူ သန့်ဇင်စိုးနှင့် ဘုရားအုပ်စု မာဃကျေးရွာတွင်နေထိုင်သူ ဦးထွန်းဦး၏ သားဖြစ်သူ အောင်မြင်သူတို့နှစ်ဦး စကားများရန်ဖြစ်နေသည်ကို တွေ့ရှိပြီး အောင်မြင်သူမှာထွက်ပြေးသွားကြောင်း၊ခဏအကြာတွင် အောင်မြင်သူနှင့် ဦးထွန်းဦးတို့ရောက်ရှိလာပြီး ညီဖြစ်သူ သန့်ဇင်စိုးအားစိန်ခေါ်နေ၍ တရားလိုမှထွက်လာစဉ် တရားလို၏ဖခင် ဦးခင်စိုးလည်း
ရောက်ရှိလာပြီး၊ အောင်မြင်သူနှင့် သူ၏ဖခင် ဦးထွန်းဦးတို့မှ
တရားလိုတို့သားအဖ သုံးဦးအားလုံး သစ်သားတုတ်၊ဝါးတုတ်များကိုင်ကာ ပြေးရိုက်ပြီး လူချင်းလုံးထွေးသတ်ပုတ်နေကြစဉ် ထွန်းဦးမှ အသင့်ယူဆောင် လာသော အရိုးခြောက်လက်မ အသွားငါးလက်မရှိ မောင်းချဓား နှင့်ထိုးသည်ကိုတွေ့ရပြီး ထွန်းဦး၏သူငယ်ချင်းဖြစ်သူ မောင်ခိုင်မှ ဝါးတုတ်ဖြင့် ဖခင်ဖြစ်သူ၏ ဦးခေါင်းအားရိုက် သဖြင့် ဖခင်ဖြစ်သူမှာ သွေးများပေကျံကာ လဲကျသွားကြောင်း၊
အဆိုပါ ထွန်းဦးမှ ညီဖြစ်သူ သန့်ဇင်စိုးအား ဓားဖြင့် ဆက်လက်ပြေးထိုးသဖြင့် ညီဖြစ်သူ ဘယ်ဘက်ရင်ဘတ်တွင် ဓားဒဏ်ရာရရှိခဲ့ကြောင်းယင်းအမှုအား တရားလိုအဖြစ်တိုင်ကြားသူ ကိုရဲလင်းစိုး၏ ပြောကြားချက်အရသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဦးခင်စိုးမှာ ညာဘက်ရင်အုံတွင်
ဓားဒဏ်ရာ ဦးခေါင်းနှင့်နောက်စေ့တွင်ပေါက်ပြဲဒဏ်ရာများဖြင့်နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး သားဖြစ်သူသန့်ဇင်စိုး (၁၈)နှစ်မှာလည်း ဝဲဘက်ရင်အုံဓား ဒဏ်ရာကြောင့် စိုးရိမ်ရသည့် အတွက် ဟင်္သာတခရိုင်ဆေးရုံသို့အရေးပေါ်ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။
ဤဖြစ်စဉ်အား တလုတ္ထော်နယ်မြေရဲတပ်ဖွဲ့စခန်းမှ ပထမ သတင်းပေးတိုင်ချက်အမှတ် (ပ)၁၅/၂၀၁၈ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရာ ထွန်းဦး (၄၅)နှစ် (ဘ)ဦးစိန်မြင့် နှင့် အောင်မြင်သူ(၂၂)နှစ် (ဘ)ဦးထွန်းဦးတို့အား ဖမ်းဆီးရမိခဲ့သည်။
ယင်းတို့နှင့် အတူပူးပေါင်းကျူးလွန်သူ မောင်ခိုင်မှာ ထွက်ပြေး တိမ်းရှောင်နေကြောင်းနှင့် ထိုကဲ့သို့ လူသေဆုံးအောင်နှင့် အပြင်းအထန် ဒဏ်ရာ ရရှိအောင်ကျူးလွန်ခဲ့သော ဦးထွန်းဦး၊အောင်မြင်သူ၊နှင့် မောင်ခိုင်တို့အား ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊၃၂၆၊၁၁၄ တို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း စခန်းမှူး ရဲအုပ် ထက်မြက်ထွေးက ပြောသည်။
ရှမ်းလေး/ဧရာဝတီတိုင်းမ်
#Ayeyarwaddy_Times
Subscribe to:
Post Comments (Atom)
No comments:
Post a Comment