Latest News

Tuesday, January 30, 2018

သစ်ရိပ်မိုးသော မြို့တော်ရန်ကုန်သို့ ​- ​ဆောင်းပါး

သစ်ရိပ်မိုးသော မြို့တော်ရန်ကုန်သို့ ​- ​ဆောင်းပါး

မြို့တော် ရန်ကုန်ရှိ အချို့သောလမ်းမကြီးများတွင် ကံကောင်း အကြောင်းလှစွာဖြင့် စိမ်းစိုသော  အရိပ်ရအပင်ကြီးများက လမ်းများကို ထီးမိုးသလို အုပ်မိုးပေးထားသည်။  တိုက်တာ အဆောက်အအုံအတွင်းမှ မွန်းကျပ်လှသော    ရန်ကုန်လူထု အတွက် တစ်ပင်စနှစ်ပင်စသာရှိသော    အပင်ကြီးများက အပူရှိန်ကိုသာမက စိတ်အေးချမ်းမှုကိုပါ ပေးစွမ်းနိုင်သည်။ အပူနှင့်အလင်းဒဏ်ပြင်းပြင်းကို ခံစားရသူတို့အတွက် စိမ်းစို သော မြက်ခင်းများ၊ ကြည်လင်သောရေကန်ကြီးများ၊ အပူရှိန် ကို စုပ်ယူပေးထားသော အပင်ကြီးများမှာ   မရှိမဖြစ်လိုအပ် လှသည်။
ထို့ပြင် သဘာဝပတ်ဝန်းကျင်ကောင်းများကို ထိန်းသိမ်း ရန်အတွက်လည်း အပင်ကြီးများသည် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ မြေဆီမြေသြဇာကို  ထိန်းသိမ်း ရန်အတွက်လည်းကောင်း၊   ကျေးငှက်ကလေးများ   အစာ ရှာဖွေရန်နှင့် အိပ်တန်းတက်ရန်အတွက်လည်း    သစ်ပင်အုပ် ကောင်းကောင်းက လိုအပ်လှသည်။ လူတစ်ယောက်တစ်နေ့တာ အသက်ရှူရန်အတွက်   အပင်များစွာထံမှ    အောက်ဆီဂျင် ဓာတ်ငွေ့ကို ရယူရသည်။ ထို့သို့ လူသားတို့ အသက်ရှင်ရပ်တည် ရန် ထောက်ပံ့ပေးနေရရှာသော    သစ်ပင်ကြီးငယ်တို့မှာ နေ့စဉ် လိုပင် လူသားတို့၏ ဖျက်ဆီးမှုကို ခံနေရရှာသည်။
ထို့ကြောင့်ပင်  မြို့တော်ရန်ကုန်၏   စိမ်းလန်းစိုပြည်ရေး ကို အဓိကတာဝန်ယူဆောင်ရွက်နေသည့်   ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့်   အားကစား ကွင်းများဌာနမှ   ဌာနစုမှူး ဦးတင်မိုးအား   မြို့တော်ရန်ကုန် အတွင်းရှိ သစ်ပင်ကြီးများအကြောင်းကို  သွားရောက်တွေ့ဆုံ မေးမြန်းဖြစ်ခဲ့သည်။
''ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက   ရန်ကုန် မြို့တော်ကြီးကို ဥယျာဉ်မြို့တော်ကြီးအဖြစ် တည်ဆောက်ဖို့ အတွက် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရပါတယ်၊ နှစ်စဉ်အဲဒီလို ဆောင်ရွက်တဲ့အခါမှာ အရိပ်ရပင်တွေ၊  ပန်း အလှပင်တွေ၊ ရာသီပန်းတွေ၊ အရွက်လှပင်တွေကို့ အသုံးပြုပြီး စိုက်ရတယ်''ဟု စကားအစချီ ပြောပြသည်။
သန့်ရှင်းစိမ်းလန်းကြည်လင်မှုနှင့် မြို့တော်ရန်ကုန်“
''ရည်ရွယ်ချက်အနေနဲ့ကလည်း သန့်ရှင်းစိမ်းလန်းကြည်လင် မှုနှင့် မြို့တော်ရန်ကုန်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီလုပ်တဲ့အခါမှာ   ဘာတွေရှိလဲဆိုတော့    ပန်းခြံတွေရှိတယ်၊ လမ်းကြောင်းတွေ ရှိတယ်၊ အဝိုင်းတွေရှိတယ်၊ တြိဂံတွေရှိတယ်၊ လမ်းလယ်ကျွန်း တွေရှိတယ်၊   လမ်းဘေးဝဲယာမှာ စိုက်တာတွေရှိတယ်၊     နောက် တောအုပ်တွေရှိတယ်၊ တောအုပ်အနေနဲ့က ငမိုးရိပ်ကျွန်းတော၊ ဂျီတီအိုင်ကျွန်းတော၊  ဘုရင့်နောင်ကျွန်းတော၊     လှော်ကား ရေဝေရေလဲတောတွေမှာ ကျွန်တော်တို့အနေနဲ့က စနစ်တကျ စိုက်ပျိုးပါတယ်၊ အဲဒီစနစ်တကျစိုက်ပျိုးပြီးတော့    မြို့တော်ရဲ့    စိမ်းလန်းစိုပြည်ရေးလုပ်ငန်းတွေကို အထောက်အကူပြုတာပေါ့။
ပျိုးခြံများ
''အရိပ်ရပင်တွေကိုတော့ ဟံသာဝတီပျိုးခြံမှာပျိုးတာပေါ့၊ အဲဒီမှာ မဟော်ဂနီ၊ ငုရွှေဝါ၊ ခရေ၊ ပျဉ်းမ၊ ရေတမာ၊    စိန်ပန်း ကြီး၊ ငါးဆူ၊ ပိတောက်၊ ကျူးဘား၊ အမြောက်ဆန်၊ ယင်းမာ၊ အသောက၊ မန်ကျည်း၊ အညာတမာ၊ ကုက္ကို၊   ကဗွီး၊    ဥနှဲ၊  မယ်ဇယ်၊ တည်ကြီး၊ ကံ့ကော်၊   ပန်းမဲဇလီစတဲ့   အရိပ်ရ ပင်တွေကိုပျိုးတာပေါ့၊ ဟံသာဝတီမှာရှိတဲ့ အပင်တွေက ပျိုးအိတ် ကြီးနဲ့ပျိုးတာဆိုတော့ အပင်ကြီးအဆင့်ပေါ့၊  နောက်တစ်ခုက မြကန်သာပျိုးခြံ(ခြောက်မိုင်ခွဲ)    ပျိုးခြံမှာလည်း  အရိပ်ရ ပင်တွေပျိုးပါတယ်၊ လှော်ကားရေဝေရေလဲဒေသမှာ   ဆိုရင် တော့ လှော်ကားကျွန်းဆိုတာ မင်္ဂလာဒုံမြို့နယ်ထဲမှာ   နှစ်စဉ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွေလုပ်တယ်ပေါ့၊    အဲဒီမှာတော့ အရိပ်ရပင်ရယ်၊ ကျွန်းပင်ရယ် စိုက်ပျိုးတယ်ပေါ့နော်။
နှစ်ရှည်ပင်
''နှစ်ရှည်ပင်အနေနဲ့က  လက်ရှိကတော့    ကန်တော်ကြီး အတွင်းမှာရှိတယ်၊ ပြည်သှူရင်ပြင်ထဲမှာရှိတယ်၊ အဲမှာဆိုရင် Century Tree  တွေတောင်ရှိတယ်၊   ပြည်သှူရင်ပြင်ထဲက ကုက္ကိုပင်ကြီးတွေဆိုရင်       သူတို့ရဲ့သက်တမ်းက    နှစ်ပေါင်း  ရာကျော်နေပါပြီ၊ YCDC ပြင်ပမှာဆိုရင်လည်း တက္ကသိုလ်ဝင်းတွေမှာ ရှိတာပေါ့၊ အများ ပိုင်အဆောက်အအုံနဲ့သက်ဆိုင်တဲ့ နေရာတွေမှာပဲ အပင်ကြီးတွေက ရှိတော့တာပေါ့၊ ကန်တော် ကြီးထဲမှာလည်း  တော်တော်ရှိတယ်၊     အများဆုံးကတော့ ကုက္ကိုပင်ကြီးတွေရှိမယ်၊ ပြည်သှူရင်ပြင်မှာဆိုရင် မဟော်ဂနီပင်တွေရှိမယ်၊   ကညင်လိုဟာမျိုး၊    အင်ကညင်လိုမျိုး၊ ကျွန်းလိုမျိုးကတော့ ကန်တော်ကြီးမှာ ရှိမယ်ပေါ့နော်၊ ကန်တော်ကြီးဆိုရင် သစ်တောဇုန်ပေါ့၊ အဲဒီမှာ  အမျိုးအစားတော်တော် များများရှိပါတယ်၊ မပျောက်မပျက်ရှိပါတယ်၊   အရေအတွက် အားဖြင့်တော့ ခန့်မှန်းရခက်ပါမယ်။
ပုံပန်းသ္ဌာန်တွေ လှပအောင်
''ထိန်းသိမ်းတာကျတော့ ပျိုးပင်အဆင့်က စပြောမှရမယ်၊ အပင်တွေ   စစိုက်ပြီဆိုရင် ပထမဦးဆုံးတော့ ကျင်းပြင်တယ်၊ မြေဆွေးတွေ ဘာတွေထည့်တာပေါ့၊ ကျင်းပြင်ပြီးရင် စစိုက် တာပေါ့၊ အများအားဖြင့် ငါးပေအရွယ်လောက်က  စစိုက်တာပေါ့၊   ပထမအဆင့်အနေနဲ့ ထိန်းတိုင်ထည့်တယ်၊   ပြီးရင် နွေပေါင်၊ မိုးပေါင်ဆိုတာဖော်ရတယ်၊ ရေများလို့ ရေဝပ်ရင် သော်လည်းကောင်း၊ ရေနည်းလို့ ရေမရမှာသော်လည်းကောင်း     အဲဒါမျိုးတွေအတွက် ဖော်ရတာပေါ့၊ အပင်တွေ ထိန်းသိမ်းတဲ့အခါမှာ နှစ်စဉ်မဟုတ်ဘဲ နေ့စဉ် အမြဲတမ်းလုပ်နေရ တာ၊ ဦးဝိစာရလမ်းတစ်လျှောက်ဆိုရင် အပင်တွေ ပြုပြင်မွမ်းမံရေးလုပ်တယ်၊  ပုံတွေပျက်သွား ပြီဆိုရင် ဖြတ်ပြီးညှိတယ်၊ နောက်တစ်ခုက ကျွန်တော်တို့ အဓိကလိုချင်တာက   အရိပ်ရဖို့ကို၊    ခရေတို့၊   ရေတမာတို့ဆိုရင်  အရိပ်ရတဲ့အပင်တွေပေါ့၊     နောက် တယ်ကြီးတို့    အဲဒါမျိုးအပင် တွေက   အရိပ်ကောင်းကောင်းရတာတယ်၊ အဲဒါတွေကို  နိုက်ထရိုဂျင်ဓာတ်ပါတဲ့ ယူရီးယား မြေသြဇာကိုကျွေးပြီး   သူတို့ကို ထိန်းသိမ်းရတယ်၊ အပင်စစိုက်တဲ့    အချိန်ကနေ   အပင် မပွင့်မသီးခင် အချိန်အထိပေါ့။ နွားချေးတို့၊   မြေဆွေးတို့ ဒါတွေလည်းပါတာပေါ့၊ အဲဒါတွေ ထည့်သလို   ယူရီးယားမြေသြဇာကလည်း အပင်ဖွံ့ဖြိုးမှုအတွက် အရေးပါတယ်၊    နောက် အပင်အခြေအနေကြည့်ပြီးတော့လည်း ပုံပန်းသ္ဌာန်တွေလှပအောင်  ဖြတ်ညှိပေးရတယ်၊   အဲဒီပုံပန်းသ္ဌာန်မညီဘဲ အပင်တစ်ပင်က ယိုင်လဲမယ်ဆိုရင်၊    တစ်ဖက်စောင်းမယ်ဆိုရင် ယိုင်လဲမှုဖြစ်စဉ်တွေ သူက ဖြစ်နိုင်တယ်၊  အဲဒါကြောင့်မို့လို့ သူတို့ကို    ဖြတ်ညှိခြင်းလုပ်ငန်း တွေ ကျွန်တော်တို့က  လုပ်ရတယ်၊ နောက်တစ်ခုက အပင်တစ်ပင်မှာရှိတဲ့     ကိုင်းခြောက်တွေ၊  ကိုင်းညပ်တွေ၊   ကိုင်းဆွေးတွေနဲ့ အဲဒီကြားထဲမှာ ရှုပ်ထွေးနေတဲ့ဟာတွေရှိတယ်၊ ရှုပ်ထွေးနေ တဲ့ဟာတွေက    ဖြတ်မပစ်ဘူးဆိုရင် အခြားကိုင်းခက်တွေ သန်မာဖို့အတွက် အနှောင့်အယှက် ဖြစ်တယ်၊   အဲဒီကိုင်းတွေကိုလည်းကြည့်ပြီးတော့ ဖြတ်ပစ်ရတာပေါ့၊  သှူကို  ဖြတ်လိုက်ခြင်းအား ဖြင့် ကျန်တာတွေ ပိုကောင်းတာပေါ့၊ အဲဒါမျိုးတွေကို ကျွန်တော်တို့ ဆောင်ရွက်တယ်။
ပြုစုကုသတဲ့အပိုင်း
''ကိုင်းတွေ  ဘာတွေဖြတ်ပြီးရင် မှိုသတ်ဆေးတို့၊ ပိုးသတ် ဆေးတို့ ဖျန်းရတယ်၊   သှူကို   ပြုစုကုသတဲ့  အပိုင်းလေးလည်း ကျွန်တော်တို့က လုပ်ပေးရတာပေါ့၊ နောက်တစ်ခုက အပင်ကြီး တွေအတော်များများ  ကျွန်တော်တို့က အောက်ခြေကို ရှင်း လိုက်တယ်၊ ဘာလို့ဆိုတော့ လေဝင်လေထွက် ကောင်းဖို့ပေါ့။ ဒါမှ  အောက်ဆီဂျင်တို့  ဘာတို့  ရမှာကို၊  လေဝင်လေထွက် ကောင်းပြီဆိုရင် ပိုးမွှားရောဂါပါ  ကင်းစင်သွားတာပေါ့၊ သစ်ပင် တစ်ပင်မှာ ကိုင်းဖြာမှုဆိုတာရှိတယ်၊ အစာကျွေးတဲ့အခါကျ တော့ ကွင်းဖောက်စနစ်နဲ့ ကျွေးရတာပေါ့၊ ဒါကတော့ ပြုစု ထိန်းသိမ်းခြင်း အပိုင်းတွေပဲဖြစ်ပါတယ်''ဟု ရှင်းပြသည်။
အချုပ်အားဖြင့် တင်ပြရသော် ကိုယ်ကာယ ကြံ့ခိုင်သန်စွမ်း သော လူငယ်တစ်ယောက်ရရှိရန်အချိန် ၁၈ နှစ်ခန့် စောင့် ဆိုင်းရသကဲ့သို့ အကိုင်းအခက်၊ အရွက်အလက်တို့နှင့် ပြည့်စုံ သော သစ်တစ်ပင်ကောင်းရရှိရန်အတွက်လည်း နှစ်ပေါင်းများစွာ စောင့်ဆိုင်းရသည်။ ထိုမျှ နှစ်ကာလကြာရှည်စွာ   ရှင်သန် ကြီးထွားခဲ့ရသောအပင်ကြီးများသည် ယနေ့ခေတ်တွင် ခေတ်မီ စက်ကိရိယာများ၏ စွမ်းအားဖြင့် နာရီပိုင်းအတွင်းမြေပေါ်သို့ ဗုန်းဗုန်းလဲကြရရှာသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တွင် ရန်ကုန်မြို့တော်ရှိ စိမ်းစိုသောခြံဝင်းများသည် အထပ်မြင့် ကန်ထရိုက်တိုက်များအဖြစ်လည်းကောင်း၊  ဈေးဝယ်စင်တာ များ၊ အဆောက်အအုံကြီးများအဖြစ် လည်းကောင်း တစ်မုဟုတ် ခြင်း ပြောင်းလဲသွားကြသည်။ ထိုသို့ပြောင်းလဲသွားသည့်အတွက် ရာသီဥတုကြောင့်ဖြစ်သော  နေပူမိုးရွာဒဏ်များကို   အတား အဆီးမရှိ အလူးအလဲခံကြရသည်။ ထို့ကြောင့်ပင်  မြို့တော် ရန်ကုန်ရှိ  စိမ်းစိုသောသစ်ပင်ကြီးများ ထပ်မံမပြိုလဲစေရေး အတွက် မြို့တော်နေ ပြည်သူအပေါင်းတို့က ဝိုင်းဝန်းထိန်းသိမ်း နိုင်ပါစေကြောင်း . . . ။    ထင်ပေါ်ဝင်း(ကမာရွတ်)မြန်​မာ့အလင်း

No comments:

Post a Comment