Latest News

Sunday, January 7, 2018

မိုးကောင်းမြို့နယ်တွင် လူသတ်ပြီး အလောင်းဖျောက်ဖျက်မှုအား ဖော်ထုတ်စစ်ဆေးရာမှ တရားမဝင် လုပ်သေနတ်တစ်လက်နှင့် ကျည်ဆံများပါ သိမ်းဆည်းရမိ

မိုးကောင်းမြို့နယ်တွင် လူသတ်ပြီး အလောင်းဖျောက်ဖျက်မှုအား ဖော်ထုတ်စစ်ဆေးရာမှ တရားမဝင် လုပ်သေနတ်တစ်လက်နှင့် ကျည်ဆံများပါ သိမ်းဆည်းရမိ

 ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာအုပ်စု မီးသွေးကုန်းကျေးရွာ ရာဘာခြံတွင် လူသတ်ပြီး အလောင်းအားဖျောက်ဖျက်ထားမှု သတင်းအရ ဇန်နဝါရီ၅ရက် မွန်းလွဲပိုင်းက ပြန်လည်တူးဖော်ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ရာ တရားမဝင်ကိုင်ဆောင်သည့် လုပ်သေနတ်အရှည်တစ်လက်နှင့် ကျည်ဆံများပါ ထမ်မံသိမ်းဆည်းရမိကြောင်း သိရသည်။
 ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာအုပ်စု မီးသွေးကုန်းကျေးရွာအနီး ရာဘာခြံတွင် အလုပ်လုပ်ကိုင်နေသူ ရာဘာခြံအလုပ်သမား ဦးဇော်မိုးအေး(ခ)လွမ်းဝေ ၃၆ နှစ်(သေဆုံးသူ)သည် ၂၀၁၇ခုနှစ် ဒီဇင်ဘာ၃ရက်နေ့က ရုတ်တရက်သေဆုံးသွားခြင်းကြောင့် ယင်းနေ့တွင်မြေမြုပ်သဂြိုလ်ခြင်းနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် သေဆုံးသူနှင့်အမျိုးတော်စပ်သူ(----)မှ စစ်ဆေးပေးရန် မိုးကောင်းမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့သဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဇန်နဝါရီ ၅ ရက်နေ့၌ ပြန်လည်တူးဖော်ကာ ၆ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ရင်ခွဲစိတ်ပြီး ရဲဆေးစာစစ်ချက်များ ရယူခဲ့သည်။
 အဆိုပါသေဆုံးသူအား ရင်ခွဲစစ်ဆေးရာတွင် မိုးကောင်းမြို့နယ်ဆေးရုံ အလှည့်ကျဆရာဝန်၏ ဆေးစစ်ချက်မှတ်တမ်းများအရ တစ်စုံတစ်ဦးမှ တုံးသောလက်နက်ဖြင့် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ယာဘက်နံရိုး ၃ ချောင်းကျိုးဒါဏ်ရာ၊အသည်းအောက်ဖက် ၂လက်မခန့် ပြတ်ရှဒါဏ်ရာများအား စစ်ဆေးရှာဖွေတွေ့ရှိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းမဟုတ်ပဲ တစ်စုံတစ်ဦး၏ ကျူးလွန်မှုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ရဲဆေးစာမှတ်တမ်းများအရ သိရသည်။
 အမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပါဝင်ပတ်သက်သည်ဟု ယူဆရသူ ရာဘာခြံတာဝန်ခံ ဦးသန်းထွန်းဝင်း ၄၇ နှစ်အား တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် မိုးကောင်းမြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ပါဝင်ပတ်သက်ဆက်နွယ်နေသူများအား ဖော်ထုတ်နိုင်ရေးတို့အား မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး၊မြို့မရဲစခန်းမှူးတို့မှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ဝင်းနိုင် ကချင်မြေ(မြန်​မာ့အလင်း)

No comments:

Post a Comment