Latest News

Friday, January 5, 2018

ထရမ့်လက်ထက် အ မေ ရိ ကန် နှင့်ဆက် ဆံ ရေး ပိုမို ဆိုးရွား လာသည့် ပါကစ္စတန်

ထရမ့်လက်ထက် အ မေ ရိ ကန် နှင့်ဆက် ဆံ ရေး ပိုမို ဆိုးရွား လာသည့် ပါကစ္စတန်

ဒုတိယကမ္ဘာ စစ်ပြီးနောက်ပိုင်း ၁၉၇ဝ ပြည့်နှစ်ဝန်းကျင်မှစ၍ အမေရိကန်နှင့်  ပါကစ္စတန် ဆက်ဆံရေး အကောင်း ဆုံး အနေအထား တစ်ခုသို့ ရောက်ရှိခဲ့သည်မှာ ၂ဝ၁၁ ခုနှစ် အိုစမာဘင်လာဒင်  အသတ်မခံရမီ ကာလ အထိဟု အကြမ်းဖျင်း ဆိုရမည်ဖြစ်သည်။ သို့သော် ၂ဝ၁ဝ ပြည့်နှစ် ဝန်းကျင်တစ်ဝိုက်၌ အမေ ရိကန်နှင့်  ပါကစ္စတန်တို့ဆက်ဆံရေး  အဆင်မပြေ ဖြစ်ကာ   အိုဘားမားလက်ထက်   သမ္မတနှစ်ဆက် တင်းမာမှုအရှိန်နှင့် ယခုထရမ့်လက်ထက် တင်းမာမှုက ပါကစ္စတန်တို့ကို အမေရိကန်တို့က နောက်ထပ်အလို မရှိဆိုသည့်အနေအထားတစ်ခုအထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။  ထိုကြားထဲ   စကားကိုအမြဲလိုလိုမဆင်မခြင် ပြောတတ်သည့် ထရမ့်ကြောင့် အခြေအနေက ပိုဆိုးလာကာ ပါကစ္စတန်ကို တရုတ်ဆီသို့ တွန်းပို့ပေးနေသကဲ့သို့ ဖြစ်နေသည်။

၂ဝ၁၈  ခုနှစ်  နှစ်သစ်ကူးပြီးနောက်  ပထမနေ့ (တနင်္လာနေ့)တွင်ပင် ထရမ့်က တွစ်တာ၌  Tweet  တစ်ခုတင်ခဲ့ သည်။ ပါကစ္စတန်ကို အမေရိကန်အစိုးရက လွန်ခဲ့သည့်ဆယ်စုနှစ်များကတည်းက ကူညီခဲ့သည်မှာ အမေရိကန် ဒေါ်လာ ၃၃ ဘီလီယံကျော်အထိရှိခဲ့သည်။ သို့သော်လည်း  အမေရိကန်တို့  ပါကစ္စတန်တို့ ဆီမှ မည်သည့် အကူအညီမျှ ပြန်မရခဲ့ပေ။ ထိုထက်ဆိုးသည်က အာဖဂန်နစ္စတန်၌  အမေရိကန်တို့  တိုက်နေသည့်  တာလီဘန်များကို  ပါကစ္စတန်က ၎င်းတို့ထောက် ပံ့နေ သည့်ငွေကြေးများနှင့် အကြမ်းဖက် သမားများကို ပြန်လည် ထောက်ပံ့ ပေးနေသည်ဟု ထရမ့်ကရေးခဲ့သည်။

ထရမ့်ရေးပြီး နာရီပိုင်းအတွင်းမှာပင် ထို Tweet ကို Retweet  လုပ်သူ သိန်းချီရှိသွားပြီး  ချက်ချင်းပင် နာမည်ကြီး သွား သည်။  ထိုအချိန်တွင် ပါကစ္စတန်၌လည်း အစိုးရ အသိုင်းအဝိုင်းတစ်ခုလုံး အုတ်အော် သောင်းတင်းဖြစ် သွားပြီး  အစိုးရ ကက်ဘိနက်ဝန်ကြီး အစည်းအဝေးကိုပင်  ချက်ချင်းခေါ်ခဲ့ရသည် အထိဖြစ်သည်။ ထို့ပြင် အစ္စလာမ် မာဘတ်၌ရှိနေသည့် ပါကစ္စတန် နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကို   ဝန်ကြီးချုပ်  အဘာစီက  ချက်ချင်း ဆင့်ခေါ်ကာ    သတိပေးပြီး နိုင်ငံခြားရေး ဝန်ကြီး  အာဆစ်ဖ်ကလည်း ဝန်ကြီးချုပ် နှင့်တွေ့ကာ အခြေ အနေကို ဆွေးနွေးခဲ့ရသည်။ ထို့နောက် နိုင်ငံခြားရေးဝန်ကြီး အာဆစ်ဖ်၏ Tweet က ထပ်မံပေါ်ထွက်လာကာ အမေရိကန်တို့အား ပါကစ္စ တန်က  နောက်ထပ်အလိုမရှိတော့ ဆိုသည့်စာသားကို တင်ခဲ့သည်။

ထို့ပြင် ပါကစ္စတန်ဆိုသည်မှာ အမေ ရိကန် တို့ ထင်သကဲ့သို့ အကြမ်းဖက် သမားများကို ထောက်ခံပေးနေသည့် နိုင်ငံ မဟုတ်ကြောင်းနှင့် ပြီးခဲ့သည့် ၁၆ နှစ်ကျော် ကာလလုံးလုံး   အယ်လ်ကိုင်ဒါများကို အမေရိကန်တို့နှင့် လက်တွဲကာ နှိမ်နင်းခဲ့ကြောင်း  ရေးသားပြီး  ထရမ့်က အာဖဂန်တွင် ရှုံးနေသည့် အမေရိကန် စစ်ကြောင့်   ပါကစ္စတန်ကို စွပ်စွဲခြင်းဟုပင် တန်ပြန်ခဲ့သည်။ ထို့ပြင် အမေရိကန်တို့က   အာဖဂန်၌  လက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်တိုက်နေခြင်းထက်  တာလီဘန် တို့နှင့် ငြိမ်းချမ်းရေး လမ်းစဉ်ကို ပိုမိုဦးစားပေးသင့်သည် ဟုပင် အကြံပြုခဲ့သည်။  ယခုနောက်ပိုင်း ပါကစ္စတန် တို့၏ အတွေးထဲတွင် အမေရိကန်တို့သည်  ၎င်းတို့ထက် ၎င်း၏ရန်သူတော် အိန္ဒိယနှင့်  ပိုမိုဆက်ဆံလိုသည်ဟု ထင်နေသည်။  

ထို့ကြောင့်လည်း   နောက်ပိုင်းတွင် ပါကစ္စတန်တို့သည် အမေရိကန်ထက်   တရုတ်နှင့် အနီးကပ် ပိုမို ဆက်ဆံနေခြင်းဖြစ်သည်။ အာဖဂန်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ် ပါဝင်လာခြင်းကြောင့်    ပါကစ္စတန်တို့ အကြိုက်ဖြစ်ခဲ့သည်။ ပါကစ္စတန်၏လုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေဖြစ်သည်ဟု  ပါကစ္စတန်တို့ ထင်ရသည့် အဓိက အကြောင်းရင်းမှာ  အာဖဂန်ငြိမ်းချမ်းရေးတွင် အိန္ဒိယကလည်း အင်အားပိုမိုသုံးစွဲကာ ပူးပေါင်းပါဝင် နေခြင်းဖြစ် သည်။

ထိုအချက်ကပင်  ပါကစ္စတန်ကို စစ်ပြုရန် သို့မဟုတ် အကြမ်းဖက်ရန် အိန္ဒိယတို့အခြေ စိုက်စခန်း တစ်ခုတည် ဆောက်နေခြင်းဟု ပါကစ္စတန်တို့က မြင်နေကြသည်။ ထရမ့်ကလည်း  ထိုရန်ဘက်နှစ်ဦးအနက်  အိန္ဒိယ ဘက်ကိုချီးကျူးပြီး ပါကစ္စတန်ကို အကြမ်းဖက်အားပေးသူ အဖြစ်  ဗြောင်ဖွင့် ပြောခဲ့ခြင်းကြောင့်  ပါကစ္စတန်တို့ အတွက် ပိုမိုဒေါသထွက်စရာဖြစ်ကာ ယခုတစ်ကြိမ်နှင့် ဆိုလျှင် ထရမ့်က ပါကစ္စတန်ကို  တိုက်ခိုက်သည်မှာ နှစ်ကြိမ်ရှိသွားပြီဖြစ်သည်။ သမိုင်းကိုပြန်ကြည့်မည်ဆိုလျှင် အိန္ဒိယနှင့် ပါကစ္စတန် တို့ဖြစ်ခဲ့သည့်စစ်ပွဲများတွင် အမေရိကန်တို့ ပါကစ္စတန်ကို အလုံးအရင်းဖြင့် အကူအညီပေးပြီး ၎င်းတို့၏ ရေငုပ် သင်္ဘောကိုပင်  အိန္ဒိယကိုတိုက်ခိုက်ရန် ပါကစ္စတန် ဘက်သို့ အသုံးပြုခွင့်ပေး ခဲ့သည်။ ထိုအချိန် အိန္ဒိယ၏သွေးသောက်မဟာမိတ်က ရုရှားဖြစ်သည်။

ယခုအချိန်ထိ အိန္ဒိယ စစ်ဘက်ကို အဓိကထောက်ပံ့ပေးနေသည့် နိုင်ငံသည် ရုရှားဖြစ်နေပြီး အိန္ဒိယတို့၏ ဟိုက်ပါ ဆောနစ်ဒုံးပျံ နည်းပညာကိုပင်   ရုရှားနှင့် ပူးတွဲ တည်ထောင်ထားကာ နောက်ဆုံး   ဂျက်တိုက်လေယာဉ်အုပ်စုများအထိဖြစ်သည်။ သို့သော်  ယခုပါကစ္စတန် အရေးတွင် အိန္ဒိယနှင့် အမေရိကန်တို့က တစ်ဖက်၊ ပါကစ္စတန်နှင့် တရုတ် တို့က တစ်ဖက်ဖြစ်နေကာ ပါကစ္စတန်ကို အမေရိကန် တို့ လက်လွှတ်လိုက်ရမည်ဟု ဆိုနိုင်သည်အထိ  ဖြစ်သည်။ ယခု ပါကစ္စတန်တို့ အဓိကလည်ပတ်နေသည်က တရုတ်တို့၏   အဓိကစီမံကိန်းများဖြစ်ကာ  တရုတ် အတွက် ပါကစ္စ တန်က စစ်ရေးအတွက်ရော စီးပွားရေး  အတွက်ပါ အလွန်အရေးပါနေသည်။

အနာဂတ်တွင် အိန္ဒိယတို့ပိတ်ပစ်လာနိုင်သည့် အိန္ဒိယ သမုဒ္ဒရာအသုံးပြုခွင့်ကို မျှော်မှန်းပြီး  ဖြတ်လမ်းမှ ပါကစ္စ တန်ကို  အသာစီးရစေရန်  တရုတ်တို့ ဗျူဟာပိုင်း အရ   သိမ်းသွင်းလိုက်ခြင်းဖြစ်သည်။  ယခု ပါကစ္စတန် နှင့် တရုတ် တိုက်ရိုက်ပိုက်လိုင်းများ သွယ်တန်းနေကြပြီး ထိုပိုက်လိုင်းများကြောင့် သယ်ယူပို့ဆောင်ရေးအတွက်   အိန္ဒိယသမုဒ္ဒရာကို  ဖြတ်သန်းစရာလိုတော့မည်မဟုတ်ပေ။ ထို့ပြင်   တရုတ်နှင့်ပါကစ္စတန်  အပြန်အလှန် ကုန်သွယ်ရေးတန်ဖိုးကလည်း အမေရိကန်ဒေါ်လာ  ၁၃ ဒသမ ၉ ဘီလီယံအထိ ရောက်ရှိလာကာ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် ၃၈ ခုကိုလည်း   လက်မှတ်ထိုး ထားကြ သည်။ သို့သော် အမေရိကန်နှင့် ပါကစ္စတန် ကုန်သွယ်ရေးက အမေရိကန်ဒေါ်လာ  ၅ ဘီလီယံ ကျော် ကျော်သာ ရှိတော့သည်။  နောက်ပိုင်းတွင်  နှစ်နိုင်ငံဆက်ဆံရေးအဆင်မပြေမှုများကြောင့် ပိုမို လျော့ကျလာမည့် အလားအလာများပင် ရှိလာသည်။

ထရမ့်ကလည်း ယင်းစကားလုံးများကို ဗျူဟာအနေ ဖြင့် အသုံးပြုနေခြင်းလား သို့မဟုတ် အမှန်တရားကို ပြောချိန်တန်သောကြောင့်  ပြောခြင်းလားဆိုသည်ကို မည်သူမျှမသိနိုင်ပေ။  သိနိုင်သည်က   အမေရိကန်နှင့်  ပါကစ္စတန် ဆက်ဆံရေး က  စကားလုံးစစ်ပွဲများကြောင့် အဆိုးဆုံးအခြေအနေ တစ်ခုသို့ ရောက်ရှိနေပြီ ဆိုသည့် အချက်ဖြစ်သည်။ အမေရိကန်တို့က  အာဖဂန်၌လည်း   အရှုံးနှင့် ရင်ဆိုင်ရ၊ ပါကစ္စတန်သံတမန်ဆက်ဆံရေးတွင်လည်း အရှုံးနှင့် ရင်ဆိုင် နေရပြီး အာရှ ရေးရာတွင်လည်း တဖြည်းဖြည်း   အင်အားဆုတ်ယုတ် လာသည်ဟုဆို ရမည်ဖြစ်သည်။ ယခု ထရမ့် လက်ထက် အာဖဂန်အရေးက ပို၍ ပင်ဆိုးလာ ဦးမည်ဖြစ်သည်။

နိုင်ငံခြား အကူအညီပေး ရေးမူဝါဒက  အမေရိကန်ကို အားနည်း စေသည်ဟု  သတ်မှတ်ထားသည့် ထရမ့်ကြောင့် အာဖဂန်၌ ရှိသည့် ၎င်း၏ နေရာများကို အိန္ဒိယနှင့် တရုတ်ကို အစားထိုးရန်  စဉ်းစားနေခြင်းကြောင့်ဖြစ်သည်။ ထိုသို့ဆိုလျှင်   တာလီဘန်တို့အင်အားက ပိုမို အားကောင်းလာမည်ဖြစ်ကာ အာဖဂန်၏ အနာဂတ် လုံခြုံရေး ပိုမို ဆိုးရွား လာမည်ဖြစ်သည်။     သို့သော် အမေရိကန်စစ်တပ်  အာဖဂန်မှထွက်ခွာရန်    အချိန် အတိုင်းအတာတစ်ခု အထိ ယူရဦးမည်ဖြစ်သည်။ ထိုထက် ဆိုးသည်က အမေရိကန်နှင့် ပါကစ္စတန် ဆက်ဆံရေးကောင်းရန် ထရမ့်လက်ထက် နောက်ထပ် အချိန်မည်မျှ ယူရဦးမည်ဆိုသည်ကို မခန့်မှန်းနိုင် သေးကြောင်း ရေးသား တင်ပြ လိုက် ရပါသည်။    ။         ရှိန်းထက်(MWD)

No comments:

Post a Comment