Latest News

Wednesday, January 31, 2018

မြင်တိုင်းမလှ၊ ကြားတိုင်းမချို

မြင်တိုင်းမလှ၊ ကြားတိုင်းမချို

လူ့လောကဆိုတာ မာယာတစ်အားများတဲ့လောကပါပဲ။ မွေးကတည်းက ကြားရတဲ့စကား၊ မြင်ရတဲ့ မျက်နှာတွေ အမျိုးလည်းစုံလှပါပြီ။ လူနဲ့ထိတွေ့ရအများဆုံးဘ၀မှာ ကျင်လည်ရတော့လည်း လူတွေကပဲ သင်ပေးတာတွေအများကြီး လေ့လာခဲ့ရတယ်။ စကားတွေစုံလွန်းလို့ စကားမစခင် ပါးစပ်ဟကတည်းက ဘာဆိုလိုချင်တယ်ဆိုတာ သိနေနိုင်တဲ့ အဆင့်အထိဖြစ်နေရတော့တာပေါ့။

လူများများနဲ့ ဆက်ဆံရသူတိုင်း ဒီအရည်အချင်းမျိုးရှိနေကြမှာ မလွဲပါပဲ။ ကိုယ့်အနားရောက်လာသူက သူဘာဆိုတာသိစေချင်လို့ စကားတွေပြောလေ သူပြောတာနဲ့ သူနဲ့တစ်ခြားစီဆိုတာတွေကို ပိုပိုသိလာရလေပါပဲ။ ကိုယ်လည်း တစ်ခါတစ်ခါ ဒီလိုလူတွေနဲ့တွေ့တဲ့အခါ စကားတွေပြန်ပြန်ပြောနေရတော့ ကိုယ်ပါအဲလိုလူစားဖြစ်မသွားအောင် သတိထားနေရတော့တယ်။ တတ်နိုင်ရင် လူတွေကို မလိုတာတွေ မပြောရတာအကောင်းဆုံးပါပဲ။

သို့သော်လည်း တစ်ချို့က စကားနှိုက်တတ်တယ်။ စကားနှိုက်ပြီး ရှေ့နေပြောပြောတဲ့အခါ စိတ်တွေညစ်လာပြီး ဒေါသမထိန်းနိုင်ရင် ပြောချင်တာတစ်ခြား ကိုယ်ပြောမိတာတစ်ခြားတွေလည်း ဖြစ်သွားတတ်တယ်။ သူတို့က သူတို့ဖြစ်စေချင်တဲ့၊ သူတို့ပုံဖော်ချင်တဲ့ ပုံစံဖြစ်အောင် ကိုယ့်ကိုမဖြစ်ဖြစ်အောင် ချောက်ချမှာဆိုတော့ စကားလှည့်ကွက်နဲ့ လိုကွက်ရအောင် ဆွပေးတတ်ကြတယ်။ ပြန်တုံ့ပြန်တဲ့သူ မနပ်ရင် သေပြီပဲ။

ယုတ်စွအဆုံး ခေါင်းညိတ်၊ ခေါင်းခါလုပ်မိတာ မှားသွားရင်တောင် သူတို့လိုချင်တဲ့ အဓိပ္ပါယ်ကောက်သွားတတ်ကြတာကိုး။ ဒါကြောင့်သူတို့က ကိုယ့်ကို စကားမမှားမှားအောင် ပရိယာယ်များစွာနဲ့ ဝေေ၀ဆာဆာပြောပါလိမ့်မယ်။ ကျွမ်းကျင်သူတွေက စကားလမ်းကြောင်း ပြောင်းယူသွားတတ်ကြတယ်။ စကားတင်မက အမူအရာကိုပါ လိုချင်တဲ့အမူအရာဖြစ်သွားအောင် ဆွယ်ယူပြောတတ်ကြတယ်။ သတိထားနိုင်တာတောင် တော်ကာမကျတတ်ပါဘူး။

သူတို့ရဲ့ကျွမ်းကျင်ချက်က စိတ်ဆိုးအောင်ဆွပေးပြီး ကိုယ်ကကိုယ်ထိလက်ရောက်ဖြစ်သွားရင် သွေးထွက်သည်အထိ အနာခံနိုင်ကြတယ်။ ပြီးမှ ကိုယ့်ကို ရက်စက်သူအဖြစ် ပုံဖော်ပါလိမ့်မယ်။ သူက ခွင့်လွှတ်နားလည်တတ်သူကြီး၊ ကိုယ်က စိတ်မထိန်းနိုင်သူ ရမ်းကားသူအဖြစ် အများကိုအသိပေးပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကို စကားလာပြောသူတွေကို လူစိမ်းဆိုရင် ပိုသတိထားပါ။ ကိုယ့်ရဲ့ခံစားချက်၊ ကိုယ့်ရဲ့ရပ်တည်ချက်တွေ သိပ်ပြောပြမနေပါနဲ့။ လက်တွေ့အလုပ်နဲ့သာ ကိုယ်ဘာဆိုတာပြတတ်အောင် ကြိုးစားပါ။

သူစိမ်းဆို အပြုံး၊ အမြှောက်၊ အချိုစကားတွေ များများပြောရင် သတိထားပါ။ စကားနိဒါန်း ရှည်ရှည်ချီတတ်ရင်လည်း သတိထားပါ။ ငယ်ပေါင်းတောင် မယုံရတာ၊ အခုမှ ပေါ်လာသူဟာ ကိုယ့်အပေါ်သဘောမှန်ရှိနိုင်ပါ့မလား စဉ်းစားပေါ့။ သူတို့ရန်ကို ရှောင်နိုင်ဖို့ကတော့ လိုရင်းတိုရှင်းပဲပြောပါ။ ရရင်ရတယ်၊ မရရင် မရဘူး လိုရင်းပဲပြောပါ။ တတ်နိုင်ရင် စကားမပြောဖြစ်အောင် ရှောင်ပါ။

ဘုန်းကြီးကိုယ်တွေ့ ပြဿနာတွေအများကြီး ရင်ဆိုင်ခဲ့ရတယ်။ ဘုန်းကြီးက စကားတစ်လုံးမှ မပြောဘူး။ ဒီတော့ စကားက ဖြစ်လာသေးတယ်။ ဘုန်းကြီးကစကားမပြောလို့ တဲ့။ လူတွေကပြောတော့ "ဟုတ်တယ်၊ မပြောဘူး။ မပြောတော့ ကိုယ်ကဘာပြောတယ်၊ ညာပြောတယ် သူပြောလို့မရတော့ဘူးပေါ့၊ တစ်လုံးလောက်ပြန်ပြောမိရင် ကိုယ်ကဒီလိုပြောလိုက်တယ်၊ ဟိုလိုပြောလိုက်တယ်နဲ့ ကိုယ်မပြောတဲ့ စကားတွေ ကိုယ်ပြောဖြစ်အောင် သူကလုပ်ခွင့်ရသွားမှာပေါ့။ အခု ဘာမှမပြောတော့၊ ဘာမှမပြောဘူးက လွဲလို့ သူဘာပြောလို့ရတော့မလဲ။"လို့ ပြန်ပြောခဲ့တယ်။

အဲဒီပြဿနာကို စကားတစ်လုံးမှ မပြောခြင်းအားဖြင့် အနိုင်ရခဲ့ပါတယ်။ ပြုံးပြပြီး စကားချိုချိုပြောနေပေမဲ့ ကိုယ့်ကို အပိုင်ကိုင်ဖို့၊ ကိုယ့်ဆီက အမြတ်ထုတ်ဖို့ ဖြစ်နေတတ်တာတွေကလည်း လူတိုင်းမဟုတ်ပေမဲ့ လူအများဖြစ်နေခဲ့တယ်လေ။ ကိုယ့်အပေါ်ဘယ်သူမှန်တယ်ဆိုတာ တစ်သက်လုံးပေါင်းတဲ့ လင်ယောက်ျား၊ ဇနီးမယားတောင် တွက်လို့မရတာဆိုတော့ ဘယ်သူ့စကားကို ယုံချင်နေသေးလဲ။ သတိရှိဖို့လိုပါတယ်။ ပြုံးပြနေတိုင်း ရင်ဘတ်နဲ့ ပြုံးပြနေတာမဖြစ်နိုင်ပါဘူး။ စကားတွေချိုချိုပြောနေတိုင်း ကိုယ့်အကျိုးအတွက် ပြောနေတာမဖြစ်နိုင်ပါဘူး။

သတိလွတ်တဲ့နေ့၊ သူ့စကားကို ယုံတဲ့နေ့ ကိုယ်ရှုံးဖို့၊ ခံရဖို့ ၅၀ ရာခိုင်နှုန်းသေချာသွားပါပြီ။ ဘုန်းကြီးအနေနဲ့ လူတွေကို သံသယနဲ့ ဆက်ဆံလေ့မရှိပါဘူး။ အထင်လည်းမသေးပါဘူး။ သို့သော် လူကို ယုံချင်သော်လည်း၊ သူ့ရဲ့ကံကြမ္မာကို မယုံပါဘူး။ သူ့ရဲ့ ကံအနိမ့်၊ အမြင့်ကြောင့် သူဟာ အချိန်မရွေး အခုသိနေတဲ့ လူအသွင်ကနေ လူသစ်တစ်ယောက်လုံးလုံးဖြစ်သွားနိုင်တဲ့အတွက် ပြောတိုင်းမယုံ၊ ပြုံးတိုင်းမကြွေတတ်တာ ဘ၀ကသင်ပေးလိုက်တာပါ။

လူတိုင်းကို မေတ္တာထားပေမဲ့၊ လူတိုင်းကို မယုံပေးနိုင်တာကတော့ ဘုန်းကြီးရဲ့ သတိဖြစ်နေတာပါပဲ။ တရားအားထုတ်ပါများလာရင် အခြေအနေတွေကို ထာဝရအတွက် မစဉ်းစားတတ်တော့တာ သဘာဝပါ။ တရားများများအားထုတ်ဖြစ်ဖို့ ကြိုးစားကြပါ။ လောကကို နားလည်အောင်ကြိုးစားကြပါ။ အန္တရာယ်ကင်း၊ ဘေးရှင်းနေတတ်လာပါလိမ့်မယ်။

အားလုံးဘေးကင်းပျော်ရွင်ကြပါစေ။

အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်

No comments:

Post a Comment