Latest News

Monday, January 29, 2018

အကျိုးမရှိအချိန်ကုန်ခြင်း

အကျိုးမရှိအချိန်ကုန်ခြင်း

လူ့ဘ၀က အချိန်တိုတိုလေး။ လူဖြစ်မယ်ကြံတုန်း သေဖို့ကနီးလာတော့တာ။ ဒီတော့ လောကီအတွက်အကျိုးရှိတာ၊ ဒါမှမဟုတ် လောကုတ္တရာအတွက်အကျိုးရှိတာ တစ်ခုခုလုပ်နေမှ လူ့ဘ၀မှာ လူဖြစ်ရတာတန်မှာပါ။

သို့သော်လည်း တစ်ချို့က ဘာမှအကျိုးမရှိတဲ့ (ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးမရှိတဲံ) အရာတွေနဲ့ အချိန်ကုန်ချင်ကြတယ်။ ဘုရားရှင်က အခုအေးချင်ရင် အခုတရားထိုင်လိုက်တဲ့။

လောကီအတွက်လည်း ပညာလိုချင် အခုစာဖတ်၊ စာသင်ပေါ့။ စီးပွားလိုချင် အခုအလုပ်ရှာ၊ လုပ်လို့ရတာအကုန်လုပ်၊ အကျိုးရှိသူအကုန်ပေါင်းပေါ့။ ရှာဖွေဆည်းပူးသင့်တာ အကုန်ဆည်းပူး။ လောကမှာ အသစ်တွေပေါ်လာပြီး အဟောင်းတွေက ဟောင်းကုန်တာပဲဆိုတော့ အမြဲ စိတ်ကူးဆန်းသစ်နေမှ တော်ကာကျတာ။

ဘာကြောင့် အချိန်တွေဖြုန်းနေလဲ။ Fb မှာ Hi ရုံနဲ့ပဲ အချိန်ကုန်နေတော့မှာလား။ အပျော်တွေမက်ပြီးတော့ပဲ အချိန်ကုန်ခံတော့မှာလား။ ကိုယ်အချိန်ဖြုန်းနေချိန်မှာ သူများတွေ ဘ၀ခြေလှမ်းတွေ အများကြီးဆက်လှမ်းနေကြတယ်။ နဲနဲလေး သတိလေးထားပြီး လောကကြီးကို ကြည့်လိုက်ဦး။

ဗမာတွေ လက်ဘက်ရည်သောက်ကောင်းတုန်း သူများတွေ အနုမြူလက်နက်နဲ့ ကမ္ဘာကိုလွှမ်းမိုးဖို့ ကြံနေကြပြီ။ ဗမာတွေ ကာရာအိုကေ ထိုင်ကောင်းတုန်း၊ မာဆတ်သွားကောင်းတုန်း သူများတွေ မြန်မာ့ရေမြေတွေ ၀ါးဖို့ကြံနေကြပြီ။

ဘာတွေ အကျိုးမရှိတာတွေနဲ့ အချိန်ကုန်ခံချင်နေကြတာလဲ။ ဘုန်းကြီးတို့တော စက္ကန့်တိုင်းကို အကျိုးရှိစွာအသုံးချနေပေမဲ့။ ဒီလို ဘုန်းကြီးကို လာ Hi နေတာကတော့ နားမလည် မသိတတ်တာကလွဲလို့ ဘာမှမရှိဘူး။ Hi ဖို့ အချိန် ဘုန်းကြီးမှာ မရှိဘူး။ ခင်ဖို့အချိန်လည်း ဘုန်းကြီးမှာ မရှိဘူး။

အချိန်အားနေရင် တရားထိုင်လိုက်ပါ။ ဘုန်းကြီးကို လာမခင်ခိုင်းပါနဲ့။ တရားစခန်းအတွင်း ဘုန်းကြီးကို စိတ်အနှောက်အယှက်ပေးနေတာက လွဲလို့ ဘာမှမရှိပါဘူး။

ဘုန်းကြီး တရားတစ်နေ့လုံး ထိုင်နေရ၊ ဟောနေရတယ်။ အချိန်ရရင် လုပြီး တရားတင်ပေးတယ်။ စာရေးပေးတယ်။

နားလည်ပါ။ ကိုယ့်အချိန်လည်း မဖြုန်းပါနဲ့။ ဘုန်းကြီးရဲ့ အချိန်ကိုလည်း လာမဖြုန်းပါနဲ့။ ကျေးဇူးတင်လျက်။

အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်

No comments:

Post a Comment