Latest News

Saturday, January 6, 2018

မြောက်ကိုရီးယား၌ ထောင်ကျခဲ့သော အမေရိကန် ၅ ဦးအကြောင်း-အပိုင်း -၁


ထိုနိုင်ငံရှိ အာဏာပိုင်လူတစ်စုသည် နားလည်ရခက်သည်..။
ဘာတွေလုပ်နေသနည်း...?ဘာအတွက်ကြောင့်လုပ်နည်း..?..ဆိုသည်ကို မည်သူမှမသိပါ..,။
ပြုံးနေလျှင်လည်း မယုံရပါ။
သူတို့ စိတ်ဆိုးပြီဆိုလျှင်တော့ သင့်အတွက် ပြေးစရာမြေမရှိ အရှင်လတ်လတ် ငရဲကျတော့ပေမည်။
ထိုကဲ့သို့ ပဟေဠိများနှင့်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံဖြစ်သည်..။
****************************************
အနောက်နိုင်ငံသားတို့သည် မိမိအား မွေးဖွား ကျွေးမွေးပြုစုပေးသော ကျေးဇူးရှင်မိဘများ...၊ အတတ်ပညာသင်ပေးသော ကျေးဇူးရှင် ဆရာသမားများ...နောက်ဆုံး မိမိနိုင်ငံကိုအုပ်ချုပ်သော အစိုးရအဖွဲ့... ၊
...စသည်...စသည် လေးစားရသောသူများကို မိမိ အတွေးအခေါ်အယူအဆများအား ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်းပြောဆို ဆွေးနွေးကြသည်။ ထိုသည်မှာ အထူးအဆန်းမဟုတ်...။
ထိုသူတို့သည် မြောက်ကိုရီးယားနိုင်ငံအကြောင်း ကြားသောအခါ ...
"မြောက်ကိုရီးယားပြည်သူတွေ ဘာတခုမှ မပြောရဲပဲ သမ္မတကို ကိုးကွယ်ရတယ်..!?! ဒီလိုဘဝတွေ တကယ်ပဲရှိနေလား..? သိလိုကြသည်။
အဲဒီတိုင်းပြည်က လူတွေဟာ တကယ်ပဲ မတွေးခေါ်တတ်တော့ဘဲ စက်ရုပ်တွေဖြစ်နေသလား...ဆိုသည်ကို စပ်စုချင်ကြသည်။
ထိုသူများသည် များသောအားဖြင့် အနောက်နိုင်ငံများဖြစ်ကြသည်။
အထူးသဖြင့် အမေရိကန်လူမျိုးများ...။
မကြောက်တတ်...။
****************************************
🌟နံပါတ်-တစ်
အမေရိကန် အမျိုးသမီး ၂ ဦး
၂၀၀၉ ခုနှစ်၊ မတ်လတွင် အမေရိကန်နိုင်ငံ၏ ဂျာနယ်လစ် လော်ရာလင်း (journalist-Laura Ling) နှင့် ယူနာရီ (journalist- Euna Lee) တို့အား မြောက်ကိုရီးယားတို့က ဖမ်းဆီးခဲ့သည်။
လော်ရာလင်းသည် တရုတ်-အမေရိကန်လူမျိုးဖြစ်၍ ယူနာရီသည် တောင်ကိုရီးယား- အမေရိကန်လူမျိုးဖြစ်သည်။
သူမတို့နှစ်ဦးလုံး အမေရိကန်၌မွေးသော အမေရိကန်နိုင်ငံသားများ ဖြစ်ကြသည်။
ထိုမိန်းမပျိုနှစ်ယောက်သည် မြောက်ကိုရီးယား နိုင်ငံအကြောင်း သတင်းဗီဒီယိုရိုက်ကူးရန် မြောက်ကိုရီးယား- တရုတ် နယ်စပ်သို့ သွားခဲ့သည်။
အေးမြလှသောဆောင်းရာသီတွင် ယာလုမြစ် (Yalu River) သည် ရေခဲသည်။ ထိုရေခဲပြင်ကြီးကို ဖြတ်ပြေးနိုင် လျှင် မြောက်ကိုရီးယားနိုင်ငံသားတို့ တရုတ်ပြည်ကို ရောက်နိုင်သဖြင့် သူတို့နိုင်ငံမှ ထွက်ပြေးရန် အကောင်းဆုံးအချိန်ဖြစ်သည်။
ထိုနယ်စပ်ခြားထားသော ယာလုမြစ်မှာ ရေခဲနေ၍ အမျိုးသမီးငယ်နှစ်ယောက်သည် ရေခဲပြင်ပေါ်တက်၍ လမ်းလျှောက်မိသည်။
ကံကောင်းထောက်မ၍ ပြည်ပြေးများပြေးလာခိုက်နှင့် ကြုံလျှင် ဗီဒီယိုရိုက်ရန် အားခဲထားကြသည်။ ညဖက်ဖြစ်၍ တိတ်ဆိတ်ငြိမ်သက်နေသည်။
သည်လိုနှင့် မြစ်၏အလယ်ကို အနည်းငယ် ကျော်မိသည်။ သည်လိုနှင့် သူတို့သည် မြောက်ကိုရီးယားနယ်စပ်ဖက်သို့ သတိမထားမိဘဲ အနည်းငယ် ခြေချမိခဲ့သည်။
အနောက်မှ စစ်သားနှစ်ယောက် ဗြုန်းခနဲ ပေါ်လာသည်။
သွားပြီ...။
အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၂ နှစ်..။
****************************************
"ကျွန်မကို ရဲမေနှစ်ယောက်က စောင့်ပါတယ်...။ သူတို့နှစ်ယောက် အပျိုလေးတွေပီပီ အမြဲတမ်း အလှပြင်နေတာပါပဲ။ အလှပြင်ပစ္စည်းတွေ သိပ်မရှိပေမယ့် သူ့ဟာနဲ့သူတော့ လှနေတာပါပဲလေ။
ထောင်ထဲမှာနေခဲ့တုန်းက အမှတ်တရလေးတစ်ခု ပြောပြချင်ပါတယ်။
တစ်နေ့ ရဲမေနှစ်ယောက်က သူ့ငယ်ချင်းတွေ ခေါ်လာတယ်။ သူတို့တစ်တွေ မုန့်တွေဝယ်လာပြီး ပျော်ပျော်ပါးပါး စကားပြောကြတယ်။ ကျွန်မကို လာခေါ်တယ်..။ အင်္ဂလိပ်လိုတတ်တဲ့ ရဲမေလေးက ကျွန်မကိုဒီလို မေးတယ် ...။
"မမတို့ အမေရိကားမှာ ကိုယ်သဘောကျတဲ့ ယောက်ျားလေးနဲ့ တစ်ညပဲအိပ်(one-night stand)ချင်ရင် ကိုယ့်ဆန္ဒနဲ့ကိုယ် အိပ်ခွင့်ရှိကြတယ်ဆိုတာ တကယ်လားဟင်…?" တဲ့...။
အရာရှိများ..၊စစ်ဗိုလ်များ အတွက် မိမိခန္ဓာကိုယ်ပေးဆပ်ရန် အမိန့်ကျလျှင် ပေးဆပ်ရမည်။ (အားလုံးတော့မဟုတ်။ ရုပ်ရည်အတန်အသင့်ရှိသူများ...။)
အချစ်....? သူတို့အတွက်တော့ စိတ်ကူးယဉ်သက်သက်...။
"ရည်းစားထားပြီး လက်မထပ်သေးခင် မိမိခန္ဓာကိုယ်အားချစ်သူထံပေးဆပ်ခွင့်မရှိကြတဲ့ မိန်းမပျိုလေးတွေအတွက်တော့ ကျွန်မအဖြေဟာ အတော် စိတ်ဝင်စားစရာပဲပေါ့...။"
ဟု ယူနာက ပြောပြခဲ့ပါသည်။
"ဒီကောင်မလေးတွေလည်း ကျွန်မတို့လို မိန်းမသားတွေပါပဲ...။ ဘဝပေးအရ အဲဒီနိုင်ငံမှာ လူဖြစ်နေရပေမယ့် လှချင် ပချင် စိတ်ကူးယဉ်ချင်တဲ့ သာမာန်မိန်းကလေးတွေ....။ "
****************************************
****************************************
🌟နံပါတ်-နှစ်
အမေရိကန် အမျိုးသား Bae
အမေရိကန်နိုင်ငံသား ကဲနက်ဘယ် (Kenneth Bae ) သည် ၁၉၆၈ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၌ မွေးဖွားသူဖြစ်သည်။
သူသည် ဝါရှင်တန် -အမေရိကန်နိုင်ငံ (Washington, America) တွင်နေထိုင်ခဲ့သည်။ ကိုရီးယား- အမေရိကန်လူမျိုးတစ်ယောက်ဖြစ်သည်။
သူသည် သားသမီး ၄ ယောက်၏ ဖခင်တစ်ဦးလည်းဖြစ်သည်။
Bae သည် မြောက်ကိုရီးယား၏ အဆိုးရွားဆုံး မုန်းတီးမှုကိုခံရလည်းဖြစ်သည်။
သူသည် မြောက်ကိုရီးယားရှိ နိုင်ငံရေးအကျဉ်းသားများအပို့ခံရသည့်အလုပ်ကြမ်းစခန်းသို့ အပို့ခံရသော ပထမဆုံး အမေရိကန်ဖြစ်သည်။
****************************************
" ကျွန်တော့်ကို ဖမ်းပြီး ရက်အတော်ကြာ လုံးဝအိပ်ခွင့်မပြုပါဘူးခင်ဗျ"
"နံရံမှာကပ်ပြီး မတ်တပ်ရပ်နေရတယ်။ ပြီးတော့ ဒူးထောက်ပြီး ထိုင်ရတယ်"
Bae အဖမ်းခံရပြီးနောက် ပေါင် ၆၀ ကျော် ပိန်ကျသွားခဲ့သည်။
****************************************
သူသည် တရုတ်နိုင်ငံတွင် ၇ နှစ်နေထိုင်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံသို့ အလည်သွားချင်သူများအား စီစဉ်ပေးသည် Nations Tour ဟူသော ခရီးသွားကုမ္ပဏီကို ဦးစီးနေချိန်တွင် အဖမ်းခံရခြင်းဖြစ်သည်။
****************************************
၂၀၁၃ ဧပြီလ ၃၀ ရက်
Bae သည် မြောက်ကိုရီးယားသို့ အလည်လာလိုသူများကို ထုံးစံအတိုင်း လိုက်ပို့နေခဲ့စဉ်ဖြစ်သည်။ မြောက်ကိုရီးယား ယခုလက်ရှိအစိုးရ ကင်မ်ဂျောသ်အန် (Kim Jong-un) က သူ့အား ဖမ်းဆီးခဲ့သည်။
အစာငတ်နေသော မြောက်ကိုရီးယားကလေးငယ်တို့ပါဝင်သော ဗီဒီယိုဖိုင်က သူ၏ကွန်ပျူတာထဲတွင်ရှိနေသည့် အပြစ်..။
ထို့အပြင်အမှိုက်ပုံးထဲမှ စားစရာရှာဖွေနေသော မြောက်ကိုရီးယား အိမ်ယာမဲ့ကလေးများ၏ဓာတ်ပုံများ၊ အစာငတ်နေသော ကလေးများ၏ ဓာတ်ပုံများလည်းကွန်ပြူတာတွင်ရှိနေသည်။
ထိုဗီဒီယိုတို့ကို သူကိုယ်တိုင်ဖန်တီးခြင်းလည်းမဟုတ်...။ နိုင်ငံတကာ ပျံ့နှံ့ပြီးသား မြောက်ကိုရီးယားနှင့် ပတ်သက်သော သတင်းရုပ်ရှင်ကား (documentary ) တစ်ခုကို ကွန်ပျူတာကို မဖျက်ပဲ မတော်တဆယူလာမိသည်။
Bae အား အမုန်းတီးသောအချက်မှာ Bae သည် NGO (non-governmental organization) ၌ တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်းတစ်ယောက်ဖြစ်သည်။
ဆင်းရဲသော မြောက်ကိုရီးယားကလေးများကို ကူညီရန်ကြိုးစားသည်။ အစိုးရက ထိုသို့ တိုက်ရိုက်ကူညီရန် ကြိုးစားမှုကို ခွင့်မပြုပါ... ။
အမုန်းဆုံးကတော့ Bae သည် ခရစ်ယာန် ဘာသာရေးအဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သောကြောင့်ဖြစ်သည်။
****************************************
"အမှုစစ်တဲ့အခါ ကျွန်တော့်ကို သူတို့ပြောတဲ့အတိုင်း သူတို့ဆင်တဲ့ဇတ်လမ်းအတိုင်း မရေးရင် သေနတ်နဲ့ပစ်သတ်မယ်လို့ ခြိမ်းခြောက်တယ်ခင်ဗျ။
နောက်ဆုံးတော့ သူတို့ပြောသလို ကျွန်တော်ဟာ အပြစ်ရှိတယ်လို့ လက်မှတ်ထိုးလိုက်ရပါတယ်။"
အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ်...။
**********************************************************************************
🌟နံပါတ်-သုံး
အမေရိကန် လူငယ် Miller
အမေရိကန်နိုင်ငံသား Matthew Todd Miller သည် ၁၉၈၉ ခုနှစ်တွင် ( California, America ) မွေးဖွားသူဖြစ်သည်။
အား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်
အသက် ၂၅ နှစ်အရွယ် Miller အားစွပ်စွဲသော စွဲချက်သည်...
"မိုက်ရိုင်းသည့်အပြုအမူ... မြောက်ကိုရီးယားတွင် နိုင်ငံရေးခိုလှုံခွင့်ရလိုသူ... စပိုင်.."
ဟူ၍ဖြစ်သည်။
****************************************
သူသည် မြောက်ကိုရီးယားအား လူ့အခွင့်အရေး မည်မျှအထိမရှိသည်ကို စုံစမ်းလို၍လာသည်ဟု လက်မှတ်ရေးထိုးခဲ့ရသည်။
အလည်ဗီဇာဖြင့်လာသော Miller အား လေဆိပ်အရာရှိတို့ မည်သို့မည်ပုံ ပြဿနာဖြစ်ကြသည်မသိ ...
Miller က သူ့ပတ်စ်ပို့မှ အလည်ဗီဇာစာရွက်ကို ဆွဲဖြဲပစ်လိုက်သည်။ ထို့နောက် "ကျွန်တော် ဗီဇာမရှိတော့ပါဘူး။ ခင်ဗျားတို့တိုင်းပြည်မှာ ခိုလှုံခွင့်လျှောက်ပါတယ် ခင်ဗျား"... ဟု ပြောဆိုခဲ့သည်။
ချမ်းသာသည့်နိုင်ငံတစ်ခုမှ မြောက်ကိုရီးယားနိုင်ငံတွင် ခိုလှုံခွင့်လျှောက်သည်မှာ အရွဲ့တိုက်သလိုဖြစ်နေသည်။
ပထမတော့ သူတို့ အံ့သြကြသည်။ ထို့နောက် သူတို့ကိုလှောင်သည်ဟု ဒေါသဖြစ်သွားကြသည်။
"ကျွန်တော့်ကို ထောင်မချမှာ စိုးရိမ်နေတာဗျ ... သူတို့တွေ ဘယ်လောက်အထိ လူသားမဆန်လဲဆိုတာ သိချင်လို့..." Miller က ပြောခဲ့သည်။
အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၆ နှစ်...။
****************************************
****************************************
မြောက်ကိုရီးယားအစိုးရသည် မိမိနိုင်ငံကို မိမိစိတ်တိုင်းကျ ခြယ်လှယ်လိုသည်။
ထိုအကြောင်းတို့ကို ကမ္ဘာကသိသွားမည်လည်း စိုးရိမ်သည်။ သို့သော် သူတို့အကြံအစည်တွေ လည်ပတ်ဖို့ ငွေကလည်းလိုသည်။
ထို့ကြောင့် ၁၉၉၇ ခုနှစ်မှစ၍ နိုင်ငံခြားသားများအား မြောက်ကိုရီးယားကို အလည်လာခွင့်ပြုခဲ့ခြင်းဖြင့် ပြည်ပဝင်ငွေရှာသည်။
ထိုသို့ပြုလုပ်ခြင်းအားဖြင့် သူတို့ မတရားသဖြင့် အုပ်ချုပ်မှုမရှိကြောင်း ထင်ယောင်ထင်မှားပြုကာ ကမ္ဘာကို လှည့်ဖြားဖုံးကွယ်လိုသည်။
သို့သော် သူတို့သည် မရိုးသားစွာဖြင့် အလည်လာသော နိုင်ငံခြားသားတို့အား သတ်မှတ်ထားသော နေရာ၌သာ နေထိုင်ခွင့် သွားလာခွင့် ကြည့်ရှုခွင့်ရှိသည်။
ထိုနေရာမှလွဲ၍ ကျန်သည့်နေရာကို တစ်လက်မမျှကျော်၍ သွားလာခွင့်မရှိ...။
သူတို့သတ်မှတ်ထားသော ဥပဒေကို တစ်စက်ကလေးမှ လွန်ကျူးခွင့်မရှိ...။
***************************************
မြောက်ကိုရီးယားအစိုးရသည် နိုင်ငံခြားသားများ လည်ပတ်ခွင့်ရှိသော နေရာ ကွက်ကွက်လေးကိုပဲ တင့်တင့်တယ်တယ် ပြင်ဆင်ထားသည်။
အချို့နေရာများက အတု၊ ဟန်ပြ … ရထားဘူတာ အဝင်အဝများပုံစံလုပ်ထားပြီး "နိုင်ငံခြားသားများ မဝင်ရ" ဟု ရေးထားသည်။ ထိုဘူတာများမှ ရထားသံ တစ်ခါမှ မကြားရဟု ဆိုကြသည်။
မည်သို့ပင် ဖုံးကွယ်ထားပါစေ ...ထိုအချိန်မှစပြီး တဖြည်းဖြည်းနှင့် သူတို့လျှို့ဝှက်ချက်များကို အလည်လာသူများ.. မြောက်ကိုရီးယားမှ ထွက်ပြေးလွတ်မြောက်သူတို့ကြောင့် ကမ္ဘာက တဖြည်းဖြည်း သိလာကြတော့သည်။
မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိပေ။
ထိုအခါ ခန့်မှန်းကြသည်ထက် အဆပေါင်းများစွာ ပိုပြီး အံ့သြထိတ်လန့်ဖွယ်ကောင်းသော နိုင်ငံဖြစ်ကြောင်း သိလာတော့သည်...။
ထိုသို့သိလာလေလေ အမေရိကန်လူမျိုးများက ပို၍ စိတ်ဝင်စားလာလေလေ ဖြစ်သည်။
ထိုအထဲတွင် ကမ္ဘာပေါ်ရှိ လူအများအား ငိုရမလို ရယ်ရမလို ခံစားချက်များပေးသော " ကလေးဆန်သည့် နိုင်ငံရေးလှည့်ကွက်များ" ဟု ပြောဆိုကြသော လုပ်ရပ်များလည်းပါသည်။
****************************************
🌟နံပါတ်-လေး
အမေရိကန်နိုင်ငံသား Jeffrey Edward Fowle ( Ohio, America )
သူသည် အမေရိကန်လူမျိုးတစ်ယောက်ဖြစ်သည်။ ယခုဆိုလျှင် အသက် ၅၉ နှစ်အရွယ် ရှိပြီဖြစ်သည်။
Fowle သည် ၂၀၁၄ မေလတွင် မြောက်ကိုရီးယားနိုင်ငံသို့ အလည်အပတ်သွားခဲ့သည်။
သူသည် မြောက်ကိုးရီးယားနိုင်ငံသို့ ခရီးသွားခဲ့သည်မှာ အလွန်စိတ်လှုပ်ရှားဖို့ကောင်းသည်ဟု ပြောသည်။
***************************************
အိမ်ပြန်ဖို့ လေယဉ်ကွင်းဆင်းသောနေ့...။
"ကျွန်တော် အိမ်ပြန်မလို့ လေယာဉ်ကွင်းမှာ အထွက်တုံးထုဖို့ တန်းစီနေပါတယ်..ကျွန်တော့်ကို လူနှစ်ယောက်က ချုပ်လိုက်တယ်.."
Fowle လက်မောင်းကို ရဲနှစ်ဦးက အနောက်မှ ဆုပ်ကိုင်လိုက်သည်။
အင်္ဂလိပ်သံဝဲဝဲနှင့်
"မေးစရာရှိလို့ လိုက်ခဲ့ပါ.."
သူ့အား အတွင်းခန်းထဲသို့ ခေါ်သွားတော့သည်။
အခန်းထဲရောက်တော့ အရာရှိတစ်ဦးက ခရစ်ယာန် ကျမ်းစာအုပ်ကို ပြသည်။
"ဒါ ... မင်းဥစ္စာလား?"
"ဟုတ်ကဲ့ ... ကျွန်တော် ပျောက်လို့ လိုက်ရှာနေတာ...ကျေးဇူးပါပဲ"
"ကျေးဇူးမတင်ပါနဲ့ … မင်း ထောင်ထဲဝင်ရတော့မယ်"
" ဘုရား ကယ်ပါ"
***************************************
Fowle သည် မထင်မှတ်သော ဖြစ်ရပ်ကြောင့် မှင်တက်သွားသည်။
သူတို့ပြောမှ မှတ်မိသည်။
သူ အိမ်သာတက်ပြီး၍ လက်ဆေးနေစဉ် ခရစ်ယာန်ကျမ်းစာအုပ်ကို ရေဘုံဘိုင်အနားတွင် ခဏတင်မိသည်။ လက်ဆေးပြီးသောအခါ မေ့၍ ကျမ်းစာအုပ်အား ပြန်မယူမိ။ ဟိုတယ်အိမ်သာထဲတွင် ကျန်ခဲ့သည်။
ထိုအမှုဖြင့် သူ့အား ထောင်ချလိုက်သည်။
မြောက်ကိုရီးယားသည် ခရစ်ယာန်မုန်းသည်။
****************************************
Fowle သည် ထောင်မကျခင် တစ်လခန့် အစစ်အဆေးခံရသည်။
သူ့အား တစ်နေ့ ၂ ခါ စစ်ဆေးသည်...။
"မင်း တောင်ကိုရီးယားနဲ့ အဆက်အသွယ်ရှိတာ ငါတို့အားလုံးသိပြီးပြီ"
"ဗျာ!! ကျွန်တော် တောင်ကိုရီးယားမှာ သိတဲ့သူတောင် တစ်ယောက်မှမရှိပါဘူး "
Fowle ပြောပြချက်အရ သူတို့သည် အမှုမှန်ပေါ်အောင် စစ်ဆေးသည်ထက် သူတို့စွပ်စွဲသည်ကို အတည်ပြုဖို့ အားထုတ်ကြသည်ဟုဆိုသည်။
ဒေါသတကြီး စစ်ဆေးသည်။ ရိုင်းစိုင်းသည်။
အမှန်တရားကို မကြားချင်။ သူတို့ပြောတာ လက်မှတ်မထိုးလျှင် ပို၍ကြီးလေးသော အပြစ်ပေးမည်ဟု ခြိမ်းခြောက်သည်။
***************************************
ဒုတိယနေ့ အမှုစစ်တဲ့သူက ဇတ်လမ်းကို အင်္ဂလိပ်လိုရေးပြီး ကျွန်တော့်ကိုပြတယ်။
"မင်းပြောတဲ့ အမှန်တရားကို ငါတို့မသိချင်ဘူး။ ဒါ အမှန်တရားပဲကွ" လို့ ပြောတယ်ခင်ဗျ..။
"ကျွန်တော်ဟာ ခရစ်ယာန်အုပ်စုတစ်ခုက ဖြစ်ပါတယ်။ အဲဒီခရစ်ယာန်အုပ်စုက ကျွန်တော့်ကို အိမ်သာထဲမှာ ခရစ်ယာန်စာအုပ်ထားခဲ့ဖို့ ခိုင်းစေညွှန်ကြားခဲ့ပါတယ်။ သူတို့ခိုင်းတဲ့အတိုင်း ကျွန်တော် လုပ်ခဲ့တယ်။ ကျွန်တော့်မှာ အပြစ်ရှိကြောင်း ဝန်ခံပါတယ်...".. လို့ ရေးထားတဲ့ ဝန်ခံစာဖြစ်သည်။
****************************************
" လက်မှတ်မထိုးပါရစေနဲ့ဗျာ... ကျွန်တော် ကလေး ၃ ယောက်အဖေပါဗျာ။ ကျွန်တော့်မိန်းမ Tatyana က အလုပ်မရှိပါဘူး ... အိမ်ရှင်မပါ ... ကျွန်တော့်ကို သူတို့စောင့်နေကြပြီ...။ ကျွန်တော် သူတို့ရဲ့ အိမ်ထောင်ဦးစီးပါ..."
ကျွန်တော် အမျိုးမျိုးတောင်းပန်တယ်။ သူတို့က လက်မခံဘူး။
Fowle ဟာ အသက် ၁၃ နှစ်၊ ၁၁ နှစ်၊ ၉ နှစ် အရွယ် ကလေး ၃ ယောက်ကို လုပ်ကျွေးနေတဲ့ ဖခင်တစ်ယောက်ဖြစ်သည်။ သူ၏မိသားစုများကပါ အသနားခံစာ တင်သွင်းသော်လည်း လက်မခံ။
****************************************
****************************************
စသည် စသည်ဖြင့် ၂၀၁၇ နှစ်အထိ အမေရိကန် ၁၆ ဦးအား မြောက်ကိုရီးယားက ဖမ်းဆီးထောင်ချခဲ့သည်။ ယခုအထိ ၃ ဦး ထောင်ထဲတွင် ရှိနေဆဲ...။
ထိုအမေရိကန်တို့အား အင်တာဗျူးများပြုလုပ်ခဲ့ကြသည်။
သူတို့သည် အလုပ်ကြမ်းနှင့် ထောင်ထဲတွင် မည်ကဲ့သို့ နေခဲ့ရပါသနည်း?
အပိုင်း -၂ ကို နှစ်ရက်အကြာတွင် ဆက်တင်ပေးပါမည်။
မရွှေမိုး (ကိုရီးယား)
January 3rd, 2018.
References
그것이 알고 싶다 1084 회
Family of American detained in North Korea issues plea to US diplomats by the guardian.
North Korea network
Freed American Matthew Miller: 'I wanted to stay in North Korea'
Euna Lee at TED Indiana University
Missionary Kenneth Bae on the Mistake That Led to His Capture by N. Korean Authorities By ANUGRAH KUMAR Jun 21, 2016 | 7:37 AM









No comments:

Post a Comment