Latest News

Wednesday, January 17, 2018

နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ရဲဘက်စခန်းမှ ထွက်ပြေးခဲ့သူအား ဟင်္သာတမြို့၌ ဖမ်းဆီးရမိ

နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ရဲဘက်စခန်းမှ ထွက်ပြေးခဲ့သူအား ဟင်္သာတမြို့၌ ဖမ်းဆီးရမိ

 ဟင်္သာတ ဇန်န၀ါရီ ၁၆
နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ရဲဘက်စခန်းမှ ထွက်ပြေးခဲ့သူအား ဇန်န၀ါရီ ၁၅ ရက်၊ ညနေပိုင်းက ဟင်္သာတမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ရဲဘက်ပြေးတရားခံအား ဟင်္သာတမြို့၌ ဖြစ်ပွားခဲ့သည့် ခိုးမှုနှင့် ဆက်စပ်၍ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဟင်္သာတမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင်ထံမှ သိရသည်။

“ပိုက်ဆံထည့်ထားတဲ့အိတ်ကို ခိုးယူမှုနဲ့ပတ်သက်ပြီး သူ့ကို ဖမ်းဆီး အမှုဖွင့်ခဲ့တယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဆက်စပ်စစ်ဆေးခဲ့တဲ့အခါ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ ရဲဘက်စခန်းက ထွက်ပြေးခဲ့သူဖြစ်တယ်ဆိုတာ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်”ဟု နယ်ထိန်း ခေါင်းဆောင် ရဲအုပ်နေမျိုးလင်းက ပြောကြားသည်။

နှစ်ရှည်ထောင်ဒဏ်ကျခံနေရပြီး ထွက်ပြေးခဲ့သူမှာ ဟင်္သာတအကျဉ်းထောင်၊ ပုသိမ်အကျဉ်း ထောင်နှင့် ငပုတောမြို့နယ်၊ ငှက်ပေါက်ရဲဘက်စခန်းတို့၌နေခဲ့ပြီးနောက် ပြစ်ဒဏ်မပြည့်မီ ရဲဘက်စခန်းမှ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်လောက်တုန်းက ဟင်္သာတမြို့နယ်နဲ့ ဇလွန်မြို့နယ်မှာ ခိုးမှုတွေ ကျူးလွန်ခဲ့သူဖြစ်တယ်။ ဟင်္သာတတရားရုံးနဲ့ ဇလွန်တရားရုံးက နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထား ရသူဖြစ်တယ်။ အဲဒီ့တော့ ဟင်္သာတအကျဉ်းထောင်ကနေ ပုသိမ်အကျဉ်းထောင်ကိုပို့တယ်။ ပုသိမ်အကျဉ်းထောင်မှာ ၁၀ နှစ်ကျော်၊ ငှက်ပေါက်ရဲဘက်စခန်းမှာ တစ်နှစ်ကျော် နေခဲ့ပြီး ပြစ်ဒဏ်မပြည့်မီ ထွက်ပြေးလာသူဖြစ်ပါတယ်”ဟု  ရဲအုပ်နေမျိုးလင်းက ဆက်လက်ပြော ကြားသည်။

 အဆိုပါရဲဘက်ပြေးတရားခံမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ၉ လပိုင်းဝန်းကျင်က ရဲဘက်စခန်းမှ ထွက်ပြေးခဲ့ပြီး ဇလွန်မြို့ရှိ ဇနီးဖြစ်သူ၏နေအိမ်တွင် တိမ်းရှောင်နေရင်း ဟင်္သာတသို့လာရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

 လက်ရှိတွင် ၄င်းကို ဟင်္သာတမြို့မရဲစခန်းအချုပ်၌ ဖမ်းဆီးထားပြီး ရဲတပ်ဖွဲ့မှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်တရားစွဲဆိုကာ အကျဉ်းထောင်သို့လွှဲအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment