Latest News

Wednesday, January 17, 2018

ကင်ပေတိုင်လုပ်တာကို ဒေါက်တာဗမော်ကြီး ဘာမှ လုပ်လို့မရပါ


တကယ်တော့ မြန်မာနိုင်ငံမှာ အများပြည်သူ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ လက်ရှိအစိုးရဟာ၊ ဟိုး ဂျပန်ခေတ်ကာလ ဒေါက်တာဗမော် အစိုးရနဲ့ သိပ်မထူးသလိုပါပဲ။ အဲဒီတုန်းက တိုင်းပြည်ကို တကယ်အုပ်ချုပ်နေသူတွေက ဂျပန်ကင်ပေတိုင်တွေ။ ဒေါက်တာဗမော် အစိုးရက အစိုးရဆိုတာပဲ ရှိတာ။ ကင်ပေတိုင်က ဒေါက်တာဗမော်ကိုတောင် နားရင်းအုပ်လို့ ရချင်ရအုံးမယ်ထင်တယ်။ :D

အခု ၂၀၁၅ အများပြည်သူ ရွေးကောက်ခံအစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့၊ အစိုးရဆန့်ကျင်သူများကို ဖမ်းဆီးမှု၊ ဖိနှိပ်မှု၊ နှိပ်ကွပ်မှု စတဲ့ အဖြစ်အပျက်တွေဟာလည်း၊ ပြည်ထဲရေး၊ နယ်လုံ စတာတွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ပဲ တိုက်ရိုက် သက်ဆိုင်နေတာ တွေ့ရတယ်။ ဒီဌာနတွေကလည်း အများပြည်သူ ရွေးကောက်ခံ အစိုးရ လက်အောက်မှာ ရှိတာမဟုတ်ဘဲ ၂၀၀၈ ခြေဥအရ တပ်မတော်ရဲ့ တိုက်ရိုက် ကွပ်ကဲမှု အောက်မှာပဲ ရှိတာ။ ဒေါက်တာဗမော်ကြီး ဘာမှ လုပ်လို့ မရသလိုပါပဲ။

သမ္မတ ဦးသိန်းစိန် တက်လာတော့၊ စစ်အစိုးရလက်ထက်က နှိပ်ကွပ်မှုမျိုးတွေ သိပ်မရှိဘူး (လက်ပတောင်း ဖြိုခွင်းမှု စသည်အားဖြင့်က လွဲလို့ပေါ့)။ ပြုပြင်ပြောင်းလဲရေး လို့ နာမည်ကောင်း ဟစ်နေချိန်မှာ တပ်ကွပ်ကဲမှုအောက်က သက်ဆိုင်ရာတွေက ဦးသိန်းစိန် နာမည်ကောင်းရဖို့ ငြိမ်ပေးနေတဲ့ သဘောလဲ ပါပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်တွေ၊ ဖော်ထုတ်ခွင့်တွေကို လွှတ်ပေးထားတာ တွေ့ရတယ်။ တချိန်တည်းမှာပဲ လူမျိုးရေး ပဋိပက္ခတွေဖန်တီးမှုနဲ့ အတူ အစွန်းရောက် အမျိုးသားရေး ဝါဒတွေနဲ့ သာမန်လူတွေဆီက မဲရဖို့ ကြိုးပမ်းတာတွေ ရှိလာတယ်။ ခံလိုက်ရတာက အချို့အချို့သော လူ့အသိုင်းအဝိုင်းတွေပါပဲ။ ဒါပေမဲ့ ဘယ်လောက်ပဲ ပေါ်ပြူလာဖြစ်အောင် လုပ်လုပ် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ဘဲ charismatic leader ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မယှဉ်နိုင်ဘဲ အစိုးရအဖြစ်က ဆင်းပေးလိုက်ရတယ်။ အများပြည်သူ ပေးလိုက်တဲ့ မဲနဲ့ ရွေးကောက်ခံ အစိုးရသစ် တက်လာပါတယ်။

ဒီအစိုးရသစ် လက်ထက်မှာ ဦးသိန်းစိန်တုန်းက ငြိမ်နေတဲ့ ပြည်ထဲရေးတို့ နယ်လုံတို့က လွတ်လပ်စွာ ပြောဆိုတာတွေ၊ ဆန္ဒထုတ်ဖော်တာတွေကို ဖမ်းဆီးတာတွေ၊ နှိပ်ကွပ်တာတွေ ခပ်စိပ်စိပ် လုပ်လာတာ မြင်ရတွေ့ရတယ်။ ဒေါက်တာဗမော်ကြီးက ဘာမှ မလုပ်နိုင်ပေမဲ့ အဲဒီ လုပ်ရပ်တွေကို လက်ခံသလား၊ လက်မခံဘူးလားကလည်း မသဲကွဲသလိုပဲ။ ပြည်ထဲရေးနဲ့ နယ်လုံတို့ရဲ့ ရွှေ့ကွက်တွေက အောင်မြင်တာ သွားတွေ့တယ်။ အချို့အချို့ ပြည်သူတွေကို ရွေးကောက်ခံ အစိုးရလက်ထက်မှာ ဒါမျိုးတွေ ပိုဖြစ်လာတယ်လို့ အမြင်ရောက်အောင် ဆောင်ရွက်နိုင်တဲ့ သဘောမှာ ရှိတယ်။ အဓိက ဦးတည်ချက်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ charismatic leader ဒေါ်အောင်ဆန်းစုကြည် ရဲ့ လူထုထောက်ခံမှု ကျဆင်းအောင် လုပ်နေတာမျိုး ဖြစ်ပုံရတယ်။ အပြင်းထန်ဆုံး ဆောင်ရွက်ချက်တော့ ရခိုင်ပြည်နယ်ထဲက လူ့အသိုင်းအဝိုင်းတခုထဲက လူဦးရေ ၆ သိန်းကျော်ကို ပြည်ပသို့ မောင်းထုတ်လိုက်ခြင်းပါပဲ။ လွတ်လပ်ရေး ရချိန်ကစလို့ ပြောရရင် ဒါဟာ အကြီးမားဆုံး လူဦးရေ မောင်းထုတ်မှုပါပဲ။ ဦးနေဝင်းခေတ်နဲ့ နဝတခေတ်မှာ အလွန်ဆုံး နှစ်သိန်းဝန်းကျင်ပဲ ရှိခဲ့ဖူးတော့၊ ရွေးကောက်ခံ အစိုးရလက်ထက်မှာ ဖြစ်ပျက်မှုက အပြင်းထန်ဆုံး အဖြစ်အပျက် ဖြစ်ပါတယ်။ ဒီမောင်ထုတ်မှုရဲ့ အကျိုးဆက်ကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကမ္ဘာ့အလယ်မှာ အကြီးကျယ်ဆုံးသော သိက္ခာကျဆင်းမှုကို ရင်ဆိုင်ရခြင်းပါပဲ။ ပြည်တွင်းက အချို့အချို့သော ပြည်သူတွေဆီမှာလဲ ဒီဖြစ်ရပ်အကြောင်းပြုလို့ မနှိမ်နင်းရကောင်းလားလို့ အငြူစူခံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘေးကျပ်နံကျပ် တော်တော့်ကို ခံလိုက်ရပါတယ်။ ဒေါက်တာဗမော်ကြီး နဲ့ သိပ်မဆိုင်ပေမဲ့ ဒေါက်တာဗမော်ကြီး ခံလိုက်ရတာပါ။

တခုတော့ ရှိပါတယ်။ ဖိနှိပ်မှု ဖမ်းဆီးမှု နှိပ်ကွပ်မှုတွေဟာ ဒေါက်တာဗမော်ကြိးနဲ့ မဆိုင်ဘူးဆိုတာတော့ ဟုတ်ပေမဲ့။ တချို့ကိစ္စတွေမှာ ဒေါက်တာဗမော်ကြီး ကိုယ်တိုင်က အဲဒါမျိုးတွေကို သဘောတွေ့နေရတွေ မြင်ရပါတယ်။ ကွီးဖြိုးတုန်းက တစ်ပူးကို ကိုင်တာတို့၊ ငြိမ်းချမ်းရေး ရုပ်ရှင်ပွဲတော်မှာ စဝ်ကြာဆိုင် ရုပ်ရှင်ကို ပိတ်ပင်တာတို့တွေက ပြည်ထဲရေးနဲ့ နယ်လုံကိစ္စတွေ မဟုတ်ပါဘူး။ ဒေါက်တာဗမော်ကြီး ကိုယ်တိုင်က ကပြတဲ့ ဖြစ်ရပ်တွေပါ။ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ တပ်မတော်မပါဘဲ လုပ်မရဘူးဆိုတာ ဟုတ်ပေမဲ့၊ ဦးခွန်ထွန်းဦးတို့နဲ့ တိုင်းရင်းသား ရင်ကြားစေ့ရေး ကိစ္စတွေမှာ အငြိုးအတေး အာဃာတတွေ ရှိနေတာ တွေက ဒေါက်တာဗမော်ကြီး ကိစ္စတွေပါ။ ဒါမျိုးတွေလဲ ရှိနေလို့ ရှိနေတယ် ထောက်ပြရခြင်းပါ။

ဘာပဲဖြစ်ဖြစ် လက်ရှိ အများပြည်သူ ရွေးကောက်ခံ အစိုးရကတော့ ဒေါက်တာဗမော်ကြီး ပါပဲ။ ကင်ပေတိုင်လုပ်တာကို ဒေါက်တာဗမော်ကြီး ဘာမှ လုပ်လို့မရပါ။

(မကူးရ)

No comments:

Post a Comment