Latest News

Wednesday, January 17, 2018

မောင်တော ကုန်သွယ်ရေးစခန်းအနေဖြင့် မျှော်မှန်းထားရှိသည့် ကုန်သွယ်မှု လျာထားချက် ပမာဏထက် ကျော်လွန်ဆောင်ရွက်နိုင်နေပြီဖြစ်

မောင်တော ကုန်သွယ်ရေးစခန်းအနေဖြင့် မျှော်မှန်းထားရှိသည့်
ကုန်သွယ်မှု လျာထားချက် ပမာဏထက် ကျော်လွန်ဆောင်ရွက်နိုင်နေပြီဖြစ်


မောင်တော ဇန်နဝါရီ ၁၆

မောင်တော  ကုန်သွယ်ရေးစခန်း အနေဖြင့် ၂ဝ၁၇-၂ဝ၁၈  ဘဏ္ဍာနှစ် အတွက် မျှော်မှန်းထားရှိသည့် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုပမာဏသည် လက်ရှိအချိန်တွင် လျာထားချက်ထက် ကျော်လွန်  ဆောင်ရွက်နိုင်နေပြီဖြစ် ကြောင်း မောင်တောကုန်သွယ်ရေး စခန်းတာဝန်ခံ ဦးချိုထွေးက ပြောကြား သည်။

အဆိုပါ စခန်းအနေဖြင့် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု လျာထားချက် မှာ တစ်နှစ်လုံး အတိုင်းအတာဖြင့် အမေရိကန်ဒေါ်လာ  ခြောက်သန်း ဖြစ်ပြီး ပို့ကုန်ကဏ္ဍတွင် အမေရိကန် ဒေါ်လာငါးသန်းနှင့် သွင်းကုန်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ တစ်သန်း ရရှိနိုင်မည်ဟု     မျှော်မှန်းထားကာလက်ရှိ ဇန်နဝါရီ ၁၄ ရက်အထိ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ကိုးသန်းကျော် ရရှိနေပြီဖြစ်ကြောင်း ၎င်းကပြောသည်။

''ကျွန်တော်တို့ အနေနဲ့ နယ်မြေအနေအထားအရ၊ စခန်းရဲ့လုပ်နိုင်တဲ့ အင်အားအနေအထားအရ ကုန်သွယ်မှုပမာဏလျာထားချက်ကို အများကြီး မမျှော်မှန်းထားပါဘူး၊ လက်ရှိမှာတော့ လျာထားချက်ထက် ကျော်လွန်အောင် ဆောင်ရွက်နိုင်တဲ့ အနေအထားရှိပါတယ်၊ ကုန်သွယ်မှုစတဲ့အချိန်မှာ ပို့ကုန်ပိုင်း မှာပဲ ကုန်သွယ်မှု ဖြစ်ပေါ်တယ်၊ သွင်းကုန်ပိုင်းမှာတော့ ကုန်သွယ်မှုမရှိဘူး၊ ကုမ္ပဏီတွေဘက်ကလည်း သွင်းကုန်ကို မတင်သွင်းတဲ့အခါကျတော့ သွင်းကုန် ပမာဏ မရဘူးပေါ့၊ ပို့ကုန်နဲ့ပဲ ဆောင်ရွက်နိုင်တယ်''ဟု ၎င်းကပြောသည်။

အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ကုန်သွယ်မှုထိခိုက်ခြင်းမရှိဘဲ ခေတ္တရပ်တန့် သွားသည့် ကာလတစ်ခုသာ ကြုံတွေ့ခဲ့ရပြီး  လုပ်ငန်းရှင်များ   လုပ်နိုင်သည့် အားအပေါ်မူတည်၍   ကုန်သွယ်မှုအထမြောက်ခြင်းဖြစ်ကြောင်း  ၎င်းက ဆက်လက်ပြောသည်။

''လက်ရှိ ဒီမှာလုပ်နေတဲ့ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေဟာ အားမလျှော့ပါ ဘူး၊ ကုန်သွယ်မှု ပမာဏအပေါ်မှာလည်း ပြည့်မီအောင် သူတို့ဆောင်ရွက်နိုင်တာ တွေ့ရတယ်၊ ပိုပြီးတော့တောင် ကုန်သွယ်နိုင်တဲ့ အနေအထားမျိုးရှိပါတယ်'' ဟု ၎င်းက ပြောသည်။

မောင်တောကုန်သွယ်ရေးစခန်းအနေဖြင့်     ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများ တင်ပို့လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကုန်သွယ်ရေးစခန်းမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီ ၁၄ ရက်အထိ လယ်ယာထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ငါးသန်း ကျော်၊ ရေထွက်ပစ္စည်း အမေရိကန်ဒေါ်လာ သုံးသန်းကျော်၊ သစ်တောထွက် ပစ္စည်း အမေရိကန်ဒေါ်လာ ငါးသိန်းကျော်နှင့် စက်မှုကုန်ချောပစ္စည်း အမေရိကန်ဒေါ်လာ လေးသိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း မောင်တောကုန်သွယ် ရေးစခန်း၏ စာရင်းဇယားများအရ သိရသည်။အောင်ရဲသွင်၊ ကိုမင်းဓာတ်ပုံ - အောင်မင်း(​ကြေးမှုံ)

No comments:

Post a Comment