Latest News

Monday, January 29, 2018

စိတ်ချမ်းသာဖို့ အရေးအကြီးဆုံး

စိတ်ချမ်းသာဖို့ အရေးအကြီးဆုံး

လူ့ဘ၀ဆိုတာ ရခဲတယ်လို့ ဘုရားရှင်ဟောကြားတော်မူပါတယ်။ အကြောင်းကတော့ အပါယ်မှာ ကျင်လည်တာများလို့ပါ။ အခုဘ၀လူ့ဘ၀ရနေပေမဲ့လည်း စိတ်ထားယုတ်၊ အကျင့်ယုတ်၊ အပြောယုတ်တွေ လုပ်နေတော့ အပါယ်ပြန်ကျရပြန်ပါတယ်။ လူ့ဘ၀ဆိုတာ ဧည့်သည်အဖြစ်နဲ့ခဏလာတာလို့ ဘုရားရှင်ဟောပါတယ်။ အပါယ်သည်သာ ကိုယ့်အိမ်ပါ။ ဒီစကားက အင်မတန် သတိထားစရာကောင်းပါတယ်။

သူသူကိုယ်ကိုယ် ပေါ့ပေါ့တန်တန်ပဲတွေးတတ်ကြပါတယ်။ ဒီဘ၀ ဒီခေါင်းနဲ့ ဒီကိုယ်စံမယ်၊ နောင်ဘ၀ နောင်ခေါင်းနဲ့ နောင်ကိုယ်ခံလိမ့်မယ်လို့ လွယ်လွယ်ပြောတတ်ကြပါတယ်။ ကံ၊ ကံ၏အကျိုးကို ယုံကြည်တာ ဗုဒ္ဓဘာသာတွေရဲ့ လက္ခဏာတစ်ခုပါပဲ။ မယုံဘူးဆိုရင်တော့လည်း အပြစ်ပြောစရာမရှိပါဘူး။ အကုသိုလ်အကျိုးကြောက်တဲ့လူတွေက နောင်ဘ၀မရှိဘူးဆိုတဲ့ အယူကိုကြိုက်ပါတယ်။ ရှိတာ၊ မရှိတာကတော့ သေရင်သိမှာပဲ။ အငြင်းပွားနေလို့လဲ ထမင်းတစ်လုတ်ဖြစ်မလာတော့ကာ ဘာအကျိုးရှိလို့ ငြင်းနေတော့မလဲ။ အကျိုးမှမရှိတာ။

ယုံသူ ယုံသလို သတိထားမယ်။ မယုံသူမယုံသလို မိုက်ပေါ့။ ဒါပဲရှိတာလေ။ သေမှ ဘာဖြစ်မယ်၊ ညာဖြစ်မယ် ကိုယ်ပဲတွေ့မှာဆိုတော့ ယုံယုံ မယုံယုံ ကိစ္စရှိတဲ့အရာတော့မဟုတ်ပါဘူး။ ပြောချင်တာက ကိုယ့်လိပ်ပြာကိုယ်ယုံပြီး လိပ်ပြာသန့်သန့်နေရတာ စိတ်ချမ်းသာတယ်ဆိုတာပါပဲ။ အပြစ်တွေလုပ်ထားပြီး စိတ်ချမ်းသာတယ်ဆိုတာ လိမ်ပြောတာပါ။ တကယ်စိတ်ချမ်းသာတာမဟုတ်ဘူး။ ရမ်းကားစိတ်နဲ့ ပူလောင်နေတာသက်သက်ပါ။

စိတ်ချမ်းသာမှုဆိုတာက ကိုယ်ရော၊ စိတ်ရော အေးချမ်းနေသူမှ စိတ်ချမ်းသာမှုအစစ်ကို ရတတ်တာကိုး။ ကိုယ်ပူ၊ စိတ်ပူနေပြီး ဘယ်မှာ စိတ်ချမ်းသာဖို့ဖြစ်နိုင်ပါ့မလဲ။ လက်တွေ့ကျကျစဉ်းစားကြည့်ရင်ကို သိသာမြင်သာလွန်းပါတယ်။ ဘူးခံနေသူတွေကတော့လည်း သူ့နယ်၊ သူ့အသိုင်းအ၀ိုင်းမှာ အဆင်ပြေနေရင်ပြီးတာပါပဲ။

တကယ့်စိတ်ချမ်းသာမှုကို ခံစားချင်ရင်တော့ သူများအကြောင်း ခေါင်းထဲမထည့်မှပဲရပါမယ်။ လူ့လောကဆိုတာကလည်း လူတွေနဲ့ပဲ ဆက်ဆံနေရတော့ လူကပေးတဲ့ဒုက္ခ နည်းမှမနည်းပဲကိုး။ အလိုလိုနေရင်း အပူပေး၊ ဒုက္ခပေး၊ စိတ်ဒုက္ခပေးရမှ နေသာထိုင်သာရှိတဲ့လူစားတွေနဲ့ ပတ်သက်ရတာဆိုတော့ လွယ်လွယ်တော့လည်း စိတ်ချမ်းသာမှု ဘယ်ရနိုင်ပါ့မလဲ။ ဒါပေမဲ့ အဲလိုလူစားမျိုးကို ဂရုမစိုက်ပဲ နေကြည့်လိုက်။ ဘုရားဟောသလိုဆို လျစ်လျူရှုတဲ့ ဥပေက္ခာပေါ့။ နေကြည့်ပါလို့ တိုက်တွန်းပါရစေ။ မြင်နေလည်း မမြင်သလိုသာနေ၊ ကြားနေလည်း မကြားသလိုသာနေ၊ စိတ်ချမ်းသာလာလိမ့်မယ်။

လူက ရှောင်လို့မရဘူးလေ။ ဒီတော့ ဒီနည်း (ဘုရားပေးတဲ့နည်း) အရမ်းအသုံးဝင်တယ်။ မှုမနေနဲ့။ အေးချမ်းတာတွေ့လိမ့်မယ်။ ကြာလေ ကျင့်သားရလေ အေးချမ်းလေပဲ။ မဟုတ်ရင် သူက ဘာလုပ်သွားလို့၊ သူက ဘာပြောသွားလို့နဲ့ စိတ်ဆင်းရဲလို့ကို ပြီးမှာမဟုတ်ဘူး။ ဒီတော့ ဘုရားဆေးကိုသောက်။ မသိချင်ယောင်သာဆောင်နေပေတော့။ မခံစားနဲ့တော့။ ဂရုမစိုက်နဲ့တော့။ ဘုန်းကြီးတော့ အောင်မြင်တယ်။ လူတွေက ဂရုစိုက်ရင် ရောင့်တက်တယ်။ ဒီတော့ သူဘာလုပ်လုပ် ဘာပြောပြော (အဆိုးလုပ်၊ အဆိုးပြော) မသိသလိုသာနေလိုက်ပါ။

မကြာခင် ရလဒ်ကောင်းကိုတွေ့ပါလိမ့်မယ်။ အသေ၀နာ စ ဗာလာနံ လို့လည်း ဘုရားဟောထားတော့ ရှောင်လို့ရရင် အကောင်းဆုံးပဲ။ မပတ်သက်ပဲ နေနိုင်အောင်ကြိုးစား။ သူကပေးတဲ့အပူ၊ သူပြောတဲ့စကား ကြောင့် စိတ်မဆင်းရဲရတော့ဘူး။ ဒါဆို ဘ၀မှာ သူ့ကြောင့်ဖြစ်တဲ့ ဒုက္ခတွေ ငြိမ်းသွားပြီ။ ကိုယ့်ကြောင့်ဖြစ်တဲ့ ဒုက္ခကို ငြိမ်းချင်ရင်တော့၊ မေတ္တာနာနာပွား၊ ဥပေက္ခာလည်း နာနာပွား၊ တရားရှု။ အချိန်ရတိုင်း တရားရှု။ ရလဒ်ကတော့ လောကဓံကို ကျောက်တုံးလိုကို ရင်ဆိုင်လာလိမ့်မယ်။ အရေထူလာလိမ့်မယ်။ အဲဒီတော့မှ စိတ်ချမ်းသာတော့တာလား။ ကောင်းတာမှ ဘယ်လိုကောင်းပါလိမ့်လို့တောင် ပြောမပြတတ်အောင်ပါပဲ။ စိတ်ချမ်းသာလာပါလိမ့်မယ်။
ကမ္ဘာသူ ကမ္ဘာသားအပေါင်း စိတ်ချမ်းသာကြပါစေ။

အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်

No comments:

Post a Comment