Latest News

Wednesday, January 17, 2018

မြောက်ဦးဖြစ်စဉ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစည်းအဝေးတက်ရောက် အမှာစကားပြောကြား ဖြစ်စဉ်ကို ခုံရုံးဖွဲ့ စစ်ဆေးမည်!



နေပြည်တော် ဇန်န၀ါရီ ၁၇

ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်း၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်တင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူစုလူဝေးဖြင့် အကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်းသားများ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ခြင်းအတွက် ဝမ်းနည်းမိပါကြောင်း၊ ဖြစ်စဉ်၊ ဖြစ်ရပ် အမှန်ကို အမြန်ဆုံး စစ်ဆေးဖော်ထုတ်ပြီး ဥပဒေချိုးဖောက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် ဖြစ်ကြောင်း နှင့် တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေးကို အလေးထား ဆောင်ရွက်ရန်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နှင့် ရဲချုပ်အောင်ဝင်းဦး တို့က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် ရသေ့တောင်မြို့၊ မေယုရင် သွီး လူမှုကူညီရေးအသင်းမှ ဦးဆောင်၍ စာပေဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် နှင့် စာရေးဆရာ ဝေဟင်အောင် တို့ ပါဝင် ဟောပြောခဲ့ကြကြောင်း။

စာပေဟောပြောပွဲတွင် စာရေးဆရာ ဝေဟင်အောင် (ခ) အောင်ကျော်ဝင်း က “ရခိုင်ပြည်နယ် အချုပ်အခြာ အာဏာ ကျဆုံးသွားသည်မှာ နှစ်ပေါင်း ၂၃၃ နှစ် ရှိခဲ့ပြီး လူမျိုးဆက် (၅) ဆက် ခန့် ကင်းကွာခဲ့ကြောင်း၊ နိုင်ငံရေးတွင် လက်ဝါးဖြန့်တောင်း၍ မရသောကြောင့် လက်ညှိုးကွေးပြီး တောင်းသည့် အဖွဲ့ ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် ထွန်းမြတ်နိုင် ဦးဆောင်သော AA တပ်မတော်သည်လည်း ရခိုင်နိုင်ငံတော် နှင့် အချုပ်အခြာ ပြန်လည် ရရှိရေး၊ ဗမာ့ ကျွန်အဖြစ်မှ လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်လျက် ရှိကြောင်း၊ ရသေ့တောင်မြို့နယ်သူ၊ မြို့နယ်သားများအနေဖြင့်လည်း ဗမာ့ ကျွန်အဖြစ်မှ လွတ်မြောက်ရန် အားလုံးတွင် တာဝန်ရှိကြောင်း၊

ယခုအချိန်သည် နိုင်ငံရေးအကျပ်အတည်း ဖြစ်နေသည့် အချိန်ကာလ ဖြစ်နေ၍ မိမိတို့အတွက် အခွင့်အရေး သာနေသော အချိန်ဖြစ်ကြောင်း၊ ဗမာ့ကျွန်ဘဝမှ လွတ်မြောက်နိုင်ရေးနှင့် လွတ်လပ်ရေး ရရှိရေးအတွက် တော်လှန်တိုက်ခိုက်ရန် အချိန်ကောင်းဖြစ်ကြောင်း၊ အားလုံးပါဝင်ကြရန် လိုအပ်ကြောင်း” စသည်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့ကြောင်း။

ထို့နောက် ဒေါက်တာအေးမောင်ကလည်း “ဗမာများအနေဖြင့် ရခိုင်လူမျိုးများကို ဗမာ့ကျွန် အဖြစ်လောက်သာ ထားရှိပြီး တန်းတူ အခွင့်အရေး မပေးကြောင်း၊ အချုပ်အခြာအာဏာရရှိရေးအတွက် နည်းလမ်း ၂ ခု သာ ရှိကြောင်း၊ လက်နက်ကိုင် တော်လှန်ရေးနည်း နှင့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များ ရှိကြောင်း၊ မိမိမှာ နောက် တစ်နည်းဖြစ်သော လူထုဗဟိုပြု နိုင်ငံရေး နည်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ နိုင်ငံရေး အားနည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်း လိုကြောင်း၊ နောက်နှစ်များစွာ ရောက်တိုင်းမှာ အချုပ်အခြာ အာဏာပြန်လည် ရယူလိုရေး စိတ်ဓာတ်မွေးရန်၊ လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုဗဟိုပြု နိုင်ငံရေးအားလုံး၏ ပန်းတိုင်သည် အချုပ်အခြာ အာဏာကို ပြန်လည် ရယူနိုင်ရေးသာ ဖြစ်ကြောင်း၊ လူထုကို စည်းရုံးခြင်း၊ လက်နက်ကိုင် တော်လှန်ခြင်းတို့ ပြုလုပ်ပြီး အာဏာရယူရန် နည်းမျိုးစုံဖြင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲပြီး ရည်မှန်းချက် ပန်းတိုင်သို့ သွားနေခြင်း ဖြစ်ကြောင်း၊ ယခုလို ဟောပြောပွဲများ ကျင်းပခြင်းဖြင့် တစ်မျိုးသားလုံး ထားရှိသင့်သည့် ရည်မှန်းချက်ပန်းတိုင်ကို သိရှိပြီး အမျိုးသားရေးတစ်ရပ်အနေဖြင့် ပါဝင် ကူညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း” ပြောကြားခဲ့ကြောင်း။

မြောက်ဦးမြို့နယ် နန်းတော်ရာကုန်း၌ ပြုလုပ်မည့် ဟောပြောပွဲတွင် ဆင်အိုးကြီးကျောင်းတိုက် ဆရာတော် နှင့် ဒေါက်တာအေးမောင်တို့ ဟောပြောမည့် ကိစ္စနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဇန်နဝါရီ ၁၅ ရက်နေ့ ရက်စွဲဖြင့် ဟောပြောပွဲ ပြုလုပ်မည့် နေရာ၊ အဆောက်အအုံ တို့ကို စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက် ရယူဆောင်ရွက်စေရန်၊ လိုက်နာဆောင်ရွက်ခြင်း မရှိက ဥပဒေနှင့်အညီ အရေးယူရန် အကြောင်းကြားခဲ့ပါကြောင်း။

ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မြောက်ဦးဌာနခွဲ) မှ လည်း ဇန်နဝါရီ ၁၅ ရက်စွဲပါ စာဖြင့် အခမ်းအနား ကျင်းပမည့် နေရာသည် ရှေးယခင် မြောက်ဦးဘုရင် နန်းတော် ဖြစ်ခြင်း နှင့် အမျိုးသားအမွေအနှစ်ဖြစ်၍ နန်းတော်ရာကုန်းပေါ်တွင် သက်ဆိုင်ရာ ဌာနများ၏ ခွင့်ပြုချက် ရယူခြင်း မရှိဘဲ ကျင်းပနေမှုအား ခွင့်မပြုနိုင်ပါကြောင်း နှင့် အခမ်းအနား မပြုလုပ်ရန် ညှိနှိုင်း မေတ္တာရပ်ခံကြောင်း အခမ်းအနား ကျင်းပရေးကော်မတီသို့ ကြိုတင်အကြောင်းကြားခဲ့ကြောင်း။

ဇန်နဝါရီ ၁၆ ရက် ဟောပြောပွဲပြုလုပ်မည့် အချိန် ညနေ ၆ နာရီခွဲခန့်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဟောပြောခြင်းအား ခွင့်မပြုကြောင်း တားမြစ်ခဲ့ရာ ဟောပြောပွဲ ကျင်းပရေးအဖွဲ့မှ အခမ်းအနားတွင် ထွန်းညှိထားသော မီးဖြတ်တောက်ခဲ့သဖြင့် ဟောပြောပွဲ လာရောက်သူ ပရိသတ် ၄၀၀ ဦးခန့်မှ စတင်စုဝေးအော်ဟစ်မှုများဖြစ်ပွားခဲ့ကြောင်း။

ည ၇ နာရီခန့်တွင် မြောက်ဦးမြို့သူ၊ မြို့သား အင်အား ၄၀၀ ဦးခန့် စုဝေး ရောက်ရှိလာပြီး စာပေဟောပြောခွင့် ပြန်လည်ကျင်းပခွင့်ရရှိရေး အော်ဟစ်ကြွေးကြော်ကာ ကုန်သည်တန်းလမ်းမှ တစ်ဆင့် နန်းတော်ရာကုန်းသို့ ရောက်ရှိလာခဲ့ကြကြောင်း။

ည ၈ နာရီခွဲခန့်တွင် နန်းတော်ရာကုန်း၌ လူအင်အား ၅၀၀၀ ခန့် စုဝေး ရောက်ရှိလာခဲ့ကြပြီး ရန်ကုန်-စစ်တွေ ကားလမ်းအတိုင်း “ရခိုင်ပြည်နယ်လွတ်မြောက်ရေး ဒို့အရေး” ဟု အော်ဟစ်ကြွေးကြော်၍ ခရိုင်ရုံး တည်ရှိရာသို့ လမ်းလျှောက် ဆူပူဆန္ဒပြမှုများ ပြုလုပ်ခဲ့ရာ ည ၉ နာရီကျော်တွင် အင်အား ၁၀၀၀၀ ခန့် ဖြစ်လာခဲ့ကြောင်း။

ထိုသို့ လူစုလူဝေး ဖြစ်လာခဲ့ခြင်းကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် ခရိုင်ဥပဒေ အရာရှိတို့သည် လူစုခွဲရန် Hand Speaker များဖြင့် ၁၅ ကြိမ်ခန့် သတိပေးတားမြစ်ခဲ့ရကြောင်း။

ထိုသို့ သတိပေးတားမြစ်နေချိန်တွင် လုံခြုံရေးတာဝန်ယူထားသော ရဲတပ်ဖွဲ့ဝင် ၂ ဦးထံမှ သေနတ်အား လူယူရန် ကြိုးစားခြင်း၊ လေးခွ၊ အုတ်ခဲကျိုး၊ ကျောက်ခဲများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ပေါက် ဆဲဆို ရန်ပြုလာပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးရုံးခြံဝန်းတံခါးအား ရိုက်ချိုးဖျက်ဆီးပြီး ခရိုင်ရုံး ဝန်းအတွင်းသို့ လူစုလူဝေးများ ဝင်ရောက်လာခဲ့ကြောင်း။

အဆိုပါ အော်ဟစ်ဆန္ဒပြခဲ့ကြသည့် လူစုလူဝေးထဲမှ အချို့သည် ခရိုင်ရုံး နိုင်ငံတော်အလံတိုင်တွင် အသင့်ပါလာသည့် ရခိုင်ပြည်နယ်အလံကို လွှင့်ထူခဲ့ကြကြောင်း။

ကျန်လူစုလူဝေးသည် ခရိုင်အုပ်ချုပ်ရေးမှူး ရုံးအတွင်းဝင်ရောက်၍ ရုံး ကုလားထိုင်များ၊ မှန်တံခါးများ နှင့် သံဘယ်ရီဂိတ်၊ စစ်ဆေးရေးဂိတ် အကာအရံများ၊ စုပေါင်းရုံးမှ ဝရန်တာများ၊ မီးချောင်း များကို ရိုက်ချိုး ဖျက်ဆီးခဲ့ပြီးနောက် ခရိုင်အရာရှိများ စီးနင်းအသုံးပြုသည့် မော်တော်ယာဉ် ၄ စီး နှင့် ရုံးဝန်ထမ်းများ အသုံးပြုသည့် မော်တော်ဆိုင်ကယ် ၅ စီးတို့အား ထပ်မံရိုက်ချိုး ဖျက်ဆီးခဲ့ကြကြောင်း။

ထိုအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက တုတ်/ဒိုင်း များဖြင့် လူစုခွဲခဲ့သော်လည်း ဆက်လက် အကြမ်းဖက်မှုများ ပြုလုပ်လာသည့်အတွက် ခရိုင် စီမံခန့်ခွဲရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် ဘီအေ-၆၃ မောင်းပြန်ရိုင်ဖယ်ဖြင့် အချက် ၂၀ ခန့်၊ ၁၂ ဗို့ ပြောင်းချော သေနတ်ဖြင့် အချက် ၄၀ ခန့် အပေါ်သို့ ထောင်၍ သတိပေးပစ်ခတ်ခဲ့ရကြောင်း။

ထိုသို့ ဥပဒေနှင့်အညီ တားဆီးခဲ့သော်လည်း အကြမ်းဖက်လာသည့် လူစုလူဝေးထဲမှ အချို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်ထားသည့် လက်နက်များအား လုယူရန် ကြိုးစားလာသဖြင့် တာဝန်ရှိသူများမှ ကျည်စစ်၊ ကျည်မှန်များဖြင့် ပစ်ခတ်ရမည်ဖြစ်ကြောင်း အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း။

အကြိမ်ကြိမ် သတိပေးတားမြစ်နေချိန်အတွင်း အကြမ်းဖက်လာသည့် လူစုလူဝေးသည် ပိုမို ဆိုးရွားစွာလုပ်ဆောင်လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လူစုလူဝေး အတွင်းသို့ တီ-၅၆ နှင့် ဘီအေ-၉၄ သေနတ်တို့ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း။

ထိုသို့ လူစုလူဝေးအား ရှင်းလင်းခဲ့မှုကြောင့် မြောက်ဦးမြို့ ဗန္ဓုလရပ်ကွက်နေ ညီပု (၃၃ နှစ်) ပါ အမျိုးသား ၇ ဦး သေဆုံးခဲ့ကြောင်း နှင့် ဆင်ချဆိပ်ရွာနေ မောင်အောင်နိုင် (၁၉ နှစ်) ပါ အမျိုးသား ၁၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရကြောင်း။

ည ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် သေဆုံးသူ ၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂ ဦးတို့ကို တာဝန်ရှိသူများက မြောက်ဦး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း။

ဇန်နဝါရီ ၁၇ ရက် နံနက် ၁ နာရီခွဲခန့်တွင် ဘုရားပေါ်ကျေးရွာနေ အောင်ဌေး (၁၉ နှစ်) ပါ အမျိုးသား ၅ ဦးတို့ကို စစ်တွေဆေးရုံသို့ လွှဲပြောင်းကုသရန် ပို့ဆောင်ခဲ့ရကြောင်း၊ လူစုလူဝေးက ကျောက်ခဲများ၊ လေးခွများဖြင့် အကြမ်းဖက်ပစ်ခတ်မှုကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင် ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုအချိန်ထိ မြောက်ဦးဆေးရုံ၌ ထိခိုက် ဒဏ်ရာရရှိသူ ၄ ဦး နှင့် စစ်တွေဆေးရုံ၌ ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦး ဆေးဝါးကုသလျက်ရှိကြောင်း။

မြောက်ဦးမြို့ ဖြစ်စဉ်တွင် လူစုလူဝေးအား ရဲတပ်ဖွဲ့က တားဆီးလူစုခွဲရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ရုံး အဝင်တံခါး ဖျက်ချိုး ဝင်ရောက်လာပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ခရိုင်ရုံးဝန်းအတွင်း လူစုလူဝေးမှာ အရေအတွက် ၄၀၀၀ ခန့်အထိ များပြားလာပြီး ထိန်းသိမ်းရသည့် ရဲတပ်ဖွဲ့ဝင် အင်အားမှာ ၃၀ ဦးခန့်သာ ရှိခဲ့ကြောင်း၊

ဦးဆောင်လှုံ့ဆော်သူများနှင့် ပါဝင်ပတ်သက်သူများကို ဆက်လက် ဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အရပ်သား သေဆုံးမှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းတွင် သေမှုသေခင်း ဖွင့်ထားပြီး ဖြစ်ကြောင်း၊

ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များသည် လုပ်ထုံးလုပ်နည်း နှင့် ညီညွတ်မှု ရှိ/မရှိ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းစစ်ဆေးသွားမည် ဖြစ်ကြောင်း။

ရသေ့တောင်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စာရေးဆရာ ဝေဟင်အောင် အား ဥပဒေနှင့်အညီ အမှုဖွင့် ဆောင်ရွက်ထားပြီး ဒေါက်တာအေးမောင်အား ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက လူစုလူဝေးနှင့် လုံခြုံရေး အစီအစဉ်များ စီမံခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် က ပြည်နယ်အတွင်း ဆောင်ရွက်မည့်အစီအမံများနင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သတင်းထုတ်ပြန်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခ နှင့် စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကြိုတင် စီမံဆောင်ရွက်မည့် ကိစ္စရပ်များကို ၀ိုင်းဝန်း ဆွေးနွေး အကြံပြုကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းတင်ပြချက်များ အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။
နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး

No comments:

Post a Comment