Latest News

Saturday, January 6, 2018

မြောက်ကိုရီးယား၌ ထောင်ကျခဲ့သော အမေရိကန် ၅ ဦးအကြောင်း-အပိုင်း -၂


ယနေ့အထိ အမေရိကန် ၁၆ ဦးအား မြောက်ကိုရီးယားက ဖမ်းဆီးထောင်ချခဲ့သည်။ ယနေ့အထိ ၃ ဦးထောင်ထဲတွင် ရှိနေဆဲ...။
ထိုအမေရိကန်တို့သည် အလုပ်ကြမ်းနှင့် ထောင်ထဲတွင် မည်ကဲ့သို့ နေခဲ့ရပါသနည်း?
****************************************
"မင်းတို့ အမေရိကန်အစိုးရ ငါတို့စကားနားထောင်ရင် ငါတို့အစိုးရက မင်းကို ပြန်လွှတ်ပေးမယ်.."
ထိုစကားမှာ အမေရိကန်များအား ထောင်ထဲမဝင်ခင် မြောက်ကိုရီးယားအရာရှိက ပြောနေကျစကားဖြစ်သည်။
ဥပဒေဆိုသည် သမ္မတလက်ထဲမှာရှိသည်။ သူကြိုက်သလို စွပ်စွဲသည်။ သူစိတ်ကျေနပ်လျှင် ပြန်လွှတ်ပေးမည်။
မြောက်ကိုရီးယားထောင်ကျခဲ့သော အမေရိကန်နိုင်ငံသားအားလုံး အလုပ်ကြမ်းအနည်းငယ် လုပ်ရသော်လည်း နှိပ်စက်ခြင်းကို မခံရပါ...။
အမေရိကန်တို့အားဖမ်းထားသော မြောက်ကိုရီးယားအစိုးရ၏ ရည်ရွယ်ချက်သည် အမေရိကန်နှင့် နိုင်ငံရေးအပေးအယူကိစ္စများ ပြုလုပ်ချင်၍ သက်သက်ဖြစ်သည်။
သူတို့ ထောင်မှပြန်လွတ်လျှင် ကမ္ဘာကို သူတို့အကြောင်းပြောမည်ကို သိနေသည်။ ထို့ကြောင့် အတတ်နိုင်ဆုံး ဖုံးဖုံးဖိဖိနေသည်။
****************************************
🌟နံပါတ်-တစ် မှ အမေရိကန်- ကိုရီးယားလူမျိုး မိန်းမငယ်နှစ်ဦးသည် ထောင်ဒဏ် ၁၂ နှစ် ဟုဆိုသော်လည်း ထောင်ထဲ၌ ၁၄၀ ရက်သာ နေခဲ့ရသည်။
ထိုစဉ်က မြောက်ကိုရီးယား အစိုးရသည် ကင်မ်ဂျောင်အီလ် (Kim Jong-il) ဖြစ်သည်။ သူက သည်လိုပြောခဲ့သည်။
အမေရိကန်သမ္မတ Bill Clinton ကိုယ်တိုင် မြောက်ကိုရီးယားသို့ လာလည်၍ သူတို့ကို ရိုးရာဓလေ့ နှုတ်ဆက်သည့်အတိုင်း သူ့အား ခါးကိုင်း၍ နှုတ်ဆက်လျှင် ပြန်လွှတ်ပေးမည်ဟု... ။
ထိုသို့ အပေးအယူလုပ်ရာ သမ္မတကလင်တန်က သဘောတူခဲ့သည်။
****************************************
🌟နံပါတ်-နှစ် မှ အမုန်းခံရဆုံး Bae သည်ပင် အမှန်တကယ် ၁၅ နှစ် မနေရဘဲ ၇၃၅ ရက်သာ နေခဲ့ရသည်။ ၂၀၁၄ နိုဝင်ဘာ ၈ ရက်တွင် မြောက်ကိုရီးယားမှ လွတ်မြောက်ခဲ့သည်။
ထိုသို့လွတ်မြောက်ရန် အမေရိကန်အစိုးရ အိုဘားမား (Barack Obama) နိုင်ငံရေး သဘောတူညီချက်တချို့ ပေးဆပ်လိုက်ရသည်။
****************************************
🌟နံပါတ်-သုံး မှ Miller ...။
သူသည်လည်း ထောင်ထဲ၌ ၂၁၂ ရက်သာနေခဲ့ပြီး မြောက်ကိုရီးယား ယခုလက်ရှိ အစိုးရကင်မ်ဂျောင်အန် (Kim Jong-un) ၏လက်ထဲမှ သမ္မတအိုဘားမားက ကယ်တင်ခဲ့သည်။
သူသည်လည်း Bae နှင့်အတူ တစ်နေ့တည်း လွတ်မြောက်ခဲ့ပြန်သည်။
****************************************
🌟 နံပါတ်လေးမှ Fowle လည်း အမေရိကန်အစိုးရ အိုဘားမား၏ အကူအညီဖြင့် ၁၇၆ ရက်သာ ထောင်ထဲတွင် နေခဲ့ရသည်။
***************************************
မြောက်ကိုရီးယားတွင် ဖမ်းဆီးထားသော ( အမေရိကန်နိုင်ငံသားမဟုတ်သည့်) တောင်ကိုရီးယားစစ်စစ်များ ဘယ်နှယောက် ပြန်လွတ်သနည်း..?
တစ်ယောက်မှ ပြန်မလွတ်ပါ။ သေသည်ရှင်သည်တောင် မသိရ...။
သူတို့သည် တောင်ကိုရီးယားနိုင်ငံကို သူတို့၏ရန်သူဟု သတ်မှတ်ထားသည်။
တောင်ကိုးရီးယားကတော့ ပြောင်းပြန်ဖြစ်သည်။ မြောက်ကိုရီးယားမှ ပြေးဝင်လာသူများအား ကြိုဆိုသည်။ ပြည်ပြေးများ စားဝတ်နေရေးပြေလည်အောင် အဖက်ဖက်မှ ကူညီသည်။ မြောက်ကိုးရီးယားအား နှစ်စဉ်ထောက်ပံ့သည်။
****************************************
မြောက်ကိုရီးယားအစိုးရသည် အမေရိကန်နိုင်သားတို့အား ပြဿနာရှာ ဖမ်းဆီးအကြပ်ကိုင်သောနည်းဖြင့် ငွေကြေးအထောက်အပံ့..နျူကလီးယား ညှိနှိုင်းဆွေးနွေးမှု စသည်တို့ကို အမြတ်ထုတ်သည်။
ထို့နောက် နိုင်ငံခြားသားများအား အလည်လာရန် ထပ်၍ ဖိတ်ခေါ်သည်။
အမှတ်မရှိသူ အမေရိကန်တို့က ထပ်သွားလည်သည်။
****************************************
မြောက်ကိုရီးယားလူမျိုးများကို အပြင်မှာ တွေ့ချင် ... မြင်ချင်နေကြသူများတွင် Warmbier ....ဆိုသည့် အမေရိကန်ကျောင်းသားလေးတစ်ယောက်လည်း ပါဝင်ခဲ့သည်။
ထိုကျောင်းသားလေး၏ အဖြစ်ဆိုးမှုသည် မြောက်ကိုရီယားတို့၏ ရက်စက်မှု ပြယုဂ်ဖြစ်သည်။
****************************************
Warmbier သည် နိုင်ငံတကာ သွားရောက်လည်ပတ်နေသည့် စပ်စပ်စုစု ကောင်လေးတစ်ယောက်ဖြစ်သည်။
ချမ်းသာသောမိဘများမှ ပေါက်ဖွားလာသောကြောင့် အပူအပင်မရှိ ကြီးပြင်းလာသူ။
သူ့ဘဝသည် ၂၀၁၅ နှစ်အကုန် ၂၀၁၆ နှစ်သစ်အကူးတွင် မြောက်ကိုရီးယားနိုင်ငံ၌ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွား တော့မည်ဆိုသည်ကို ကြို၍မသိခဲ့ရှာပေ...။
****************************************
သူ့နာမည် အပြည့်အစုံသည် Otto Frederick Warmbier ဖြစ်ပါသည်။
၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက် မွေးဖွားသူဖြစ်၍ မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်သည့် ၂၀၁၅ ခုနှစ်တွင် သူသည် အသက် ၂၁ နှစ်အရွယ်သာ ရှိသေးသည်။
***************************************
၂၀၁၅ ခုနှစ် ၁၂ လပိုင်း ၂၉ ရက်
Warmbier သည် Young Pioneer Tours ကုမ္ပဏီဖြင့် မြောက်ကိုရီးယားသို့ ၅ ရက်ခရီး အလည်သွားခဲ့သည်..။
ဒါ နောက်ဆုံးခရီးလို့ ဆုံးဖြတ်ပြီး နှစ်ဆန်းမှာ မိသားစုဆီပြန်ဖို့ ဆုံးဖြတ်ခဲ့သော Warmbier သည် ရင်နင့်ဖွယ်ရာ နွေးထွေးသော မိခင်အိမ်သို့ ထိုနေ့က ပြန်မလာနိုင်တော့ချေ..။
၁၇ လအကြာတွင် Warmbier ပြန်လာသည်။
မြောက်ကိုရီးယားသည် Warmbier ၏ သေခါနီးအလောင်း ပြန်ပို့လိုက်ခြင်းဖြင့် အမေရိကားကို စိန်ခေါ်လိုက်သည်။
****************************************
Warmbier ၏ ဦးနှောက်တစ်ခုလုံး၏ တစ်ရှူးများ ပျက်ဆီးနေသည်။ မျက်လုံးပွင့်နေသော်လည်း မျက်ဆံက မလှုပ်ရှားတော့ပါ..။ မျက်တောင် ခတ်ပါသည်။ သို့သော် မည်သူက ဘာပြောပြော နားလည်တုန့်ပြန်မှုမရှိတော့ပါ။ ဤအခြေအနေကို Coma အခြေအနေဟု ခေါ်သည်။
၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် အသက် ၂၃ နှစ်ရှိသော Warmbier သည် သေဆုံးသွားသည်။
အမေရိကန်နိုင်ငံပြန်အရောက် ၆ ရက်အကြာတွင် သေဆုံးသွားခြင်းဖြစ်သည်။
ကျန်းကျန်းမာမာ Warmbier သည် မည်ကဲ့သို့သော အဖြစ်ဆိုးများကို ရင်ဆိုင်ခဲ့ရပါသနည်း?
****************************************
၂၀၁၅ ဒီဇင်ဘာ ၃၁ ရက်
ပြုံယန်းမြို့ (Pyongyang)
Warmbier နှင့် သူငယ်ချင်းတို့သည် ပြုံယန်းမြို့ရှိ ယန်ဂတ်ဒိုဟိုတယ် (Yanggakdo International Hotel ) တွင် တည်းနေကြသည်။
ထိုဟိုတယ်၏ ၅ လွှာမြောက်သည် တည်းခိုသူများ မဝင်ရပါ။ လျှို့ဝှက်အခန်းဖြစ်သည်။ လူငယ်များသည် ထို အထပ်တွင် ဘာတွေရှိနေမည်နည်း သိလိုကြသည်။
ထိုအခန်းထဲကို ခိုးဝင်သူက ပြောပြသည်။
"စာတွေ ရေးထားတယ်ဗျာ ... ကျွန်တော်တို့လည်း ကိုရီးယားလိုမဖတ်တတ်တော့ မသိဘူး"
***************************************
မြောက်ကိုရီးယားနိုင်ငံ နှစ်ကူးပွဲက စိတ်ဝင်စားဖို့ ကောင်းလှသည်။
မိန်းမပျိုများ ကနေကြသည်။
မီးရှူးမီးပန်းများက စိတ်လှုပ်ရှားစရာ..!
Warmbier နှင့် သူငယ်ချင်းတို့သည် ပျော်ရွှင်စွာ မြောက်ကိုရီးယား ပြည်တွင်းဖြစ်အရက်ကိုသောက်၍ ကခုန်နေကြသည်။
***************************************
ဇန်နဝါရီလ ၁ ရက်၂၀၁၆ နှစ်သစ်ကူးနေ့ မနက် ၁ နာရီ ဖြစ်သည်။
Warmbier နှင့် Danny သူငယ်ချင်းနှစ်ယောက်တို့သည် ဟိုတယ်သို့ နားရန် ပြန်လာခဲ့သည်။
ဟိုတယ် ၂ လွှာတွင် သူတည်းသောအခန်းရှိသော်လည်း စပ်စုလိုသော Warmbier သည် သူတစ်ယောက်တည်း ၅ လွှာကို လှေကားဖြင့် တက်၍ကြည့်ခဲ့သည်။
၅လွှာသည် တိတ်ဆိတ်နေသည်။ ပန်းချီကားများကအနည်းငယ်ကြောက်ဖို့ကောင်းသည်။ လူငယ်ပီပီ ပိုစတာတစ်ခုကို ဖြုတ်ယူ၍ သူငယ်ချင်းများအားပြမည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း လေးလံသဖြင့် မယူနိုင်ဘဲ ပြန်ထားလိုက်ပြီး သူတည်းသည့်အခန်းသို့ ပြန်လာခဲ့သည်။
ထိုပိုစတာသည် ကိုရီးယားလိုရေးထား၍ ဘာအဓိပ္ပာယ်မှန်း သူ မသိပါ။ စပ်စုလိုစိတ်ကြောင့် ဖြစ်သည်။
သို့သော် ထိုပိုစတာထဲတွင် သမ္မတနာမည် ပါနေသည်။ အပြစ်ကြီးသည်။
****************************************
Danny နှင့် Warmbier သူတို့နှစ်ယောက် မနက်ဖြန် အိမ်ပြန်ရမည်ဖြစ်သည်။
Warmbier သည် လေယဉ်ပျံပေါ်မတက်ခင် အထွက်တံဆိပ်ရိုက်နှိပ်ရန် လေယာဉ်ကွင်း လူဝင်မှုကြီးကြပ်ရေးတွင် တန်းစီနေစဉ် ရဲအမှုထမ်းနှစ်ယောက်က လာရောက်ဖမ်းဆီးသွားသည်။
****************************************
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်
မြောက်ကိုရီးယားမှ Warmbier အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ကျစေမည့်အကြောင်း အမေရိကန်နိုင်ငံသို့ အသိပေးလိုက်သည်။
****************************************
"ကျွန်တော်ဟာ Methodist Church (ဂျွန်ဝက်စလေ၏ ဩဝါဒကို ခံယူသူတို့၏ ခရိယာန်ကျောင်း)ကပါ ...အဲဒီ ခရစ်ယာန်ကျောင်းက poster ကို ခိုးခိုင်းပါတယ်”
Warmbier ၏အဖေက မြောက်ကိုရီးယားတို့ ဘယ်အထိဆက်လိမ်မည်သိချင်၍ နှုတ်ဆိတ်နေခဲ့သည်။
Warmbier ၏ မိသားစုသည် ဂျူးလူမျိုးများဖြစ်ကြသည်။ သူတို့ဓလေ့အရ ရဟူဒီဘုရားရှိခိုးကျောင်း (Synagogue Church) ကိုသာတက်ကြသည်။
အခြား ခရစ်ယာန်ကျောင်းများကို လုံးဝမသွားသည့် အမေရိကန်ရှိ ဂျူးလူမျိုးစစ်စစ်ဖြစ်သည်။ ထို့အပြင် Warmbier သည် ခရစ်ယာန်ဘာသာ အသင်းဝင်တစ်ယောက်ပင်မဟုတ်...။
မြောက်ကိုရီးယားတို့၏ လုပ်ဇာတ်..။
“ပို့စ်တာ ခိုးပေးရင် ကျွန်တော့်ကို ဒေါ်လာတစ်သောင်းတန် တပတ်ရစ် ကားတစီးဝယ်ပေးမယ်လို့ ပြောလို့ ခိုးမိပါတယ်...., “
ဟု Warmbier က သူ့ကိုယ်သူ သူခိုးဖြစ်ပါသည်ဟု မြောက်ကိုရီးယား၌ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့သည်။
အရက်မူး၍ မှားမိသည်။ သူတစ်ပါးနိုင်ငံ၏ စည်းကမ်းကို မလိုက်နာမိသော အပြစ်ရှိသည်။ သို့သော် ထိုအပြစ်မှာ အလုပ်ကြမ်းနှင့် ထောင်နှစ်ရှည်ချရလောက်အောင် မကြီးပါ... ။
ထို့ကြောင့် ကြိုတင်ကြံစည်မှုဖြင့် ခိုးယူပါသည်ဟု ပြောဆိုစေခြင်းဖြင့် Warmbier အပြစ်ကို ပိုကြီးစေပါသည်။
Warmbier ၏ အဖေက "ကျွန်တော့်သား ဒေါ်လာ တစ်သောင်းလိုလို့ ဒီအလုပ်လုပ်တယ်..? အတော် ရယ်ရတာပဲ။ သားဟာ ခရစ်ယာန်အသင်းဝင်တောင် မဟုတ်ပါဘူး။ ဇာတ်လမ်းကို ယုတ္တိရှိအောင် ဖန်တီးကြပါဦး..."
သည်တစ်ခါတော့ အမေရိကန်အစိုးရ အိုဘားမားသည် သူ့အား မကယ်တင်နိုင်ခဲ့။
မြောက်ကိုရီးယားသမ္မတ ကင်မ်ဂျောင်အန်းက အတော့်ကို တင်းမာနေခဲ့သည်။
အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့် တက်လာချိန်တွင် သူ၏ကြိုးပမ်းမှုကြောင့် ပြန်ခေါ်နိုင်ခဲ့သော်လည်း အလွန်နောက်ကျသွားလေပြီ။
****************************************
ထိုစဉ်က Warmbier သည်လိုပြောခဲ့သည်။
"Please save my life !”..,
" ကျွန်တော့်ဘဝကို ကယ်တင်ပါ.."
ထိုအသုံးအနှုန်းသည် အမေရိကန်၌မွေးဖွား၍ အင်္ဂလိပ်စာကျွမ်းကျင်သောသူများ ထောင်ကျလျှင် ပြောဆိုသော စကားအသုံးအနှုံးမဟုတ်ပါ။ အင်္ဂလိပ်စာ ညံ့သောသူများ အသုံးအနှုန်း( Bad English) ဖြစ်သည်။
တကယ့် အင်္ဂလိပ်အသုံးအနှုန်းမှာ ....
"Please help me!”
"Please save me!”
“I fear for my life” ...ဟု ရိုးရိုးစင်းစင်း ပြောလေ့ရှိသည်။
မြောက်ကိုရီးမှ ထုတ်လွှင့်သော Warmbier ၏ သတင်းစာရှင်းလင်းပွဲတွင် Warmbier က "Please save my life !”.., ဟု ပြောလိုက်သောအခါဝယ် ကမ္ဘာအရပ်ရပ်မှ မြောက်ကိုရီးယားတို့ရေးပေးသော စာများကို အလွတ်ကျက်၍ ပြောခဲ့သည်ကို ချက်ချင်းသိသွားတော့သည်။
Warmbier ပြောသောစကားများသည် အာမေဍိတ်သံ စသည်တို့ လုံးဝမပါ။ အမေရိကန်လူမျိုးတစ်ယောက် သဘာဝအလျှောက် ပြောသောစကားများမဟုတ်ကြောင်း ... ကြောက်ကြောက်ဖြင့် သရုပ်ဆောင်နေခြင်းဖြစ်ကြောင်း အင်္ဂလိပ်စာကျွမ်းကျင်သူတို့က အတည်ပြုခဲ့သည်။
****************************************
"ကမ္ဘ္ဘာကို လိမ်ပြန်ပြီ.."
"လူတွေကို မင်းတို့လို အရူးတွေများ ထင်နေကြလား?
"အရှက်မရှိတဲ့ကောင်တွေ..!"
"Please save my life ???"
ထိုသတင်းအောက်တွင် ထို့ထက်ဆိုးသော ကွန်မန့်များအား အမေရိကန်ပြည်အပါအဝင် ကမ္ဘာအရပ်ရပ်မှ ရေးကြတော့သည်။
****************************************
ဘာပဲဖြစ်ဖြစ် Warmbier အား သူခိုးဟု မြောက်ကိုရီးယားက ကမ္ဘာကို ကြေညာလိုက်သည်။
ခိုးသည်ဟုပြောရအောင် Warmbier သည် ထိုပိုစတာကို ဖြုတ်ရုံပဲ ဖြုတ်ခဲ့ခြင်းဖြစ်သည်။ ထိုနေရာ၌ ပြန်ထားခဲ့သည်။
သို့သော် Warmbier သူခိုး!
သူတို့သည် Warmbier အား အမျိုးမျိုးနှိပ်စက်ခဲ့ပုံရသည်။ ဦးနှောက်ပျက်သည်အထိ ဆေးတစ်မျိုးမျိုးကို သုံးခဲ့သည်။ အလွန်ကြောက်လန့်ခဲ့ပုံရသည်ဟု Warmbier ၏ မိသားစုက ပြောကြားခဲ့သည်။
Warmbier ဟာအိပ်ဆေးတစ်မျိုးကိုသုံးခဲ့တာကြောင့် ဒီလိုဖြစ်ရတာပါဟု မြောက်ကိုရီးယားက လိမ်လည်ခဲ့သော်လည် မည်သည့်အိပ်ဆေးမှ သဲလွန်စမရှိပါ...။
****************************************
Warmbier ၏ ဈာပနာ အား သောင်းနှင့်ချီသော ကျောင်းသားများ လိုက်ပို့ခဲ့ကြသည်။ အမေရိကန်တို့၏ ကြေကွဲမှုမှာ အထွတ်အထိပ်သို့ရောက်ခဲ့သည်။
သမ္မတဓာတ်ပုံတောင်မဟုတ် သမ္မတနာမည်ပါသော ပိုစတာအား ဖြုတ်မိသော Warmbier ၏ဘဝမှာ ထိုကဲ့သို့ အဆုံးသတ်ခဲ့ပါသည်။
****************************************
ထိုအကြောင်းအရာနှင့်ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံရှိ နိုင်ငံရေးအကျဉ်းထောင်ထဲတွင် ၁၀ နှစ် နေဖူးသူ မြောက်ကိုရီးယား ပြည်ပြေးတစ်ယောက်ဖြစ်သော ဂန်ချောလ်ဝှန်အား အင်တာဗျူးခဲ့သည်။
သူက သမ္မတဓာတ်ပုံ သို့မဟုတ် အမည်နာမနှင့်ပတ်သက်၍ သည်လိုပြောပြသည်။
****************************************
ကျွန်တော်တို့ ထောင်ထဲမှာ ထောင်သားအချင်းချင်း တွေ့ကြရင် "ဘာလို့ထောင်ထဲရောက်လာတာလဲလို့" မေးကြတာ နှုတ်ဆက်တဲ့စကားတစ်ခုလိုပေါ့..။
တစ်ယောက်က ဒီလိုပြောပြတယ်ဗျ...။
တစ်နေ့ သူနဲ့ သူ့မိန်းမ ရန်ဖြစ်ကြတယ်တဲ့ဗျာ။ သူက စိတ်ဆိုးပြီး မိန်းမကို ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်တယ်။ အဲဒါ သမ္မတကြီး ကင်မ်အီလ်ဆောင်းရဲ့ ဓာတ်ပုံကိုထိပြီး ကွဲသွားလို့ဗျာ ...ထောင်ထဲရောက်လာတာ...။
အခြားတစ်ယောက်ကတော့ သမ္မတပုံရှိတဲ့ သတင်းစာကို ဆေးလိပ်လုပ်သောက်မိလို့.. ။
ကျွန်တော်တို့နိုင်ငံမှာ အိမ်တိုင်း သမ္မတတို့ရဲ့ဓာတ်ပုံ မချိတ်မနေရဥပဒေ ပြဋ္ဌာန်းထားတယ်။
အမေးအမြန်းမရှိ ... တရားရုံးမတင်ဘဲ ထောင်တန်းချလို့ရတဲ့ ၁၀ ချက်ထဲမှာ "သမ္မတတွေဓာတ်ပုံကို အမြတ်တနိုးမထားသူ..." ဆိုတဲ့ အချက်ပါတယ်...။
ဖုန်တက်ရင်တောင် ထောင်ချလို့ရပါတယ် … အရမ်းဂရုစိုက်ရတယ်။
ကျွန်တော်တို့ သမ္မတတွေကို ဘုရားသခင်တွေလို ကိုးကွယ်မှတ်ယူထားကြရပါတယ်..။
****************************************
"ကျွန်တော်တို့ မြောက်ကိုရီးယားနိုင်ငံသားတွေအထဲမှာ အခြားတိုင်းပြည်ကသူတွေရဲ့ စေတနာကို တကယ်နားလည်နိုင်တဲ့ ဗဟုသုတရှိသည့်လူက လူနည်းစုပဲရှိတယ်ဗျ။ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက သမ္မတကြီးက ကယ်တင်ရှင်လို့ သင်ထားရတာ။ သူ ဘာပဲလုပ်လုပ် အများစုက ကျေနပ်ကြပါတယ်.." ဟု မြောက်ကိုရီးယားပြည်ပြေး ဂန်ချောလ်ဝှန်က ပြောခဲ့သည်။
****************************************
ကမ္ဘာအရပ်ရပ်မှ လူတွေ ပြောနေကြသည်...။ မြောက်ကိုရီးယားပြည်သူတွေသည် စက်ရုပ်တွေလို ပြုံးနေကြသည်တဲ့...။
ကျွန်မတော့ ထိုကဲ့သို့ မထင်ပါ..။ ရိုးသားသော မြောက်ကိုရီးယားတို့သည် သူတို့ဘဝတွင် နေသားကျ၍ ပျော်နေကြပေလိမ့်မည်။
ကျွန်မတို့ မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးအောက်တွင် ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ ကြီးပွားတိုးတက်နေသူများ ထုနဲ့ဒေး ရှိခဲ့သည်။ သူတို့ ပျော်ပါသည်။ အထက်တန်းစားလူတန်းစားဟု သတ်မှတ်ခံရသော ခရိုနီကြီးများ အများကြီးရှိပါသည်။
လူလတ်တန်းစားက အထက်တန်းစားကို ဖားပြီး လုပ်ကျွေးနေလျှင် ပြဿနာမရှိနိုင်ပါ။ ပျော်ရွှင်စွာ နေနိုင်ကြပါသည်။ လာဘ်ထိုးသူ လာဘ်ယူသူ အချင်းချင်း အဆင်ပြေနေကြပါသည်။
ဒုက္ခရောက်သူများကတော့ လူအများစုဖြစ်သည်။ သူတို့ကတော့ လူဆင်းရဲတွေဖြစ်သည်။ သူတို့သည်သာ နွားလိုရုန်းကြရသည်။ သို့ပေမယ့်လည်း တချို့သူတို့သည် ရရစားစားဘဝနှင့်ပင် ပျော်နေကြသည်။ ဟန်းဖုန်းတစ်လုံး ကိုင်ခွင့်ရလျှင် ကျေနပ်ပြီ...။ လူ့အခွင့်အရေးတွေ ဘာတွေ လာမပြောနှင့် စိတ်ရှုပ်သည်။
သည်လို နောင်အနာဂတ်ကို မတွေးတတ်အောင် စနစ်ကျကျ ရိုက်ချိုးပြီးသားဖြစ်သည်...။
သူတို့ဘဝ သူတို့ ဝမ်းနည်းဖို့နေနေသာသာ သူတို့ကို စာနာတဲ့အကြည့်နဲ့ ကြည့်ရင်တောင် အရိုက်ခံရဦးမည်ဖြစ်သည်..။
****************************************
ထိုနည်းတူပင် မြောက်ကိုရီးယားနိုင်ငံသား အများစုအား သနားစိတ်ဖြင့် ကူညီမည်ဟု သွားသောသူများ မုချ အဖမ်းခံရမည်ဖြစ်သည်။
ပြည်သူ ပြည်သားတို့ကလည်း သူတို့ချစ်သော သမ္မကြီးနှင့် သွေးခွဲသည်ဟု စိတ်ဆိုးကြမည်ဖြစ်သည်။
အမေရိကန်သူငယ်ချင်းတွေက ကျွန်မကို သည်လိုပြောကြသည်.." နင် သုံးသပ်ဆွေးနွေးတဲ့အမြင်က ငါတို့မတွေးနိုင်တဲ့ အမြင်တွေနော်.." တဲ့ ..။
မတူပါ..ကျွန်မတော့ မြောက်ကိုရီးယားပြည်သူတွေကို အမေရိကန်တွေလို အလွန်ဆန်းကြယ်စွာ မအံ့ဩတော့ပါ။ သူတို့လိုလည်း မြောက်ကိုရီးယားသို့ သွားမလည်ချင်ပါ။
အဘယ်ကြောင့်ဆိုသော် ကျွန်မ သူတို့ထက်စာလျှင် မြောက်ကိုရီးယားလူမျိုးများအား ပိုနားလည်ပေးနိုင်၍ ဖြစ်သည်..။
ကျွန်မတို့ဘဝတွေ ကျွန်မတို့ မြန်မာနိုင်ငံအခြေအနေသည် မြောက်ကိုရီးယားနိုင်ငံကဲ့သို့ အခြေအနေမဆိုးခဲ့သော်လည်း ဆင်တူသည်များရှိနေ၍ သိပ်မဆန်းတော့ခြင်းဖြစ်သည်....။
သို့သော် ကျွန်မတို့ သည်လိုဘဝမျိုးတွေအထိအဖြစ်မဆိုးအောင် သတိထားရမည် ဖြစ်ပေသည်။
***************************************
🌟၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် နေ့လည် ၃ နာရီ ၁၁ မိနစ်.....
မြောက်ကိုရီးယားစစ်သားတစ်ယောက် ရုတ်တရက် နေ့ခင်းကြောင်တောင် နယ်ခြားစည်းကို ဂျစ်ကားတတန် ခြေတတန်ဖြင့် ဖြတ်ကျော်၍ တောင်ကိုရီးယားနိုင်ငံထဲ ပြေးဝင်လာခဲ့သည်။
သေနတ်ဒါဏ်ရာ ငါးချက်ရထားသည်။
သူသည် အလယ်အလတ် စားနိုင်သောက်နိုင်သော အရာရှိတစ်ယောက်၏သားဖြစ်သည်။ သူ၏ သေနတ်ဒဏ်ရာများကို တောင်ကိုရီးယားမှ ဆေးကုခဲ့စဉ် သူ၏ဗိုက်ထဲမှ တုတ်ကောင်များ အလွန်များပြားစွာ ထွက်လာ၍ ဆရာဝန်မှာ လန့်သွားခဲ့သည်။ ဗိုက်ထဲမှ တုတ်ကောင်များကို လက်နှစ်ဖက်ဖြင့်ကျုံး၍ ဖယ်ထုတ်ခဲ့ရသည်ဟု ဆိုသည်။
ထိုတုတ်ကောင်များမှာ သေနတ်ဒဏ်ရာနှင့်မဆိုင်ပါ။ မသန့်ရှင်းသောအစားအစားများ မကျက်သေးသော အသားများကို စား၍ ဖြစ်ပေါ်ခြင်းဖြစ်သည်။
ယခုအခါ ထိုစစ်သား၏ ကျန်းမာရေးမှာ အထူးတိုးတက်နေပြီဖြစ်သည်။ သို့သော် သူ၏ စိတ်ကျရောဂါကို ဆက်လက်ကုသနေဆဲဖြစ်သည်။
***************************************
ယခုအခါ မြောက်ကိုရီးယား စစ်သားများကိုကြည့်ပါ... ပိန်လှီနေကြသူများသည်။ ကျန်းမာရေး မကောင်းကြပါ။ လူမျိုးတစ်မျိုးတည်းဖြစ်သော်လည်း တောင်ကိုရီးယားစစ်သားများနှင့် ယှဉ်ကြည့်ပါ...။ တောင်ကိုရီးယား စစ်သားတို့ထက် များစွာ အရပ်ပုကြသည်။
အဘယ့်ကြောင့်ဆိုသော် မြောက်ကိုရီးယားနိုင်ငံက စစ်တပ်အတွက်သုံးသောငွေ၏ အဆပေါင်း ၄၀ ကို တောင်ကိုရီးယားက သူတို့စစ်တပ်အတွက် အသုံးပြုထားပါသည်။
အကယ်၍ မြောက်ကိုရီးယားအစိုးရက နျူကလီးယားဆိုသည့်အရာမရှိလျှင် လူအင်အား ငွေအင်အား စစ်ဗျူဟာကြွယ်ဝသော ကျမ်းမာသန်စွမ်းသော တောင်ကိုရီးယားအား မည်သို့မှ မယှဉ်နိုင်...၊
မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား စတင်ကွဲသွားချိန်တွင် မြောက်ကိုရီးယားက တောင်ကိုရီးယားထက်ချမ်းသာပါသည်။
လူချမ်းသာများစွာ မြောက်ဖက်အခြမ်းကိုပါသွားကြ၍ဖြစ်သည်။
နောင်တွင် ထို ချမ်းသာသူများသည် အသတ်ခံရမည်စိုး၍ တောင်ကိုရီးယားသို့ ပြေးဝင်ခိုလှုံခဲ့ကြသည်။ ချမ်းသာလျှင် ပြည်သူပိုင်သိမ်းသည်။ ပစ္စည်းများဖွက်ထားပုံရလျှင် ထိုပစ္စည်းများလိုချင်၍ သူဋ္ဌေးကို သတ်ပစ်သည်။
***************************************
ထိုငွေများကို လူတစ်စုကောင်းစားရန်အတွက် စိတ်တိုင်းကျသုံးသည်။
နျူကလီးယားအတွက် ငွေများ သုံးစွဲသည်။
ထိုသို့ သုံးမည့်အစား စစ်သားများ၏ ကျန်းမာရေးကို ဂရုစိုက်လျှင် ရိုးသားသော စစ်သားတို့ သည်လိုဖြစ်မည်မဟုတ်...။
တိုင်းပြည်ကိုကာကွယ်မည့် စစ်သားများ၏ ကျန်းမာရေးကို အထူးဂရုစိုက်ရမည်။ သူတို့၏ စားဝတ်နေရေးအတွက် သူတို့ စိတ်ပူပင်မှုကင်းနိုင်မှ တိုင်းပြည်တာဝန် ထမ်းဆောင်နိုင်မည်ဖြစ်သည်။ ယခုတော့ စစ်တပ်မှ အရာရှိ အရာခံများသာ ချမ်းသာ ကျန်းမာကြသည်။ အောက်ခြေစစ်သားများကတော့ ရုပ်မပေါက်..။
သူတို့ အလွန်အရေးထားသော စစ်တပ်မှ စစ်သားများပင် ကျန်းမာရေးမကောင်းလျှင် ထိုနိုင်ငံသားတို့ ကျန်းမာရေးအား ခန့်မှန်းနိုင်ပါသည်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး သုံးခု တိုးတက်မှ နိုင်ငံတိုးတက်မည်ဖြစ်ပါသည်။
***************************************
လူတစ်စု ပညာတတ်ရန်၊ လူတစ်စု ကျန်းမာရန်၊
လူတစ်စု ချမ်းသာရန် ကျန်သူများက အသက်ပေး စတေးနေသရွှေ့တော့ ထိုလူတစ်စုသာ တိုးတက်၍ နိုင်ငံက ဆုတ်ယုတ်မည်ဖြစ်ပါသည်... ။
***************************************
ကိုယ့်ရင်သွေး သားသမီးအား အစဉ်အမြဲ ရိုက်နှက် နှိပ်စက်၍ သူများသားသမီးအပေါ်တွင်မူ ပြုံးရွှင် ချိုသာနေသော ထိုမိခင်၏ ထိုအပြုံးသည် အပြုံးအစစ် ဖြစ်နိုင်ပါသလား?
ကိုယ့်ပြည်သူပြည်သားကို ရင်သွေးရင်ချာသားသမီးလို စောင့်ရှောက်ရမည့်အစား သေနတ်နှင့် ပစ်သတ်သည်။ အနိုင်ကျင့်သည်။ ခိုင်းစားသည်။ ထိုလူမဆန်သောလူတစ်စု အုပ်ချုပ်နေသောနိုင်ငံသည် နိုင်ငံခြားသားတစ်ယောက်ဖြစ်သော သင့်အပေါ် စေတနာမေတ္တာဖြင့် ဆက်ဆံမည်ဟု သင်ထင်ပါသလား?
မတော်တဆဖြစ်စေ၊ သတိလက်လွတ်ဖြစ်စေ အမှားတစ်ခုခု ကျူးလွန်မိသော သင့်အား ထိုနိုင်ငံမှ အရှင်ပြန်မလွှတ်။ သင့်နိုင်ငံပြန်ချင်လျှင် အမေရိကန်အစိုးရကဲ့သို့ သင့်နိုင်ငံ
သမ္မတက ငွေရှိရမည်။ အစွမ်းအစ ရှိရမည်။
ထို့ကြောင့် ထိုနိုင်ငံအား စူးစမ်းလိုစိတ်ဖြင့် အလည်သွားရန်ဆုံးဖြတ်သူများ အထူးသတိထားစေလိုပါသည်။
မရွှေမိုး (ကိုရီးယား )
January 4th, 2018.
References
그것이 알고 싶다 1084 회
Family of American detained in North Korea issues plea to US diplomats by the guardian.
North Korea network
Freed American Matthew Miller: 'I wanted to stay in North Korea'
Euna Lee at TED Indiana University

















No comments:

Post a Comment