Latest News

Friday, January 19, 2018

အင်းလေးဒေသအလှ၊ ဇာတ်ဝင်တေးကောင်းများနှင့် လရောင်ဖြာတဲ့ အင်းလေးမှာ

အင်းလေးဒေသအလှ၊ ဇာတ်ဝင်တေးကောင်းများနှင့်
လရောင်ဖြာတဲ့ အင်းလေးမှာ



လတ်တလော ရုံတင်ဇာတ်ကားများထဲမှ လရောင်ဖြာတဲ့ အင်းလေးမှာ ဇာတ်ကားကို ရွေးကြည့်ဖြစ်ခဲ့သည်။ ကြည့်ပြီးနောက် ရုပ်ရှင်ခံစားမှုများကို စာဖတ်သူများထံ ဝေမျှပြောပြ ချင်သောစိတ်ဆန္ဒဖြင့် သည်စာကို ချရေးမိပြန်ပါပြီ။ ဇာတ်လမ်း စ၊ လယ်၊ အဆုံးအင်းလေး ဒေသ၏ အလှအပနှင့် အင်းလေးရိုးရာဓလေ့များကို သေသေချာချာရိုက်ကူးတင်ဆက်ထားသည်မို့  ဇာတ်ကားကြည့်ရင်း ဖန်တီးထုတ်လုပ် သူများ၏ စေတနာကို မြင်မိခဲ့သည်။ အသိအမှတ်ပြု ချီးကျူးရမည့် အချက်ပင်ဖြစ်သည်။
ဇာတ်လမ်းထဲတွင်  အင်းလေးဒေသကို မြင်ကွင်းကျယ် တွေ့မြင်ရရုံမျှမက ဖောင်တော်ဦးဘုရား လှည့်လည်ပွဲ၊ ရိုးရာလှေပြိုင်ပွဲများ၊ အင်းလေးရိုးရာ ရက်ကန်းလုပ်ငန်းများနှင့် ရိုးရာတိုက်တေးပွဲများကိုပါ အသေးစိတ် စနစ်တကျဖြစ်အောင် ထည့်သွင်းရိုက်ကူးထားခြင်းကြောင့် ကြည့်ရှုသူ ပြည်တွင်းခရီးသွားဧည့်သည်များသာမက  နိုင်ငံခြားခရီးသွားဧည့်သည် များပါ ယခင်ကထက်ပိုမိုပြီး အင်းလေးဒေသကို စိတ်ဝင်စားမည်ဟု ထင်မြင်မိသည် ...

ထို့ပြင် အင်းလေးဒေသအလှအပများနှင့် ဇာတ်ဝင်တေးသီချင်းများသည်    လွန်စွာ      လိုက်ဖက်မှုရှိသည်ကို တွေ့ရသည်။ ထူးခြား ချက်အနေဖြင့်    ဘဝသံသရာ   တံတားအထိ သွားရောက်ရိုက်ကူးပြထားသော ဇာတ်ဝင်ခန်း တစ်ခုကို တွေ့မြင်ခဲ့ရပြီး နှစ်သက်ခဲ့ရပြန်သည်။

ရုပ်ရှင်ကားတစ်ကား    ဆိုသည်ထက် ရောင်စုံ၊ ဓာတ်ပုံကားချပ်များကို လှန်လှော ကြည့်နေရသည့် ခံစားမှုမျိုးဖြစ်သည်။ ရိုက်ကူး ရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ ရုပ်၊ သံအရည်အသွေးကောင်းသော ဇာတ်ကားတစ်ခုလည်း ဖြစ်သည်။ ကောင်းမွန် သော    ကွန်ပျူတာအထူးပြုလုပ်ချက်များ၊       မိတ်ကပ်အထူးပြုလုပ်ချက်များလည်း တွေ့မြင် ရသည်။

သို့ရာတွင်   ဇာတ်လမ်းကျောရိုးကမူ ဆွဲဆောင်မှုနည်းသည်ဟုပြောရမည့် ဇာတ် ကားဖြစ်သည်။ ဇာတ်ကြောရှည်လွန်းသည့် ဇာတ်မျောကြီးဖြစ်နေခြင်းမှာလည်း ဇာတ်လမ်း ကို အားနည်းစေသည့်အပြင် အင်းလေးဒေသ အလှအပများနှင့် ဇာတ်လမ်းမှာဆက်စပ်မရ သည့် အနေအထားဖြစ်သည်။

ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရလျှင် အင်းလေးဒေသမှ   ဒဏ္ဍာရီဆန်သောအချစ် ဇာတ်လမ်းတစ်ပုဒ်ဟု     ဆိုရပေလိမ့်မည်။နာမည်ကြီး   အင်္ဂလိပ်ဇာတ်ကားဖြစ်သောTwilight  ကဲ့သို့    အသွင်ပြောင်းလူသား ဇာတ်ရုပ်များပါရှိပြီး ဇာတ်လမ်း၏ အစပိုင်းကို လျှို့ဝှက်ဆန်းကြယ်မှုဖြင့် စတင်ထားသည်။

သို့သော် ဇာတ်လမ်းဖွဲ့စည်းမှု၏ ဇာတ် လမ်း အစ၊ လယ်၊ အဆုံးကို  သုံးသပ်မိသည့် အခါ နာမည်ကြီး အိန္ဒိယဇာတ်ကားတစ်ခု ဖြစ်သောDoom 3 နှင့် အခြေခံဇာတ်ကျောရိုး ဆင်တူနေသည်ဟု တွေးတောမိသည်။

Doom 3 ဇာတ်ကားတွင် ဖခင်ဖြစ်သူက ဆပ်ကပ်ပညာရှင်၊    မျက်လှည့်ပညာရှင် ဖြစ်နေပြီး အမြွှာညီအစ်ကို နှစ်ယောက်အနက် တစ်ယောက်ကို လျှို့ဝှက်ထားခဲ့သည်။ ထို့အတူ လရောင်ဖြာတဲ့  အင်းလေးမှာဇာတ်ကားတွင် လည်း ဖခင်ဖြစ်သူက ဆေးသုတေသနပညာရှင် ဖြစ်နေပြီး အမြွှာညီအစ်ကို နှစ်ယောက်မှာ တစ်ယောက်က လျှို့ဝှက်နေထိုင်သူ ဖြစ်သည်။ဇာတ်ကားနှစ်ခုလုံးတွင်   အစ်ကိုက စဉ်းစား တွေးခေါ်မှုမြင့်မားသူဖြစ်ပြီး ညီဖြစ်သူက မိမိ စိတ်ထင်ရာ လုပ်ဆောင်တတ်သူ၊ ရှေ့နောက် တွေးခေါ်စဉ်းစားမှုမရှိသူ ဖြစ်သည်။

ထို့ပြင် အဓိကဇာတ်ဆောင် နေတိုး၏ ဇာတ်ဆောင်စရိုက်အခွဲများသည်Doom 3 ဇာတ်ကားမှ  မင်းသားAamir Khan  ၏ ဇာတ်ကောင်စရိုက်များပုံစံနှင့် အလွန်ဆင်တူ နေသည်ဟု ရုပ်ရှင်ကြည့်ရင်းခံစားရပြန်သည်။ဇာတ်လမ်း၏ ကာလ၊ ဒေသ  နောက်ခံအခြေ အနေ ကွဲပြားခြင်းမှလွဲ၍ ညီအစ်ကိုနှစ်ယောက် တွေ့ဆုံစကားပြောခန်းများတွင်လည်းDoom 3  ဇာတ်ကားထဲမှ  ဒိုင်ယာလော့ခ်များနှင့် ဆင်တူ နေသည်ဟု ထင်မှတ်ရသည်။

သရုပ်ဆောင်     နေတိုးအနေဖြင့်လည်း  သရုပ်ဆောင်ချက်များသည် ဇာတ်ညွှန်းနှင့် ဇာတ်လမ်းအရ ဒါရိုက်တာ၏ခိုင်းစေမှုလား သို့မဟုတ် ကိုယ်ပိုင်စိတ်ကူးနှင့် စိတ်တိုင်းကျ လုပ်ဆောင်ခြင်းလားဆိုသည်မှာ  စိတ်ဝင် စားစရာကောင်းသော    အချက်တစ်ခုဖြစ်ခဲ့ သည်။

သရုပ်ဆောင်ပညာ  ပြည့်ဝနေသူဖြစ်ပါ လျက် ဇာတ်ကောင်စရိုက်များကို ခွဲထွက်သည့် နေရာမှာ  ကိုယ်ပိုင်ပုံစံဖြင့် ကွဲထွက်မမြင်ရခြင်း ကြောင့်  နေတိုး၏ သရုပ်ဆောင်မှုများကို ကြည့်ရင်း  မချင့်မရဲဖြစ်ခဲ့ရသည့် ဇာတ်ဝင်ခန်း များဟု ဆိုရမည်။

ရုပ်ရှင်၏ ဇာတ်သိမ်းပိုင်း ဇာတ်ဝင်ခန်း ဖြစ်သည့်  မင်းနောင်ရိုးနှင့် ထက်နောင်ရိုး တွေ့ဆုံခန်းကို မြင်တွေ့ရသည့်အခါ မြန်မာ ရုပ်ရှင်များထဲက နာမည်ကြီးဇာတ်ကားတစ်ခု ဖြစ်သော ညမင်းသားဇာတ်ကား၏ ဇာတ်သိမ်း ဇာတ်ဝင်ခန်းကို သတိရမိပြန်သည်။ ညီအစ်ကို နှစ်ယောက်၏ ချစ်ခြင်းမေတ္တာနှင့် ဇာတ်သိမ်း ခန်းသည် ဆင်တူသယောင်ရှိနေပြီး ထိုဇာတ်ဝင် ခန်းသည်   ပရိသတ်အချို့၏  မျက်ရည်ကို ခြွေသည့် ဇာတ်ဝင်ခန်းတစ်ခုဖြစ်ခဲ့သည်။

နိဂုံးချုပ်ရေးသားရပါလျှင် လရောင်ဖြာတဲ့ အင်းလေးမှာဇာတ်ကားသည်   ရုပ်ရှင်တစ်ကား ဖြစ်ခြင်းထက်  အင်းလေးဒေသ၏   ရောင်စုံ ပန်းချီကားချပ်များကို တစ်ခုချင်းလှန်လှော ကြည့်စေသောဇာတ်ကားဟုသာ ဆိုရပါမည်။ထို့ပြင် အင်းလေးဒေသဇာတ်ဝင်ခန်းများနှင့် အလွန်လိုက်ဖက်သည့် ဇာတ်ဝင်တေးသီချင်း ကောင်းများကိုလည်း   ကြည့်ရှုခံစားရသော ဇာတ်ကားဖြစ်သည်။   ပရိသတ်စိတ်ကြိုက် ဇာတ်လမ်း၏ အကောင်းဆုံးအပိုင်းများကို ရွေးထုတ်ပြောပြရလျှင် ဇာတ်ဝင်တေးသီချင်း ကောင်းများနှင့်  အင်းလေးအလှဟု  ဆိုရပေ မည်။

ဇာတ်လမ်းဖန်တီးမှု အားနည်းချက်များ ကို ချန်လှပ်၍ချီးကျူးစကားဆိုရလျှင် အင်းလေး ဒေသနှင့် ရိုးရာယဉ်ကျေးမှုများကို  ရုပ်ရှင် တစ်ကားအဖြစ် ဆက်စပ်ပုံဖော်ခဲ့သော ဖန်တီး ထုတ်လုပ်သူများ၏စေတနာကိုမူ အသိအမှတ် ပြုရမည့်     ဇာတ်ကားတစ်ကားပင်ဖြစ်
ပါသည်။ဆွေဇင်နေမင်း(ကြေးမှုံ)



No comments:

Post a Comment