Latest News

Saturday, January 27, 2018

သဘာဝအလှကိုမြင်တွေ့ခဲ့ရသည့် သီပေါမြို့သို့ အလည်တစ်ခေါက်

သဘာဝအလှကိုမြင်တွေ့ခဲ့ရသည့် သီပေါမြို့သို့ အလည်တစ်ခေါက်


သီပေါမြို့သည် ၁၉၆ဝ ပြည့်နှစ်  အစောပိုင်းကာလခန့်က  စော်ဘွားစဝ်ကြာဆိုင်နှင့် ကြင်ယာတော် သြစတြေးလျနိုင်ငံသူ မဟာဒေဝီမင်းသမီးတို့၏ အချစ်ဇာတ်လမ်း အကြောင်းကို ရေးသားထားသည့် Twilight over Burma: My life as a Shan Princessဝတ္ထုကြောင့် လူသိများသည့် မြို့တစ်မြို့ဖြစ်သည်။ သမိုင်းဝင် နေရာများ၊ ရှေးဟောင်းဘုရားများ၊ လှပသည့်ရှုခင်းများနှင့် သီပေါမြို့သည် ခရီးသွား များကိုဆွဲဆောင်နေသည့် ရှမ်းပြည်နယ်၏ မြို့တစ်မြို့ဖြစ်သည်။ ရှမ်းစော်ဘွားများ နန်းစိုက်ခဲ့သည့် ထိုမြို့ကလေးသို့ ခရီးတစ်ခေါက် ရောက်ဖြစ်ခဲ့သည်။
သမိုင်းဝင်ခဲ့သည့် အဓိကနေရာ
သီပေါစော်ဘွားစဝ်ကြာဆိုင်နှင့် မိသားစုများ နေထိုင်ခဲ့သည့် သီပေါဟော်နန်းမှာ သီပေါမြို့၏ အဓိက ခရီးသွားဆွဲဆောင်မှုတစ်ခု ဖြစ်နေသည်။ သမိုင်းဝင်ခဲ့သည့် အဓိကနေရာဖြစ်၍ မဖြစ်မနေ ဝင်ရောက်လည်ပတ်သင့်သော နေရာတစ်ခုလည်း ဖြစ်သည်။ သို့ရာတွင် ဟော်နန်းကို နံနက် ၉ နာရီမှ ၁၂ နာရီအထိနှင့် ညနေ ၃ နာရီမှ ၅ နာရီအထိအတွင်းသာ ဖွင့်၍ အချိန်ကိုက်ရောက်အောင် သွားဖို့တော့ လိုသည်။
သီပေါမြို့အနီးတစ်ဝိုက်တွင် ပုဂံဘုရားများကဲ့သို့ တစ်စုတစ်စည်းတည်း ရှိနေသည့် ရှေးဟောင်းဘုရားများကြောင့်    Little   Bagan   ဟု   တင်စားခေါ်ဝေါ်သည့် နေရာသို့လည်း ရောက်ရှိခဲ့သည်။ အဆိုပါနေရာသို့ သီပေါဟော်နန်းမှတစ်ဆင့် စက်ဘီးစီးပြီးဖြစ်စေ၊ လမ်းလျှောက်၍ဖြစ်စေ သွားနိုင်ပြီး မိနစ် ၂ဝ ခန့်သာကြာမြင့်ကာ တစ်ဆက်တည်း သွားရောက်လည်ပတ်နိုင်သည့် နေရာတစ်ခုဖြစ်သည်။ သီပေါရောက် လျှင်ဝင်ရမည့် အခြားနေရာတစ်ခုမှာ သီပေါမြို့နယ် ဘော်ကြိုကျေးရွာတွင်ရှိသည့် ဘော်ကြိုဘုရားဖြစ်သည်။ သီပေါမြို့၏ ကျက်သရေဆောင်ဘုရားဆိုလည်း မမှားပေ။
သိမ်တောင်ပေါ်က နေဝင်ချိန်
သီပေါမှာ နေဝင်ချိန်ကြည့်ရန်အတွက် နေရာကောင်းများစွာရှိသည့်အနက် သိမ် တောင်မှာ နေဝင်ချိန်ကြည့်ရန် အကောင်းဆုံးဖြစ်သည်။ Sunset Hill  ဖြစ်သည့် သိမ်တောင်ပေါ်မှ မြင်တွေ့ရသည့်  နေဝင်ချိန်သည် ဒုဋ္ဌဝတီမြစ်နှင့် လိုက်ဖက်စွာ ပနံသင့်လှသည်။
မြို့ပြ၏မွန်းကျပ်မှုအောက်မှ လုံးဝခွဲထွက်သွားပြီး တကယ့်သဘာဝအလှများကို မြင်တွေ့ရမည့် သီပေါမြို့အနီး လွယ်ပန်းဆေး(သဇင်တောင်)ပေါ်မှ Tree House ကိုလည်း မရောက်မဖြစ် သွားရောက်သင့်သည်။ ယခုအခါ ပြည်တွင်းပြည်ပ ခရီးသွား များ စိတ်ဝင်စားလာသည့် ခရီးစဉ်တစ်ခုလည်းဖြစ်သည်။
သဇင်တောင်  Tree House ခရီးစဉ်
ခရီးစဉ်အတွက်တော့ သီပေါမြို့မှ Mr. Bike(ခ)ကိုပလောင်က စီစဉ်ပေးခဲ့သည်။ သမားရိုးကျခရီးစဉ်များမှ ကွဲထွက်နေသော စိတ်လှုပ်ရှားစရာကောင်းသည့်ခရီး စဉ် တွင် ပထမဆုံး သီပေါမြို့မှ ပိန်းဆိုင်းရွာအထိ နံနက် ၉ နာရီမှ စတင်ကာ ကားဖြင့်သွား ရသည်။ ထိုမှတစ်ဆင့် အထမ်းသမားအဖွဲ့ရှိသည့် ပန်လန်းရွာအထိ တစ်နာရီခွဲ လမ်း လျှောက်ရသည်။ Tree House  ကိုရောက်ရန် ခြောက်နာရီကြာ လမ်းလျှောက်ရ မည်ဖြစ်သည်။ ခရီးလမ်းတစ်လျှောက် ပိန်းဆိုင်းနှင့် ပန်လန်းဟူသော ရှမ်းရွာလေး နှစ်ရွာကို ဖြတ်သွားကြရသည်။
ပန်လန်းရွာမှထွက်သည်နှင့် ၄၅ မိနစ်လောက် လမ်းလျှောက်ပြီး နေ့လယ်စာစား ရမည့် စမ်းချောင်းလေးနံဘေးကို ရောက်သည်။ နေ့လယ်စာစားပြီး ဆက်ထွက်သည် နှင့် အတက်ချည်းဖြစ်သည်။ ခပ်ပြေပြေလေးတက်ရသလို အချို့နေရာတွင် မတ်မတ် တက်ရတာလည်းရှိပြီး တောင်ခါးပန်းတစ်လျှောက် လမ်းလျှောက်ရသည်များ လည်းရှိသည်။ လမ်းတစ်လျှောက် တောတောင်များကို ဖြတ်သန်းရသည်။ ဆွတ်ပျံ့ သည့် တောတောင်ရနံ့များက ရင်ထဲအထိ စွဲကျန်ရစ်ကာ မွန်းတည့်ချိန်အထိ လျော့ မသွားသည့် အအေးဓာတ်၊ မြူနှင်းများအကြားမှ သာယာလှပသည့် တောင်ပေါ် လက်ဖက်ခင်းများ၊ တောနေကြာနှင့် ရှုမျှော်ခင်းများ၊ တောင်တန်းများ၊ တောင်ကျ ရေသံတဝေါဝေါကြားနေရသဖြင့်  သက်ဝင်လှုပ်ရှားနေသည့်   သဘာဝပန်းချီ ကားကြီးထဲ လမ်းလျှောက်ရသကဲ့သို့ ခံစားရသည်။
ခရီးစဉ်၏ ထူးခြားချက်
ခရီးစဉ်ကို စတင်မသွားမီကပင် ကျောပိုးအိတ်ထဲသို့ ပလတ်စတစ်အိတ်များကို ခရီးသွားအေဂျင်စီက ထည့်ပေးထားသည်။ လမ်းခရီးတစ်လျှောက် စားကြွင်းစား ကျန်နှင့်  အမှိုက်ဟူသမျှကို  လမ်းတွင်မစွန့်ပစ်ဘဲ  သတ်မှတ်ထားသည့်နေရာတွင် မီးရှို့ရှင်းလင်းခဲ့ရသည်မှာ  ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အတုယူစရာပင် ဖြစ် သည်။ သဘာဝပတ်ဝန်းကျင်ကို အခြေခံသော ခရီးသွားလုပ်ငန်းများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးရမည်။ ထိန်းသိမ်းရမည်။ လူတို့၏ပယောဂ ကြောင့် သဘာဝအလှတရားများ မပျက်စီးသင့်ပေ။ ထိုသို့သော အလေ့အထကို လူတိုင်းလိုက်နာနိုင်ကြလျှင် ကျွန်တော်တို့၏ ဝန်းကျင်တွင် သဘာဝအလှတရား များ ဝေဆာနေမည်ထင်မိသည်။
သီပေါမှ နံနက် ၉ နာရီသာသာက ထွက်ခဲ့သည့် စာရေးသူတို့အဖွဲ့သည် နေ့လယ် စာကို ၁၂ နာရီခွဲလောက်မှာ စားပြီး တောင်ပေါ်ကtree house  သို့ ညနေ ၅ နာရီသာသာမှ ရောက်ခဲ့သည်။ စုစုပေါင်း ရှစ်နာရီလောက် လမ်းလျှောက်လိုက်ရပြီး ထိုအထဲမှ လေးနာရီခန့်မှာ တောင်တက်လမ်းချည်းဖြစ်သည်။ ရောက်ရောက်ချင်းတွင် ပင်ပန်းနွမ်းလျသည့် ခရီးကို အောင်မြင်မှုက အနိုင်ယူလိုက်ပြီဆိုသည့် ခံစားမှုကြောင့် ကျေနပ်ရသလို  မြင်တွေ့ရသည့် သဘာဝရှုခင်းများကလည်း ရင်သပ်ရှုမောဖွယ် စိတ်ခံစားမှုကို ပြေပျောက်စေသည်။
သစ်ပင်ပေါ်တွင် ဆောက်လုပ်ထားသည့် အိမ်သုံးလုံးကိုတွေ့ရသည်။ အဆိုပါနေရာ သို့ ရောက်ရှိနေသည့် နိုင်ငံခြားခရီးသွား အများအပြားကိုလည်း တွေ့ရသည်။ သီပေါ မြို့၏ သဘာဝအတိုင်း တည်ရှိနေသည့် ရေမြေတောတောင် အလှတရားများနှင့် အေးချမ်းလှသည့် ရာသီဥတုကို နိုင်ငံခြားသားခရီးသွားများ၏ အကြိုက်ပင်ဖြစ်နေ သည်။ ခရီးသွားရင်း သဘာဝအလှတရားများကို အပြည့်အဝ ခံစားနေကြသည်။
တောင်ပေါ်ည
ညစာကို ရေနံဆီမီးတိုင်လေးများထွန်းညှိပြီး စားရသည်။ လထွက်လာသည်ကို ကြည့်၍   ကြည်နူးမှု   အပြည့်အဝ  ခံစားရသည်။  တောင်ပေါ်ညက  လှသည်။ ကောင်းကင်ယံတွင် ကြယ်များ ရေတွက်ရင်း မီးပုံလေးမှာ မီးလှုံကြသည်။ ဒေသထွက် ဆန်အရက်ပြင်းရှရှလေး သောက်ကြရသည်။ ဝါးဆစ်ခွက်လေးများဖြင့် ရေနွေး သောက်ကြသည်။ လျှပ်စစ် မီးလုံးဝမရှိဘဲ တောထဲမှာနေရသည့် သဘာဝအရသာကို အပြည့်အဝ ခံစားရသည်။ စွန့်စားခရီးသွားလိုသူများ ခံစားရမည့် စိတ်အာရုံပင်ဖြစ်သည်။
အပြန်ခရီး
တောထဲတွင် ညပိုင်း အိပ်စက်အနားယူပြီး နံနက် ၆ နာရီထိုးသည်နှင့် ခရီးစဉ် တစ်ခု လုံး၏ အနှစ်သာရရှိသော အချိန်တစ်ချိန်ဖြစ်သည့် နံနက်ခင်း နေထွက်ချိန်ကို အားရ ပါးရ ခံစားလိုက်ရသည်။ Sunrise ကြည့်ပြီးသည်နှင့် နံနက်စာ ပူပူနွေးနွေးနှင့် ကော်ဖီပူပူလေးကို စားသောက်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကြကာ အလာလမ်း အတိုင်း ပြန်ဆင်းခဲ့ကြသည်။ ပြန်ဆင်းချိန်မှာ စုစုပေါင်း ငါးနာရီခန့်သာ ကြာမြင့် သည်။ ထို့နောက် သီပေါမြို့မှ နာမည်ကြီး Pop corn  အော်ဂဲနစ် စားသောက်ဆိုင်တွင် ညစာစားသောက်ကြပြီးနောက် ခရီးစဉ် အဆုံးသတ်ခဲ့တော့သည်။     ။ ဇင်ဦး(မြန်မာ့အလင်း)

No comments:

Post a Comment