Latest News

Saturday, January 27, 2018

မွေတော်ကက္ကူဆီသို့

မွေတော်ကက္ကူဆီသို့


ကားပေါ်မှဆင်းလိုက်သည်နှင့် လက်ကိုင်ဖုန်းမှ နာရီကိုကြည့်လိုက်ရာ ညနေ ၃ နာရီခွဲ။ တောရိပ်၊ တောင်ရိပ်များကြောင့် ညနေအလင်းရောင်က အားဖျော့နေ သယောင်။ ရှေ့တူရူကို လှမ်းကြည့်လိုက်ရာ ပုံစံတူစေတီများ၏အပေါ်ပိုင်းသို့ ကျရိပ် သန်းနေသည့် ညနေအလင်းရောင်က နှုတ်ဆက်ပက်ဖျန်းလျက်၊ ကြည်ညိုသပ္ပာယ် စရာကောင်းသည့်စေတီများ သို့မဟုတ် မွေတော်ကက္ကူဘုရားမြင်ကွင်းက ဖူးတွေ့ ရသူများအတွက် စိတ်နှလုံးကြည်မွေ့၊ ငြိမ်းချမ်းဖွယ်ရာပင်။
မြေစိုက်စေတီပေါင်း ၂၄ဝဝခန့်ရှိသော မွေတော်ကက္ကူဘုရားက သမိုင်းဝင်ဘုရား စေတီများဖြစ်ရာ ထင်ရှားလေသည်။ ကနဦး စတင်တည်ထားခဲ့သော စေတီများ အနက် အချို့မှာ ငလျင်ဒဏ်ကြောင့် ထီးတော်စောင်းခြင်း၊ စေတီအပေါ်ပိုင်းအချို့ ပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရသဖြင့် ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းထား ကြောင်း သိရှိရသည်။
များပြား
ဖိနပ်ကိုကားပေါ်မှာပင် ချွတ်ထားခဲ့ပြီးနောက် စေတီတော်များ တည်ရှိရာသို့ သွားရောက်ဖူးမြော်ရန် မုခ်ဦးဝသို့ လမ်းလျှောက်လာခဲ့သည်။ မွေတော်ကက္ကူဘုရား တည်ရှိရာ မုခ်ဦးရှေ့ မြေကွက်လပ်နှင့် ဝဲဘက်သစ်ပင်များအောက်တွင် ဘုရားဖူး ယာဉ်ကြီး၊ ယာဉ်ငယ်များကို တွေ့ရသည်။ ဘုရားဖူးရာသီဖြစ်သည့်အတွက် မွေတော် ကက္ကူဘုရားသို့ လာရောက်ဖူးမြော်ကြသူများပြားကြောင်း သတိပြုမိသည်။
ကျွန်တော်တို့က တောင်ကြီး-အင်းလေး-ပင်းတယ ခရီးစဉ်သို့ သွားရောက်ရာ တွင် လမ်းခရီး၌ရှိသော  မွေတော်ကက္ကူဘုရားသို့  ဝင်ရောက်ဖူးမြော်ကြခြင်းဖြစ် သည်။ တောင်ကြီးမြို့မှ ၃၃ မိုင်ခန့်ဝေးသော မွေတော်ကက္ကူဘုရားသို့ ကားဖြင့် ခပ် မှန်မှန်မောင်းနှင်လာရာ အချိန် နှစ်နာရီခန့်ကြာမြင့်လေသည်။ လမ်းခရီးတွင် ရှမ်း တိုင်းရင်းသားကျေးရွာနှင့် ပအိုဝ်းတိုင်းရင်းသားကျေးရွာများကို ဖြတ်သန်းလာခဲ့ ရသည်။ တကယ်တော့ မွေတော်ကက္ကူဘုရားက ရှမ်းပြည်နယ်တောင်ပိုင်း တောင် ကြီးခရိုင် ကျောက်တစ်လုံးကြီးမြို့နယ် နောင်ခဲုင်းကျေးရွာအုပ်စု မွေတော်ရွာအနီး တွင် တည်ရှိနေခြင်းဖြစ်သည်။
ကျွန်တော်တို့က မြင်းမထိလိုဏ်ဂူသို့ သွားရောက်ခဲ့ပြီးနောက် ဘုရားများဖူး မြော်ကာ သက်သတ်လွတ်ထမင်းဟင်းများ လှူဒါန်းသည့်နေရာတွင် နေ့လယ်စာ စားသောက်ခဲ့ပြီး မွေတော်ကက္ကူဘုရားသို့ လာရောက်ခဲ့ကြခြင်းဖြစ်သည်။ ဤဒေသ သည် စိုက်ပျိုးရေးဖြစ်ထွန်းရာ ဒေသဖြစ်၍လားမသိ၊ လမ်းဘေးဝဲယာတွင် ကြည့် လေတိုင်း စိုက်ခင်းများကို နေရာအနှံ့တွေ့ရသည်။ ကြက်သွန်ဖြူ၊ ချင်း၊ နနွင်း၊ ပန်း ဂေါ်ဖီ၊ ပန်းမျိုးစုံတို့စိုက်ပျိုးဖြစ်ထွန်းရာ ဒေသစိုက်ပျိုးထွက်ကုန်များက ဈေးနှုန်းလည်း သက်သာလေသည်။
ထူးထူးခြားခြားအဖြစ် မြင်းမထိလိုဏ်ဂူ၏အပြင်ဘက် သက်သတ်လွတ်ထမင်း ဟင်းများ လှူဒါန်းကျွေးမွေးရာအနီး ဒေသခံတိုင်းရင်းသားများရောင်းချသည့် ဒေသ ထွက်စိုက်ပျိုးကုန်များအနက် ရေကန်စွန်းဥများကိုတွေ့၍ ဝယ်ခဲ့သည်။ ပြုတ်ပြီးစား စရာမလိုဘဲ၊ အစိမ်းအတိုင်းအခွံနွှာပြီး စားရုံဖြစ်၍ လွယ်ကူသောကြောင့် အမြည်း သဘောမျိုးစားကြည့်ရာ ချိုအေးပြီး အရသာရှိသဖြင့် ဝယ်ယူလာခဲ့သည်။ ဆီးချို၊ သွေးတိုးရောဂါရှိသူများ စားသုံးသင့်ကြောင်း သိရသည်။
ယခု  မွေတော်ကက္ကူဘုရားမုခ်ဦးအဝင်မှ အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် မြေစိုက်စေတီများရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်နေသူများ၊ စေတီများ တည် ဆောက်ထားခဲ့မှုကို စိတ်ဝင်စားစွာ စူးစမ်းလေ့လာသူများဖြင့် စည်ကားနေသည် ကို တွေ့ရသည်။ ညနေခင်းနေရောင်က ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရား ပရိဝုဏ်အတွင်း ပူဇော်နေသကဲ့သို့ ဖြာဆင်းကျလျက်ရှိရာ ရွှေရောင်ဝင်းဝါနေသော စေတီများ၏အပေါ်ပိုင်းဖြစ်သော ထီးတော်၊ ခေါင်းလောင်း၊ ကြာမှောက်ကြာလှန်၊ ဖောင်းရစ်များအပေါ် ဆလိုက်မီးရောင် ထိုးထားသကဲ့သို့ သပ္ပာယ်စရာကောင်းနေ သည်။
ခေါ်ဝေါ်
မွေတော်ကက္ကူဘုရားများ၏ အလယ်တွင် ကွန်ကရစ်လမ်းငယ်ခင်းထားသည် ဖြစ်ရာ စေတီများတည်ထားမှုကို အနီးကပ်ဖူးတွေ့ခွင့်ရရှိသည့်အပြင် စေတီများ အကြား  ဝင်ထွက်သွားလာကာ  စိတ်တိုင်းကျ  လေ့လာဖူးမြော်နိုင်လေသည်။ မွေတော်ကက္ကူဘုရားကို ဒေသခံတို့က ကက္ကူမွေတော်ဘုရားဟူ၍လည်းကောင်း၊ မွေတော်ဟူသောစကားကို ချန်ထားပြီး ကက္ကူဘုရားဟူ၍လည်း ခေါ်ဝေါ်ကြကြောင်း သိရသည်။
ပအိုဝ်းတိုင်းရင်းသားစကားအရ ကက္ကူတွင် အသံနှစ်မျိုးပေါင်းစပ်ထားခြင်းဖြစ် ရာ ကက်(ကဲက်)+ကူ=ကက္ကူဖြစ်သည်။ ''ကက်(ကဲက်)'' အဓိပ္ပာယ်မှာ ကင်းစခန်း ဖြစ်ပြီး ''ကူ''မှာ နယ်ခြားဖြစ်သည်။ အသံနှစ်ခု ပေါင်းစပ်လျှင် ကက္ကူဆိုသည်မှာ နယ်ခြားစခန်းဖြစ်ကြောင်း သိရသည်။ ဤနေရာသည် ရှေးအခါက ဆီဆိုင်စော်ဘွား နှင့် ညောင်ရွှေစော်ဘွားတို့၏ နယ်နိမိတ်အစပ်ဖြစ်ရာ ''နယ်ခြားကင်းစခန်း''နေရာ ဖြစ်ပြီး ဤနေရာတွင် တည်ထားသောစေတီဘုရားကို ကက္ကူဘုရားဟုခေါ်ဆိုခြင်း ဖြစ်သည်။
ပါဝင်ခဲ့
မွေတော်ကက္ကူဘုရားကို ရှင်သောနနှင့် ရှင်ဥတ္တရ အမည်ရှိ ရဟ္တာမထေရ်မြတ် များနှင့် သီရိဓမ္မာသောကမင်းကြီးတို့က တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗုဒ္ဓ မြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်ပြီး  သာသနာတော် ၂၁၈ သို့  ရောက်သောအခါ တတိယ သင်္ဂါယနာတင်ပွဲအောင်မြင်ပြီးဆုံးသည့် အထိမ်းအမှတ်အဖြစ် စေတီပေါင်း ၈၄ဝဝဝ ကို တည်ထားခဲ့ရာတွင် မွေတော်ကက္ကူဘုရားလည်း တစ်ဆူအဖြစ် ပါဝင်ခဲ့ခြင်းဖြစ် ကြောင်း သမိုင်းမှတ်တမ်းများတွင် လေ့လာခဲ့ရဖူးသည်။
ကျွန်တော်တို့ မွေတော်ကက္ကူစေတီစု ပရိဝုဏ်အတွင်း ဖြည်းဖြည်းချင်းလမ်း လျှောက် လေ့လာဖူးမြော်ခဲ့ရာ စေတီစုမြောက်ဘက်တွင် ရဟ္တာသိမ်တော် တည် ရှိပြီး မွေတော်ကက္ကူစေတီ၏ အနောက်ဘက်၌ ရွှေဝက်ကူးစေတီ တည်ရှိသည်ကို ဖူးမြော်ခဲ့ရသည်။ ရှေးခေတ်က ဤနေရာအနီးဝန်းကျင်တွင် ရွှေရောင်အဆင်းရှိသော ဝက်များ နေထိုင်ကျက်စားခဲ့ကြပြီး မွေတော်ကက္ကူဘုရားကို အမြဲလာရောက်ဖူး မြော်ကာ ထိန်းသိမ်းစောင့်ရှောက်ကြကြောင်း မှတ်တမ်းများအရ သိရသည်။ ရွှေ ဝက်များ ကူးချည် သန်းချည် သွားလာခဲ့သည်ကို အစွဲပြုပြီး ရွှေဝက်ကူးဘုရားဟု ခေါ်တွင်ခဲ့ခြင်းဖြစ်ပြီး အနီးဝန်းကျင်တွင်လည်း ရွှေဝက်များနေထိုင်ခဲ့ရာ ဂူတစ်ဂူရှိရာ  ရွှေဝက်ဂူဟုခေါ်ဆိုကြောင်း၊ ဂူအနီးတည်ထားသော ဘုရားတစ်ဆူကိုလည်း ရွှေဝက် ဂူဘုရားဟုခေါ်ဆိုကြကြောင်း ရှေးဟောင်းပအိုဝ်းပုရပိုက်စာတွင် တွေ့ရှိလေ့လာခဲ့ ဖူးသည်။
မှတ်တမ်းတင်
မွေတော်ကက္ကူဘုရားစု၏ အရေအတွက်ကို အလွယ်တကူမှတ်ယူနိုင်ရန် 'တောင် သူကွမ်းညှပ်၊ တဖြတ်ဖြတ်'ဟု မှတ်တမ်းတင်ထားခဲ့သည်ဖြစ်ရာ 'တောင်သူကွမ်း ညှပ်'စကားအရ စတည်စဉ်က စေတီပေါင်း ၇၆၂၃ ဆူရှိကြောင်း၊ 'တဖြတ်ဖြတ်' မှာ အသံကာရံလိုက်၍ ဖြည့်ထားသောစကားဖြစ်ကြောင်း သိရသည်။
မွေတော်ကက္ကူစေတီစုများထဲမှ ဖောင်တော်သိုက်စေတီ၏ ဂန္ဓကုဋိအနောက် ဘက် အုတ်နံရံတွင် မင်ဖြင့် မွေတော်ကက္ကူစေတီစု၏ အရေအတွက်ကို မှတ်တမ်း တင်ထားမှုအရ သက္ကရာဇ် ၁၂၉ဝ ပြည့်နှစ်တွင် ၂၅၄၈ ဆူရှိကြောင်း မှတ်သားခဲ့ရ သည်။ မွေတော်ကက္ကူစေတီကို စတင်တည်ထားခဲ့သည့် ဘီစီ ၃ဝ၇ မှ စတင်လျှင် နှစ်ပေါင်း ၂၃ဝဝ ကျော်ရှိခဲ့ပြီး ထပ်မံပြုပြင်တည်ထားခဲ့သည့် ပုဂံဘုရင်နရပတိစည်သူ မင်းလက်ထက် မြန်မာသက္ကရာဇ် ၅၃၇ ခုနှစ်မှ စတင်လျှင် နှစ်ပေါင်း ၈၂၅ နှစ်ရှိခဲ့ ပြီဖြစ်သည်။ မွေတော်ကက္ကူစေတီစု ပရိဝုဏ်အတွင်း ကြေးပိဿာ ၂၂ဝ ရှိသော ကြေးခေါင်းလောင်းကြီးမှာလည်း လွန်ခဲ့သော နှစ်ပေါင်း ၂၂၆ နှစ်ကြာက သွန်း လောင်းလှူဒါန်းထားခဲ့သည်ကို တွေ့ရသည်။ နောက်ထပ်ကြေးပိဿာ ၄၅ဝ ရှိသော ကြေးခေါင်းလောင်းတစ်လုံးကိုလည်း လွန်ခဲ့သော နှစ်ပေါင်း ၁၂ဝ ကျော်က လှူဒါန်း ထားခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရသည်။
ဝယ်ယူ
ကျွန်တော်တို့ မွေတော်ကက္ကူစေတီစုများကို လိုက်လံလေ့လာဖူးမြော်ပြီးနောက် ဘုရားပရိဝုဏ်အတွင်းမှ ပြန်ထွက်လာခဲ့ပြီး အနီးရှိမွေတော်ကက္ကူဘုရား  ဈေးသို့ သွားရောက်ခဲ့ကြသည်။ ညနေစောင်းနေပြီဖြစ်ရာ ဆိုင်အချို့သိမ်းနေကြပြီဖြစ်၍ ဈေးအဝင်ပေါက်အနီး မြေပြင်တွင် ရောင်းနေသော ဒေသထွက်ကုန်များကို လိုက်လံ ကြည့်ရှုလေ့လာမိသည်။ ကြက်သွန်ဖြူဥတစ်လုံး၊ လက်ဖက်ခြောက်၊ မြေပဲ၊ ပျားရည်၊ လိမ္မော်သီး၊ နေကြာစေ့များက ဈေးသက်သာသဖြင့် ဝယ်ယူခဲ့သည်။ အခြားဘုရား ဖူးများကလည်း ဝယ်ယူကြသည်ကို တွေ့ရသည်။
မွေတော်ကက္ကူဘုရားဈေးနှင့် မွေတော်ကက္ကူဘုရား ပရိဝုဏ်အကြားတွင် ကြီး မားသော သစ်ပင်ကြီးများ တွေ့ရသဖြင့် ပင်းတယဂူ အဝင်ကားလမ်းဘေးအနီး ညောင်ပင်ကြီးများကို သတိရမိသည်။ သက်တမ်းရင့်သစ်ပင်ကြီးများဖြစ်၍ ထူးခြား သော ပင်စည်ကြီးများနှင့် အကိုင်းများကြီးမားနေခြင်းဖြစ်ပြီး ဤဒေသတွင် ထူးထူး ခြားခြား ပေါက်ရောက်ရှင်သန်နေခြင်း ဖြစ်သည်။
မွေတော်ကက္ကူဈေးမှ ပြန်ထွက်လာပြီး ပြန်ရန်ကားပေါ်တက်ခဲ့သည်။ မွေတော် ကက္ကူဘုရားများဘက်သို့ လှမ်းပြီးဖူးမြော်လိုက်ရာ အမှောင်ရိပ်သိမ်းစပြုနေပြီဖြစ် သော်လည်း မွေတော်ကက္ကူစေတီစုများက လျှပ်စစ်မီးရောင်ကြောင့် ကြည်ညို သပ္ပာယ်စရာကောင်းနေသည်။ အအေးဓာတ်လွှမ်းခြုံလာသော ရှမ်းပြည်နယ် ညနေ ပိုင်းက အေးစိမ့်စိမ့်ဖြစ်လာသည်။ အပြန်လမ်းတစ်လျှောက် မွေတော်ကက္ကူစေတီစု ပုံရိပ်များက အာရုံထဲဝေ့ဝဲနေရာ အတွေးဖြင့် ဖူးမြော်မဆုံးဖြစ်နေဆဲ။ ကြည်ညိုပီတိ ပွားများနေဆဲ။    ။ မောင်မောင်မြင့်ဆွေ(မြန်​မာ့အလင်း)

No comments:

Post a Comment