Latest News

Thursday, January 18, 2018

လွတ်လပ်မှု သရဏံ ဂစ္ဆာမိ (ရေးသူ- ဥာဏ်မျိုးအောင်)


လွတ်လပ်စွာ ဖော်ထုတ်ခွင့်ဟာ အခြေခံအကျဆုံး ဒီမိုကရေစီအခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ နိုင်ငံသားတွေက သူတို့ရဲ့ နိုင်ငံရေးအယူအဆတွေကို လွတ်လွတ်လပ်လပ် မဖော်ထုတ်နိုင်ဘူးဆိုရင် အစိုးရပေါ်ကို နိုင်ငံသားတွေက လွှမ်းမိုးနိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။ ဒီလိုလွှမ်းမိုးနိုင်စွမ်း မရှိရင် သူတို့တွေရဲ့ တခြားအခွင့်အရေးတွေကိုလဲ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပထမပြင်ဆင်ချက်မှာ လွတ်လပ်စွာ စဉ်းစားတွေးခေါ်တာ၊ ပြောဆိုတာ၊ ရေးသားထုတ်ဝေတာ၊ စုဝေးတာနဲ့ တောင်းဆိုတာတွေကို ကန့်သတ်တဲ့ ဥပဒေတွေ မပြုရဘူးလို့ ပြဌာန်းထားပါတယ်။ ဒါ့အ ပြင် တရားလွှတ်တော်ချုပ်ကလဲ ပြည်နယ်အစိုးရတွေ၊ ဒေသန္တရ အစိုးရတွေအနေနဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုတာကို မကန့်သတ်ရဘူးလို့ တားမြစ်ထားပါတယ်။ ဒါပေမယ့် ခြွင်းချက်ကတော့ ဒီလိုလွတ်လပ်စွာ ဖော်ထုတ်ပြောဆိုတာဟာ တရားမဲ့တဲ့ ပြုကျင့်မှုတွေ ချက်ချင်းဆိုသလို ဖြစ်နိုင်တာ သေချာသလောက်နီးနီး ရှိရင်တော့ ကန့်သတ်နိုင်တယ်လို့ ဆိုပါ တယ်။

ဖြစ်ရပ်ကလေးတစ်ခုကို ကြည့်ရအောင်ပါ။ Ku Klux Klan (လူဖြူလူမျိုးကြီး အယူအဆကို အားပေးဖို့ အကြမ်းဖက်နည်း တွေ သုံးတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုပါ။ ၁၉ ရာစုလောက်က အမေရိကန်တောင်ပိုင်းက ပြည်နယ်တွေမှာ လှုပ်ရှားခဲ့ပါ တယ်။) အဖွဲ့ဝင်တစ်ယောက်က “လူဖြူ ကောကေးရှင်လူမျိုးတွေကို ဗဟိုအစိုးရက ဆက်လက် ဖိနှိပ်နေမယ်ဆိုရင် လက်စားပြန်ချေရမယ်”လို့ အဖွဲ့ဝင်တွေ စုဝေးပွဲတစ်ခုမှာ မိန့်ခွန်းပြောပါတယ်။ အိုဟိုင်းအို ပြည်နယ်ဥပဒေအရ ဒီလူဟာ အကြမ်းဖက်မှုကို ဆော်သြနေသူ ဖြစ်တယ်လို့ တရားစွဲဆိုပါတယ်။ ဒီလိုဆော်သြတာဟာ ချက်ချင်းလက်ငင်း ဥပဒေမဲ့ အပြု အမှုတွေကို ဖြစ်ဖို့ ဦးတည်နေမှသာ၊ သို့မဟုတ် ဖြစ်နိုင်ဖွယ် ရှိမှသာ တားဆီးပိတ်ပင်နိုင်တယ်လို့ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပြီးတော့ စွပ်စွဲချက်ကို ပယ်ချလိုက်ပါတယ်။ ဒီလိုဆော်သြတဲ့ စကားလုံးလေးတွေနဲ့တင် တခြားသူတွေကို ချက်ချင်း လက်ငင်းကြီး ဥပဒေမဲ့ အပြုအမှုတွေကို လုပ်အောင် စေ့ဆော်နိုင်တာ ရှားပါတယ်။ “ချက်ချင်းလက်ငင်း ဥပဒေမဲ့ အပြုအမှု” (imminent lawless action)ဖြစ်စေမှ ဆိုတဲ့ စကားရပ်ကလေးက လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို အစိုးရက မကန့် သတ်နိုင်အောင် တားမြစ်ထားတဲ့ ကန့်သတ်ချက်လေးတစ်ခုပါ။

တရားလွှတ်တော်ချုပ်ရဲ့ ချက်ချင်းလက်ငင်း ဥပဒေမဲ့ အပြုအမှု ဖြစ်စေမှဆိုတဲ့ စကားရပ်ကို အခြေခံပြီးတော့ အငြင်းပွား ရတဲ့ ဖြစ်ရပ်တစ်ခုလဲ ရှိပါသေးတယ်။ အဲဒါကတော့ နိုင်ငံလုံးဆိုင်ရာ ရစ်ပတ်ဘလစ်ကန် ညီလာခံကျင်းပနေတဲ့ ခန်းမရဲ့ အပြင်ဘက်မှာ ကွန်မြူနစ်လူငယ်တစ်ယောက်က အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတော်အလံကို မီးရှို့ဆန္ဒဖော်ထုတ်ပါ တယ်။ Texasပြည်နယ်အစိုးရက အလံမီးရှို့တာဟာ ပြည်သူလူထုရဲ့ လုံခြုံမှုကို ချက်ချင်းလက်ငင်း အန္တရာယ်ပြုနိုင်တယ် လို့ လျှောက်ထားတာကို တရားလွှတ်တော်ချုပ်က ငြင်းပယ်ပါတယ်။ “အယူအဆတစ်ခု၊ ယုံကြည်မှုတစ်ခုကို ဖော်ထုတ် ပြောဆိုတာမှာ လူအဖွဲ့အစည်းက အဲဒီအယူအဆ၊ အဲဒီ ယုံကြည်မှုကို လက်မခံနိုင်ဖွယ်ရာ၊ မနှစ်မြို့ဖွယ်ရာအဖြစ် မြင်နေ ရင်တောင်မှ” အစိုးရက လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုတာကို တားမြစ်နိုင်ခွင့် မရှိဘူးလို့ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပါတယ်။

ဒီတော့ အမုန်းစကား (Hate Speech)ကိုလဲ အစိုးရက တားမြစ်လို့မရဘူးဆိုတာကို တရားလွှတ်တော်ချုပ်က လက်ခံထား ပါတယ်။ လူမျိုးရေး၊ အသားအရောင်၊ ယုံကြည်မှု၊ ဘာသာတရား စတာတွေပေါ် အခြေခံပြီးတော့ ဒေါသဖြစ်အောင်၊ အထိ တ်တလန့် ဖြစ်အောင် လှုံ့ဆော်တဲ့ ဖော်ထုတ်ပြောဆိုမှုတွေမှာ ပါဝင်ရင် ရာဇ၀တ်မှုအဖြစ် သတ်မှတ်တဲ့ အစိုးရရဲ့အမိန့်တွေ ၊ ဥပဒေတွေကိုလဲ တရားလွှတ်တော်ချုပ်က လက်မခံဘူး။ ပယ်ချပါတယ်။ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုမှုမှာ “ပါဝင်တဲ့ အကြောင်းအရာပေါ်ကို” (Speech on the basis of its content) အခြေခံပြီးတော့ တားမြစ်ကန့်သတ်တာမျိုး အစိုးရက လုပ်လို့မရဘူးလို့ တရားလွှတ်တော်ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပထမပြင်ဆင်ချက်ကို အဓိပ္ပါယ်ဖွင့်ဆိုပြပါတယ်။ အကြမ်းဖက်တာကို အားပေးလှုံ့ဆော်တဲ့ ပြောဆိုမှုတွေကို ခွင့်ပြုထားလို့ အကြမ်းဖက် ရာဇ၀တ်မှုတွေဆီ ဦးတည်သွားနိုင်ခဲပါတယ် (ဦးတည် သွားနိုင်ဖို့ ခက်ခဲပါတယ် လို့ စာရေးသူက ဆိုလိုပါတယ်)။

လွတ်လပ်စွာ စုဝေးစီတန်းလှည့်လည်ခွင့်နဲ့ ပတ်သက်လို့လဲ အငြင်းပွားစရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါသေးတယ်။ အမေရိကန် နာဇီပါတီက Illinoisပြည်နယ် Skokieမြို့ထဲမှာ လူစုလူဝေးလိုက် စုဝေးလှည့်လည်မှာကို ပြည်နယ်အစိုးရက တားမြစ်တဲ့ အမိန့် ထုတ်ပါတယ်။ Skokieမှာ ဂျူးလူမျိုးတွေ အများစု နေထိုင်ကြပါတယ်။ ဒီထဲမှာ နာဇီဂျာမနီရဲ့ ချွေးတပ်စခန်းတွေက လွတ်မြောက်လာသူတွေလဲ ပါဝင်ပါတယ်။ တရားလွှတ်တော်ချုပ်ကတော့ လွတ်လပ်စွာ စုဝေးစီတန်းလှည့်လည်တာ ကြောင့် မလိုလားအပ်တဲ့ အကျိုးအဆက်တွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ “ဖြစ်နိုင်ချေ”ထက် “လွတ်လပ်စွာ စီတန်းလှည့် လည်ခွင့်”ကို ဦးစားပေးရမယ်လို့ ဆုံးဖြတ်ပါတယ်။ အစိုးရဘက်က တားမြစ်ချင်တယ်ဆိုရင်တော့ အကြောင်းအရင်းကို အခိုင်အမာ သက်သေပြဖို့ လိုပါတယ်။ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတွေတော့ ဖြစ်တော့မှာ သေချာသလောက် နီးနီး ရှိကြောင်း၊ ဒါကို ထိန်းသိမ်းဖို့ အတွက် ရဲဝန်ထမ်းတွေကို တာဝန်ပေးတာလိုမျိုး နည်းလမ်းတွေ သုံးရုံလောက်နဲ့လည်း မဖြစ်နိုင်တော့ကြောင်း၊ တားကို တားမှ ဖြစ်မယ့် နောက်ဆုံးနည်း တစ်နည်းသာ ရှိကြောင်း သက်သေပြဖို့ လိုပါတယ်။

လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုတာနဲ့ စီတန်းလှည့်လည်တာတွေက လူတွေရဲ့ နေ့စဉ်ဓူဝ လုပ်ငန်းဆောင်ရွက်မှုတွေကို အ နှောက်အယှက် ဖြစ်စေနိုင်တာကိုလဲ တရားလွှတ်တော်ချုပ်က အသိအမှတ်ပြုပါတယ်။ ဒါကြောင့်မို့ လူသွားလူလာ၊ ယာဉ် သွားယာဉ်လာ များတဲ့ လမ်းမ အလယ်မှာ လူထုစည်းဝေးပွဲတွေ ကျင်းပခွင့် မရှိပါဘူး။ ဒီ့အတွက် စုဝေးစီတန်းမယ့် အချိန်နဲ့ နေရာတွေကို အစိုးရအာဏာပိုင်တွေက ချိန်ညှိတာမျိုး လုပ်နိုင်တယ်လို့ တရားလွှတ်တော်ချုပ်က လက်ခံထားပါတယ်။ ဒီ လို ချိန်ညှိပေးတာမှာ အစိုးရအာဏာပိုင်တွေအနေနဲ့ ကျိုးကြောင်းကျကျ ရှိဖို့တော့ လိုအပ်ကြောင်း၊ စီတန်းလှည့်လည်ခွင့် လျှောက်ထားသူ အဖွဲ့အားလုံးကို တန်းတူထား ဆက်ဆံရမှာ ဖြစ်ကြောင်း၊ လူအများစု လက်မခံတဲ့ အမြင်တွေကို ကိုင်စွဲ ထားတဲ့ အဖွဲ့တွေကိုပင်လျှင် တန်းတူထား ဆက်ဆံရမှာ ဖြစ်ကြောင်း တရားလွှတ်တော်ချုပ်က ကန့်သတ်ထားပါတယ်။

ဥာဏ်မျိုးအောင်ရေးတဲ့
လွတ်လပ်မှု သရဏံဂစ္ဆာမိ ဆောင်းပါးမှ
အပိုင်း (၁) လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်ဝါဒီ အပိုင်း ကို ကောက်နုတ် ဖော်ပြပါတယ်။
Ref; The American Democracy by Thomas E. Patterson

No comments:

Post a Comment